ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးကျင်းပ

===============================================================================================================================

 

နေပြည်တော် စက်တင်ဘာ ၁

 

ရခိုင်ပြည်နယ်တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ် အားလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ဗဟိုနှင့် တိုင်းဒေသကြီး/ပြည်နယ်တာဝန်ရှိသူများ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နေပြည်တော်ရှိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတွင် ပြုလုပ်သည်။

 

ရှုထောင့်အသီးသီး စဉ်းစား

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိ တွင် ကိုဗစ်-၁၉ သည် အချိန်တိုအတွင်း လျင်မြန်စွာ ကူးစက် ပြန့်ပွားလျက်ရှိရာ မိမိတို့အနေဖြင့် အဆိုးဆုံးသောအခြေ အနေ (worst case scenario) ကို မျှော်မှန်းကာ ရရှိသော အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချပြီး တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခြေအနေမှာ အရေးကြီးသည့် လမ်းဆုံလမ်းခွအခြေအနေတစ်ခုသို့ ရောက်ရှိနေသဖြင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်မှသာ ဤကပ်ရောဂါကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် မိမိ တို့သည် ကျန်းမာရေးကဏ္ဍ ရှုထောင့်တစ်မျိုးတည်းမှ မကြည့်ဘဲ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် ရှုထောင့်အသီးသီးတို့ကိုပါ ထည့်သွင်းစဉ်းစားကာ ဗဟို ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကပ်ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာန သည် ဗဟိုကော်မတီမှ ချမှတ်လမ်းညွှန်ထားသော လုပ်သင့် လုပ်ထိုက်သည့်အချက်များအား ဆောင်ရွက်လျက်ရှိပြီး ပါဝင်ဆောင်ရွက်နေသူများအားလုံးအား အသိအမှတ်ပြုပါ ကြောင်း၊ လက်တွေ့မြေပြင်အခြေအနေ၌ ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို ပီပြင်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုနှင့် ပံ့ပိုးမှုသည် မရှိမဖြစ် အရေးကြီးသည် ဆိုသည့်အချက်ကို သတိပြုရမည်ဖြစ်ပါ ကြောင်း၊ ယခုရောက်ရှိနေသော ကပ်ရောဂါ၏ အခြေအနေ နှင့် အဆင့်တွင် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများ အားလုံးအား အမြန်ဆုံးရှာဖွေဖော်ထုတ်ခြင်းသည် အဓိက အကျဆုံးနှင့် အရေးအကြီးဆုံးနည်းဗျူဟာ ဖြစ်ပါကြောင်း။

 

ရခိုင်ပြည်နယ်မှ အခြားနေရာဒေသများသို့ ခရီးသွား လာခဲ့သူတစ်ဦးချင်းအား ဝန်ကြီးဌာနမှ ဆရာဝန်များက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာကန့်သတ်မှုခံယူရန် အကြောင်းကြားလျက်ရှိ သဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါ ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ယာယီစခန်းများ၊ ပြန်လည် လက်ခံရေးစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် ရောဂါ ဖြစ်ပွားမှုမရှိစေရန်အတွက် ကာကွယ်ရေးလုပ်ငန်များနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို အထူးကိစ္စ တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ပျံ့နှံ့မှု အရှိန် အဟုန်နှင့် ပျံ့နှံ့မှုလားရာတို့ကို အသေးစိတ်သုံးသပ်လျက် ရှိပါကြောင်း၊ ဤဌာနခွဲအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ကူးစက်ရောဂါတိုက်ဖျက်ရေး တာဝန်ရှိသူများ နှင့် နေ့စဉ်ချိတ်ဆက် ဆွေးနွေးတိုင်ပင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တွေ့ရှိရသော သတင်းအချက်အလက်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရမည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များနှင့် ပံ့ပိုးဆောင်ရွက်ရမည့်အချက်များကို အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအကြီးအကဲများထံ တင်ပြ ရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ ကို ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ဝန်ကြီးဌာန  အတိုင်း အတာနှင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက ဗဟိုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းများနှင့် စက်ကိရိယာများအား အထူးလေယာဉ် များဖြင့် ဆက်တိုက်ပို့ဆောင်လျက်ရှိပါကြောင်း၊ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုးရှိသူများကို ဖော်ထုတ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများအား ထပ်မံ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

အသိပေးမှု တိုးမြှင့်

 

လက်ရှိရေးဆွဲထားသည် လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများကိုလည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ ပုံစံများ၊ ပြောင်းလဲလျက်ရှိသော ရောဂါလက္ခဏာများ စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး မွမ်းမံရေးဆွဲကာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးလျက်ရှိပါ ကြောင်း၊ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမည့် ကာလ၊ ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးခြင်းနှင့် ဆေးရုံဆင်းခွင့်ပေးခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်များအပေါ်အခြေခံပြီး သက်ဆိုင်ရာ ပညာရှင်အသီးသီးနှင့် ဆွေးနွေးတိုင်ပင်ကာ ပြုပြင်မွမ်းမံမှု များ ပြုလုပ်ပြီး ဖြန့်ဝေလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနည်းပါးသော တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများအနေဖြင့် ကိုဗစ်-၁၉ လူနာများ များပြားလာနိုင် သည်ဟူသော ခံယူချက်ကိုနောက်ခံထား၍ စောင့်ကြည့် လူနာများအား စနစ်တကျထားရှိရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များကို ဆန်းစစ်သုံးသပ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်မည့်ကာလ အတို၊ အရှည်သည် ပြည်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်မှုနှင့် စည်းကမ်းလိုက်နာမှုတို့ အပေါ်၌ အဓိကမူတည်နေပါသဖြင့် ရပ်ကွက်၊ ကျေးရွာများ တွင် အသံချဲ့စက်များအသုံးပြုကာ ပြည်သူများအား အသိပေးနှိုးဆော်မှုများကို တိုးမြှင့်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် စစ်တွေမြို့သို့ရောက်ရှိနေသည့် ဗဟိုကွင်းဆင်းအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က ရောဂါပျံ့နှံ့မှု အတိုင်းအတာနှင့် ပျံ့နှံ့မှုပုံသဏ္ဌာန်များကို သိရှိနိုင်ရန် စစ်တွေမြို့မှ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ များပြား သူများအား ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ rapid test kit ဖြင့် ပဋိပစ္စည်းများ ရှိ၊ မရှိ စစ်ဆေးမှုအခြေအနေများနှင့် test positive တွေ့ရှိသူများအား PCR စနစ်ဖြင့် ထပ်မံ စစ်ဆေးသွားမည့်အစီအစဉ်၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက် နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ခြုံငုံသုံးသပ်ချက်များကို လည်းကောင်း။

 

စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဆေးရုံကြီး၌ ကိုဗစ်-၁၉ လူနာများအား ကုသပေးနေရမှု၊ လူနာများ၏ အခြေအနေများ၊ အထူးကြပ်မတ်ကုသဆောင် နှင့် အသက်ရှူစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် လူနာတွေ့ရှိမှု၊ ကုသမှုအခြေအနေ များ၊ အသွားအလာကန့်သတ်မှု အခြေအနေများကို လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ယနေ့နံနက်ပိုင်းတွင် ကုသရေးပါမောက္ခများနှင့် ဆွေးနွေးတိုင်ပင်ခဲ့မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဖောင်ကြီး)ကို လူနာများ သက်သောင့်သက်သာကုသမှုခံယူနိုင်သည့် လေအေးစက် ပါဝင်သည့်၊ အောက်ဆီဂျင်ပေးနိုင်သည့် တစ်ဦးချင်းလူနာ ခန်းများ၊ စက်ကိရိယာစုံလင်သည့် အထူးကြပ်မတ်ကုသ ဆောင်များကဲ့သို့ ကုသမှုပိုင်းဆိုင်ရာသာမက ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားပံ့ပိုးကူညီသူများ နေထိုင်ရေး၊ လုပ်ငန်းများ ကြီးကြပ်ရေး၊ လုံခြုံရေး၊ အင်တာနက် ဆက်သွယ်ရေး၊ ကျွေးမွေးရေးစသည်ဖြင့် ပြင်ဆင်ထားရှိမှု အခြေအနေများအား လည်းကောင်း။

 

ဖြေကြားခြင်း မရှိ

 

အစည်းအဝေးသို့တက်ရောက်လာသည့် ဆေးပညာ ပါမောက္ခ/ ဌာနမှူးများနှင့် အပူပိုင်းနှင့် ကူးစက်ရောဂါပညာ ပါမောက္ခ/ ဌာနမှူးများက ဆေးပညာရှင်များအချင်းချင်း ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်တိုင်ပင်ကာ ကိုဗစ်-၁၉ လူနာ များအား ကုသပေးနေမှုများအားလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေး တင်က ဓာတ်ခွဲစစ်ဆေးမှုများကို PCR စက်များဖြင့် စစ်ဆေး ခြင်းအပြင် GeneXpert စက်များဖြင့်အသုံးပြုကာ တိုးမြှင့် စစ်ဆေးနေမှု အခြေအနေများနှင့် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်တို့က ရခိုင်ပြည်နယ်မှ အခြားနေရာ ဒေသများသို့ ခရီးသွားလာခဲ့သူတစ်ဦးချင်းအား ကျန်းမာရေး ဝန်ထမ်းများက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကျန်းမာရေး စစ်ဆေးမှုနှင့် အသွားအလာကန့်သတ်မှုခံယူရန် ပြောကြား နေမှုအခြေအနေများနှင့် ထိုသို့ဆက်သွယ်ရာတွင် အဆိုပါ ခရီးသည်များနှင့် ခရီးသွားဝန်ဆောင်သူ အချို့က တယ်လီဖုန်း မကိုင်မှု၊ ကိုင်ပြီးနောက် ဖုန်းချခြင်းနှင့် ပိတ်ထားခြင်းများ ပြုလုပ်မှုတို့အပြင် ကောင်းမွန်စွာ ပြန်လည်ဖြေကြားခြင်း မရှိမှုများကိုလည်းကောင်း။

 

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာတိုးသီရိအောင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအား ခြုံငုံ သုံးသပ်မှုများကိုလည်းကောင်း၊ သံတွဲပြည်သူ့ဆေးရုံနှင့် ကျောက်ဖြူပြည်သူ့ဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများက ဆေးရုံအလိုက် ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးနေမှု များနှင့် လူနာများ၏ အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူ များက အထွေထွေတင်ပြမှုနှင့် ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးပြုလုပ်ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ ပုံစံများ၊ ပြောင်းလဲလျက်ရှိသော ရောဂါလက္ခဏာများ စသည်တို့အား ထည့်သွင်းစဉ်းစားကာ အသွားအလာ ကန့်သတ်ခြင်း၊ ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးခြင်း နှင့် ဆေးရုံဆင်းခွင့်ပေးခြင်း စသည်တို့နှင့်ပတ်သက်၍ လက်ရှိရေးဆွဲထားသည့် လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံး လုပ်နည်းများကို မွမ်းမံရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

 

 

သတင်းစဉ်