ရှမ်းပြည်နယ် ရဲမှူးချုပ်နှင့်တာဝန်ရှိသူများက ဟိုပုံးမြို့နယ်၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

 

ဟိုပုံး    ဧပြီ    ၃


ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့နယ်တွင် ရေသွင်းစိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများကို ယနေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ထိုသို့ဖျက်ဆီးရာတွင် ရှမ်းပြည်နယ် ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီ ညီညီတင်၊  ဟိုပုံးတပ်နယ်မှ ဗိုလ်ကြီး ကျော်ကျော်ထက်နှင့် တပ်ဖွဲ့ဝင်များ၊    မူးယစ်တပ်ခွဲ (၂)  တောင်ကြီးမှ    ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်နှင့်   တပ်ဖွဲ့ဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့မှူး (ဟိုပုံး)  ရဲမှူး  စိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာနနှင့် တာဝန်ရှိသူများ စုစုပေါင်း အင်အား ၆၁ ဦးတို့သည် စံဖူးကျေးရွာ အုပ်စု လိုက်ကန်ကျေးရွာ၏ မြောက်ဘက် နှစ်ဖာလုံခန့်အကွာ ရေသွင်း စိုက်ပျိုးထားသည့် အမြင့် သုံးပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း နှစ်ဧက ကိုလည်းကောင်း၊   လုံဟေးကျေးရွာအုပ်စု   လိုက်ကတူးကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ ရေသွင်းစိုက်ပျိုးထားသည့် အမြင့် သုံးပေ ခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း သုံးဧကကိုလည်းကောင်း၊ လုံဟေးကျေးရွာ အုပ်စု  လိုက်ကတူးကျေးရွာ၏  အနောက်မြောက် တစ်မိုင်ခန့်အကွာ   ရေသွင်းစိုက်ပျိုးထားသည့် အမြင့် သုံးပေခန့်ရှိ  သီးပွင့်ဆဲဘိန်းစိုက်ခင်း   လေးဧကကိုလည်းကောင်း၊ လုံဟေးကျေးရွာအုပ်စု တုပ်ဆောက်ကျေးရွာ ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ ရေသွင်းစိုက်ပျိုးထားသည့် အမြင့် သုံးပေခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း နှစ်ဧကကိုလည်းကောင်း  စုစု‌ပေါင်း ၁၁  ဧကဖျက်ဆီးခဲ့ကြောင်း သိရသည်။      

ပအိုဝ်းဒေသ(ပြန်/ဆက်)