ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဘိန်းဖြူ ၁၆ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၂ သိန်းကျော် သိမ်းဆည်းရမိ

 

နေပြည်တော်  အောက်တိုဘာ  ၁၆ 


ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ  ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များပါဝင်သော       ပူးပေါင်းအဖွဲ့သည်    အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရှမ်းပြည်နယ်  (မြောက်ပိုင်း)   နောင်ချိုမြို့အဝင် မန္တလေး-လားရှိုးသွားကားလမ်း  မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင်   သီပေါမှ    မန္တလေးဘက်သို့ အောင်လင်း (၂၈ နှစ်) မောင်းနှင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၃၆၀၀ ကျော် တန်ဖိုးရှိ ဆပ်ပြာခွက် ၁၆၆၁ ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ  ၁၆ ဒသမ ၆၁ ကီလိုနှင့်   စိတ်ကြွရူးသွပ်ဆေးပြား   ၂ ဒသမ ၂၈ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ   မူးယစ်ဆေးဝါး များကို ရှမ်းပြည်နယ် (မြောက်ပိုင်း)   သီပေါမြို့နယ်မှ   မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့်   ၎င်းအား  ဥပဒေအရ   အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  


သတင်းစဉ်