
နေပြည်တော် ဇူလိုင် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၇၂ တုံး (အလေးချိန် ၂၃ ဒသမ ၉၈ ကီလို) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သိမ်းဆည်းရမိ
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ ချိန်ဟုပ် မောင်းနှင်ပြီး မရှိန်ဟွယ် လိုက်ပါလာသည့် Crown Royal Saloon မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၇၂ တုံး (အလေးချိန် ၂၃ ဒသမ ၉၈ ကီလို) သိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်