
ရှမ်းရွာသစ် ဇူလိုင် ၂၇
ကရင်ပြည်နယ် ရှမ်းရွာသစ်မြို့တွင် ဇူလိုင် ၂၅ ရက်မှစ၍ မိုးများ အဆက် မပြတ်ရွာသွန်းလျက်ရှိရာ တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှု ကြောင့် ချောင်းရေများမြင့်တက်ပြီး ရင်းဘိုင်းကျေးရွာအုပ်စုနှင့် မဲလရော ကျေးရွာအုပ်စုရှိ တောင်သူများ၏လယ်ယာမြေများတွင် ရေကြီးနစ်မြုပ် မှုများဖြစ်ပေါ်လျက်ရှိသည်။
ရှမ်းရွာသစ်မြို့သည် မြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု ကိုးအုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးသည်းထန်စွာရွာသွန်းသည့်အခါ ချောင်းရေလျှံခြင်းများဖြစ်ပေါ်မှုကြောင့် ရင်းဘိုင်းကျေးရွာအုပ်စုနှင့် မဲလရောကျေးရွာအုပ်စုရှိ တောင်သူ ၈၅ ဦးပိုင် လယ်ယာ ၄၁၇ ဧက ရေများနစ်မြုပ်လျက်ရှိကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းပြီး လိုအပ်သည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပေါင်းစပ်ကူညီပေးလျက်ရှိကြောင်း သိရသည်။
မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး တောင်ကျရေများ တိုက်စားမှုကြောင့် ရှမ်းရွာသစ်မြို့နှင့် မဲကတောခီးကျေးရွာကို ဆက်သွယ်ထားသည့် အရှည်ပေ ၃၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေ ရှိသော သံခင်းသံကာကွန်ကရစ် တံတားတစ်စင်းချဉ်းကပ်လမ်းပြိုကျ ပျက်စီးခဲ့သည်။အကျယ်ပေ ၂၀ ခန့် ပြိုကျပျက်စီးခဲ့ကြောင်း၊ အဆိုပါချဉ်းကပ်လမ်းပျက်စီးမှုကြောင့် ကျေးရွာနေဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ရေဘေးအန္တရာယ်ကျရောက်ပါက လိုအပ်သည် များဆောင်ရွက်ရန်အတွက် ကော်မတီအဖွဲ့များဖွဲ့စည်းထားပြီး ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)