
နေပြည်တော် ဩဂုတ် ၁၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံး အမှတ်(၁) ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဂတိ လိုက်စားမှုဆိုင်ရာ အသိပညာနှင့် တားဆီး ကာကွယ်ရေးလုပ်ငန်း သည် အရေးကြီးသော လုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလုပ်ငန်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များအား ဝန်ဆောင်မှု ပေးရသည့် ဌာနဖြစ်သည့်အတွက် အဂတိတရားများ ကင်းရှင်းစေရန် အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းများကို ထိရောက် စွာ ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများကို အဂတိလိုက်စားမှု ကင်းစင်စေမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု မြင့်မားလာစေမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကို ကျူးလွန်ပါက အဂတိလိုက်စား မှုတိုက်ဖျက်ရေး ဥပဒေအရ အရေး ယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ် သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ် သောကြောင့် ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း။
ဝန်ထမ်းများသည် အများ ပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဖြောင့်မတ် တည်ကြည်မှုရှိရန်၊ တာဝန်ယူ / တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ၊ အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ ဆွေးနွေးပွဲမှရရှိသည့် အသိ အမြင် ဗဟုသုတများဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း စဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက် ကာ အဂတိတရားကင်းစင်သည့် ဝန်ကြီးဌာနဖြစ်စေရေး ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင် တင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်စုံစမ်းစစ်ဆေးရေး ကဏ္ဍ များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိ လိုက်စားမှု၏ သဘောသဘာဝ များ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရ ခြင်း အကြောင်းရင်းများ၊ အဂတိ လိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေး ကဏ္ဍများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြကာ တက်ရောက်လာသူများ ၏ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့် ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက် များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားသို့ ဒုတိယဝန်ကြီးဒေါက်တာ ဝါဝါမောင်၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများက လူကိုယ်တိုင်နှင့် Online တို့ဖြင့် တက်ရောက်ကြ သည်။ သတင်းစဉ်