
နေပြည်တော် နိုဝင်ဘာ ၁၈
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း၊ Preferred Bidder ကြေညာနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအတွက် ရန်ကုန်မိုးပျံ အမြန် လမ်းနှင့် ရန်ကုန်မြို့တော် အပြင် ပတ်လမ်း စီမံကိန်း ဦးဆောင် ကော်မတီ၏ စတုတ္ထအကြိမ် အစည်း အဝေးကို ယနေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း ဦးဆောင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင် ၊ ဦးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက နေပြည်တော်မှ တက်ရောက်ကြပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်တို့က ရန်ကုန်မြို့မှ Zoom Meeting ဖြင့် တက်ရောက်ကြသည်။
ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်မည်
ရှေးဦးစွာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာန အနေ ဖြင့် ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှု ဖြေလျော့စေရန်နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၇ ဒသမ ၅ ကီလိုမီတာ အရှည်ရှိ ရန်ကုန်မိုးပျံ အမြန်လမ်းအပိုင်း(၁)ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ပူးပေါင်းပြီး PPP စီမံကိန်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ကြီးမား သည့် စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်း အပိုင်း(၁)အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည် ဟု ခန့်မှန်းထားပါကြောင်း။
ရန်ကုန်မိုးပျံ အမြန်လမ်းစီမံ ကိန်း၏ စီမံကိန်းအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC)က ဆောင်ရွက်လျက်ရှိပြီး တင်ဒါ လုပ်ငန်းစဉ် (Bidding Process) များအနေဖြင့် စီမံကိန်းစိတ်ဝင်စားမှု အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် မေလ တွင် ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၅ ခုမှ အဆိုပြုလွှာ တင်သွင်းခဲ့ပါကြောင်း၊ စီမံကိန်းအရည်အချင်းစစ် အဆိုပြု လွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ခေါ်ယူခဲ့ရာ Consortium နှင့် ကုမ္ပဏီ အဖွဲ့ ၁၂ ဖွဲ့ လျှောက်ထားလာပြီး အကြိုအရည်အချင်းစစ် အောင်မြင် သည့် ကုမ္ပဏီ ၁၀ ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပါ ကြောင်း။
ဆုံးဖြတ်ချက်များရယူ
တင်သွင်းလာသည့် စီမံကိန်း အဆိုပြုလွှာများ၏ Technical and Financial Proposal အချက်အလက် များကို (IFC)အဖွဲ့မှ အသေးစိတ် စစ်ဆေးခြင်း (Evaluation) လုပ်ငန်း များကို အဆင့်ဆင့်ဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာများကို တင်ပြခဲ့ပါကြောင်း၊ (Evaluation Report )ပါ အချက်အလက်များကို ယနေ့ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ် ချက်များရယူသွားမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး ဆုံးဖြတ်ချက် များကို အခြေခံပြီး စီမံကိန်း၏ Preferred Bidder အဖြစ် ထုတ်ပြန် ကြေညာမည် ဖြစ်သည့်အတွက် အတည်ပြုဆုံးဖြတ်ရမည့် အချက် များကို ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးစေလို ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်မိုးပျံ အမြန် လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ် လမ်းစီမံကိန်း ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရန်ကုန်မြို့ လက်ရှိဖြစ်ပေါ်နေမှုနှင့် နောင်ဖြစ်ပေါ် လာနိုင်မည့်အခြေအနေ၊ ယာဉ်ကြော ပိတ်ဆို့မှုများ ကြုံတွေ့ခံစားနေရမှုနှင့် ဖြေရှင်းရန် နည်းလမ်းများ၊ ရန်ကုန် မိုးပျံအမြန်လမ်း စီမံကိန်းအတွက် တင်သွင်းလာသော စီမံကိန်းအဆိုပြု လွှာများ ၊ အကဲဖြတ်မှုနှင့် ဆုံးဖြတ်ရန် အချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြသည် ။
ယင်းနောက် တက်ရောက်လာ ကြသည့် ဦးဆောင်ကော်မတီ အဖွဲ့ဝင် များက စီမံကိန်းလုပ်ငန်းများ အမြန် ဆုံး အကောင်အထည်ဖော်နိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန များက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးကြပြီး ရန်ကုန်မိုးပျံ အမြန် လမ်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် များကို အတည်ပြုပေးခြင်း၊ မှတ်တမ်း တင်ခြင်းများဆောင်ရွက်ပြီး ဦးဆောင် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာ စကားပြောကြားသည်။
၂၇ ဒသမ ၅ ကီလိုမီတာ အရှည်ရှိ
ရန်ကုန်မိုးပျံ အမြန်လမ်းစီမံ ကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ Phase - 1 အဖြစ် အရှေ့ ဘက်ခြမ်း လေးလမ်းသွား လမ်းမကြီး ၁၉ ကီလိုမီတာ ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ၆ ကီလိုမီတာ ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာ အရှည် ရှိသည်။
ဤစီမံကိန်းကို ဆောင်ရွက်ခြင်း အားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံ နေရသော ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချပေးနိုင်မည့်အပြင် နိုင်ငံတော် ၏ စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်ကာ ပြည်သူလူထု၏ လူနေမှု ဘဝလည်း မြင့်မားလာမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်