
နေပြည်တော် ဩဂုတ် ၂
လက်ရှိမိုးရာသီကာအတွင်း ဇူလိုင် ၂၇ ရက်မှစ၍ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း မိုးသည်းထန်စွာရွာသွန်း လျက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့ မီးရထား၏ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာ နှင့် ဘုရားကြီးဘူတာအကြားနှင့် ပဲခူး - မော်လမြိုင် လမ်းပိုင်းရှိ ပဲခူးဘူတာ - ကလိဘူတာအကြား တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် - ဟင်္သာတ - ကြံခင်းရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာ အချို့တွင်လည်းကောင်း ရထား သံလမ်းအပေါ်သို့ ရေကျော်တက် ခြင်း၊ ရထားတံတားအချို့၏ ရေလယ်တိုင်နှင့် ကမ်းကပ်ခုံ များ ရေတိုက်စားခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရသဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန် - မော်လမြိုင်နှင့် ပုသိမ်-ဟင်္သာတ-ကြံခင်းရထား ခရီးစဉ်များကို ယာယီဖျက်သိမ်း ထားကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်သည်။
မြန်မာ့ မီးရထားအနေဖြင့် ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည့် သဘာဝ ဘေးအန္တရာယ်ကြောင့် ယာယီ ပိတ်ထားရသည့် ရေကျော်စီးဆင်း နေသောနေရာများတွင် ရေကင်း စောင့် ဝန်ထမ်းများ နေ့/ည မပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေကျသွားသည့် ပဲခူး - ဘုရားကြီး ရထားလမ်းပိုင်းအတွင်း မြန်မာ့ မီးရထား တာဝန်ရှိသူများနှင့် လုပ်သားများက ကျောက်ရထား နှင့် သံလမ်းပြေးယာဉ် RGC များ အသုံးပြု၍ ကျောက်ကြီးများ ချခြင်း၊ ရထားလမ်းနှင့်တံတား များ၏ ကြံ့ခိုင်ရေးလုပ်ငန်းများကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၁ ရက် အထိ နေ့စဉ်ဆောင်ရွက်ခဲ့ကြ သည်။
ယနေ့ဩဂုတ် ၂ ရက် တိုင်းတာ စစ်ဆေးချက်များအရ ပဲခူးဘူတာ ယာဒ်ဝင်းတွင် ရေများပြန်လည် ကျဆင်းသွားပြီး ယာဒ်ဝင်း အစုန်ဘက် တံတားအမှတ်(၆၀)အနီးတွင် သံလမ်းမျက်နှာပြင် အောက် သုံးလက်မခန့်သို့ လည်း ကောင်း၊ ပဲခူး-ဘုရားကြီးအကြား အဆန်လမ်းဘက်တွင် သံလမ်း မျက်နှာပြင်အောက် နှစ်ပေ ခုနစ် လက်မနှင့် အစုန်လမ်းဘက်တွင် လေးပေ နှစ်လက်မအထိ ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သဖြင့် ရထားလမ်းပိုင်း တာပေါင်များ အား စစ်ဆေးမှုအရ ရထားများ ဖြတ်သန်း စေလွှတ်နိုင်ပြီဖြစ်၍ ရန်ကုန် - မန္တလေး ရထားလမ်း အတွင်း ပဲခူး - ဘုရားကြီးအကြား လမ်းပိုင်း၊ ရန်ကုန် - မော်လမြိုင် ရထားလမ်းအတွင်း၊ ပဲခူး - ကလိ အကြား လမ်းပိုင်းများအတွင်း ကျောက်ရထား၊ ကုန်ရထားနှင့် သံလမ်းပြေးယာဉ် RGC များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပြီး ယနေ့ နံနက် ၆ နာရီ ၅ မိနစ်တွင် လမ်းပိုင်း ပြန်လည်ဖွင့်လှစ်၍ ကုန်ရထား များကို ယနေ့မှစ၍ စတင်ပြေးဆွဲ ခွင့်ပြုခဲ့သည်။
ထို့နောက် ရေနစ်မြုပ်ခဲ့သည့် ပဲခူးဘူတာယာဒ်ဝင်း၊ တံတား အမှတ်(၆၀)နှင့် ရထားလမ်းပိုင်း များ၏ တံတားနှင့် လမ်းပိုင်း ကြံ့ခိုင်မှုများ အသေးစိတ်ထပ်မံ စစ်ဆေးခြင်း၊ လိုအပ်သည့် ကြံ့ခိုင် ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဩဂုတ် ၃ ရက်မှစတင်၍ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် လူစီး စာပို့ရထား၊ အမှတ် (၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန် ရထား၊ အဆန်အထူး၊ အစုန်အထူး အမြန်ရထားနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် အမှတ်(၈၁)အဆန်၊ အမှတ်(၈၂)အစုန် စသည့်လူစီးအမြန်ရထား များကို ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ် - ဟင်္သာတ - ကြံခင်း ရထားလမ်းပိုင်းအတွင်း ရေများ ပြန်လည် ကျဆင်းသွားပါက ရထားလမ်းနှင့် တံတားများ ကြံ့ခိုင်မှုတို့ကို အသေးစိတ် စစ်ဆေးဆောင်ရွက်ပြီး ရထား များ အမြန်ဆုံးပြန်လည် ပြေးဆွဲ ပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်