
ရန်ကုန် ဇူလိုင် ၁၀
ယနေ့ နံနက် ၈ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ် အတွင်း၌ မောင်းသူအပါအဝင် ခရီးသည် ၁၇ ဦး တင်ဆောင်လာ သော သမ္ဗန်တစ်စင်းသည် ကျောက်တင်သင်္ဘောနှင့် တိုက် မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ သည်။
ကြည့်မြင်တိုင်မြို့နယ် တစ် ဖက်ကမ်း ဆိပ်ကြီးဦးမြ၊ ငါးစင် ရပ်ကွက်နေ ဦးဇော်လင်း (၃၇)နှစ် မောင်းနှင်လာသည့် ခရီး သည် ၁၀ ဦးသာ တင်ဆောင်ခွင့် ရှိသည့် စက်တပ်သမ္ဗန်ပေါ်တွင် ခရီးသည် ၁၁ ဦး၊ ကျောင်းသား လေးဦး၊ ကျောင်းသူ တစ်ဦးတို့ကို တင်ဆောင်၍ ဆိပ်ကြီးဘက်ကမ်း မှ ဗားကရာဆိပ်သို့ မောင်းနှင် လာစဉ် လှိုင်မြစ်လယ်အရောက်၌ ရှမ်းရိုးမအမည်ရှိ ကျောက်တင် သင်္ဘောနှင့်တိုက်မိပြီး သမ္ဗန်မှာတိမ်းမှောက်မှုဖြစ်ခဲ့သည်။
သမ္ဗန်တိမ်းမှောက်စဉ် အနီး ရှိသင်္ဘောများ သမ္ဗန်များ ဝိုင်းဝန်း ကယ်ဆယ်ရေးများ ဆောင်ရွက် နေစဉ် သတင်း ရလျှင်ရချင်း နံနက် ၈ နာရီ ၁၁ မိနစ်၌ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် များက ကယ်ဆယ်ရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ပေး ကြသည်။
ပူးပေါင်းကယ်ဆယ် ဆောင် ရွက်မှုကြောင့် ဦးဇော်လင်း အသက် (၃၇)နှစ်၊ ဦးလှမျိုးအောင် အသက်(၂၉)နှစ်၊ ဦးဇော်မျိုးပိုင် အသက်(၂၃)နှစ်၊ မောင်သက်ပိုင်စိုး အသက်(၁၇)နှစ်၊ မစုစုပို့ အသက် (၁၉)နှစ်၊ ဒေါ်မာမာဆွေ အသက် (၃၃)နှစ်၊ ဇင်သူအောင် အသက် (၁၅)နှစ်၊ မောင်သူထူးစံ အသက် (၁၅)နှစ်( Grade 6,ကျောင်းသား)၊ မောင်မင်းသန့်ဇင် အသက်(၁၅)နှစ်၊ (Grade 6, ကျောင်းသား)တို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး၊ ဦးလှမျိုးအောင်၊ ဒေါ်မာမာဆွေ၊ မောင်ဇင်သူအောင်တို့ကို ရင်ဘတ် အောင့်ခြင်း၊ ခေါင်းမူး၊ အော့အန် ခြင်းတို့ကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လူမှုကူညီရေးကား ဖြင့် ပို့ဆောင်ကူညီပေးခဲ့သည်။
ကျန်ရှိနေသေးသည့် ကျောင်း သားနှစ်ဦး၊ ကျောင်းသူ တစ်ဦး၊ ခရီးသည်ကျား နှစ်ဦး၊ မ နှစ်ဦး၊ စုံစမ်းဆဲ တစ်ဦး စုစုပေါင်း ရှစ်ဦး အား ကမ်းခြေစောင့်တပ်ဖွဲ့ဝင် များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်ရာသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ ရောက်ရှိပြီး ကြီးကြပ်ကွပ်ကဲမှု များပြုလုပ်ပေးခဲ့သည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)