ရန်ကုန်မြို့အနီးမှာ သဘာဝဆန်ဆန် အပန်းဖြေနိုင်မယ့် မှော်ဘီမြို့က သစ်လုံးခြံနဲ့ ပန်းတစ်ပွင့်တောင်

 

ယဉ်လာဒ်

ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့  တစ်ပတ်တာ မောပန်းသမျှတွေပြေစေဖို့ ပိတ်ရက်မှာ Staycation  နေထိုင်နိုင်ဖို့သာမက   ညအိပ်အပန်းဖြေချင်သူတွေ အတွက်လည်း ညအိပ်အပန်းဖြေစရာ နေရာတစ်ခု ဖြစ်အောင် ဖန်တီးပေးထားတဲ့ မှော်ဘီမြို့နယ်က သစ်လုံးခြံလို့ အမည်ပေးထားတဲ့ Fun First Hmawbi Resort   ဆီကို      သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့  ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသား ဖော်ပြလိုက်ရပါတယ်။ 
သစ်လုံးခြံဆီကို မှော်ဘီမြို့နယ်  ဆည်မြောင်း လမ်း ကျောက်ကာကွင်း အောက်ချိုင့်မှတ်တိုင်မှာဆင်းပြီး သွားရောက်လည်ပတ်နိုင်ပါတယ်။ ဥရောပ ပုံစံ တည်ဆောက်ထားတဲ့ တိုက်ဖြူဖြူလေးနဲ့ ပနံသင့် လှပနေတဲ့    ရေကူးကန်ရယ်၊     သီးသန့်ဆန်ဆန် ခြံကျယ်ကြီးထဲမှာ  အပန်းဖြေလာရောက်လည်ပတ်ဖို့ ကျယ်ဝန်းလှပတဲ့ ခြံကျယ်ကြီးထဲမှာ နားခိုစရာနေရာ လေးတွေအပြင် တည်းခိုစရာ အဆောက်အဦလေး တွေပါ ပါဝင်တည်ဆောက်ထားတာမို့ မြို့ပြနဲ့မလှမ်း မကမ်းမှာ အနားယူ အပန်းဖြေချင်သူတွေအတွက် အကြိုက်တွေ့စေမယ့်နေရာလေး ဖြစ်ပါတယ်။ 
ဒါ့အပြင်   မြက်ခင်းပြင်ကျယ်ကြီးလည်းရှိပြီး လူကြီးတွေအတွက် ရေကူးကန်အပြင် ကလေးငယ် တွေအတွက်ပါ ရေကူးကန်  သပ်သပ်ရှိသေးတာမို့ အဆင်ပြေစေပါတယ်။  
ပက်ကေ့ချ်နှစ်မျိုးရှိ
‘‘သစ်လုံးခြံကို ဖွင့်ထားတာ တစ်လခွဲလောက်ပဲ ရှိပါသေးတယ်။   အဓိကကတော့     နေဖို့လုပ်ရင်း နောက်ပိုင်း ဧည့်သည်တွေလည်း အနားယူစေနိုင်မယ့် နေရာလေးတစ်ခုလို လုပ်ဖြစ်သွားတာပါ။ နေ့ချင်းပြန် ပက်ကေ့ချ်အနေနဲ့ တစ်ဦးကို ဝင်ကြေး  ကျပ် ၁၅၀၀၀ ကျသင့်မှာဖြစ်ပြီး ထမင်းဖြူနဲ့  ကော်ဖီတိုက်တယ်။ ရေကူးလို့လည်းရပါတယ်။       သီချင်းဆိုရတာ ကြိုက်တဲ့သူတွေအတွက် နှစ်နာရီဆိုလို့ရပါတယ်’’လို့ သစ်လုံးခြံမှ တာဝန်ရှိသူက စာရေးသူကို ပြောပါ တယ်။ 
ညအိပ်ပက်ကေ့ချ်အနေနဲ့  တစ်ဦးကို ဝင်ကြေး အပါအဝင် ကျပ် ၃၅၀၀၀    ဖြစ်ပြီး   ကိုယ်ကြိုက် နှစ်သက်တဲ့ ပက်ကေ့ချ်ကို ရွေးချယ်ကာ အပန်းဖြေ နိုင်ပါတယ်။ နေ့ချင်းပြန် လည်ပတ်သူတွေအတွက် သတ်မှတ်ချိန်က မနက် ၈ နာရီကနေ ညနေ ၅ နာရီ အထိဖြစ်ပြီး ညအိပ်လည်ပတ်သူတွေအတွက်တော့ မွန်းလွဲ ၂ နာရီကနေ နောက်နေ့   ၁၂  နာရီအထိ သတ်မှတ်ထားပါတယ်။ 
နေ့ချင်းပြန်လည်ပတ်သူတွေအတွက် ရေကူးခွင့်၊ သီချင်းဆိုခွင့်၊ စားပွဲတင်တင်းနစ်ကစားခွင့်၊ ဘန်ဂလို အနားယူခွင့်တွေပါဝင်ပြီး ညအိပ်လည်ပတ်သူတွေ အတွက်တော့   အထက်ပါအခွင့်အရေးတွေအပြင် မနက်စာလည်း   အပိုပါဝင်ပါတယ်။   နေ့ချင်းပြန် လည်ပတ်သူတွေအနေနဲ့ အခန်းတည်းခိုနားချင်ရင် ၁၀ ယောက်ခန်း အခန်းကျယ်ကြီးတစ်ခန်းကို ကျပ် ငါးသောင်းနဲ့ သီးသန့်ငှားရမ်းပြီး အခန်းဝန်ဆောင် မှုကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် အဆာပြေစားစရာတွေ မှာယူဝယ်စားနိုင်ပြီး မြန်မာထမင်းဟင်း စားချင်ရင် လည်း တစ်ဦးကို တစ်နပ်စာ ကျပ် ၁၅၀၀၀ နဲ့ ကြိုတင် မှာယူပြီး ဝယ်စားနိုင်ပါတယ်။
အနားယူစရာနေရာတွေ ဖန်တီးပေးထား
သစ်လုံးခြံထဲမှာ ခြောက်ယောက်ခန်း၊   ၁၀ ယောက်ခန်း၊ ၁၂ ယောက်ခန်း၊ ၁၄ ယောက်ခန်း အသီးသီး ရှိတာကြောင့် မိသားစုလိုက် ၊ သူငယ်ချင်း အဖွဲ့လိုက် ပိတ်ရက်မှာ ပျော်ပျော်ပါးပါး အပန်းဖြေ အနားယူနိုင်ပါတယ်။ သစ်လုံးခြံကျယ်ထဲမှာ ဓာတ်ပုံ ရိုက်ကူးလို့ရနိုင်တဲ့နေရာတွေ များစွာရှိပါတယ်။
ရေတံခွန်တွေ၊ ပန်းခြံတွေ၊ မြက်ခင်းစိမ်းကြီး တွေနဲ့ စိတ်ကြိုက်အပန်းဖြေ အနားယူလို့ ကောင်းတဲ့ နေရာလေးတွေ ဖန်တီးပေးထားတာမို့ ညအိပ်လည်း မနေချင်ဘူး၊ ခဏတဖြုတ် ရေကူးအနားယူ အပန်း ဖြေချင်တယ်ဆိုတဲ့သူတွေအတွက် အကြိုက်တွေ့ စေမယ့် နေရာတစ်ခုဖြစ်ပါတယ်။ 
ပန်းတစ်ပွင့်တောင်သို့
ဒါ့အပြင် သစ်လုံးခြံမှာ ညအိပ်ပြီး မှော်ဘီမြို့နယ် ရဲ့အထင်ကရ      ပန်းတစ်ပွင့်တောင်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။
ပန်းတစ်ပွင့်တောင်ဟာ ရန်ကုန်ကနေ နှစ်နာရီ လောက်ပဲသွားရပေမယ့် ရှုခင်းတွေ မြင်ကွင်းတွေက ရန်ကုန်နဲ့ အတော်လေးကွာခြားပါတယ် ။ မိုးရာသီ ကာလဆို စိမ်းစိုပြီး ပုပ္ပားတောင်နဲ့ ခပ်ဆင်ဆင်လို့ ထင်မိကြပါတယ်။ ရန်ကုန်ကနေ သွားမယ်ဆိုရင်တော့ ရန်ကုန်-ပြည်လမ်းအတိုင်း မောင်းလာပြီး လေထီး ၁၆ ကားမှတ်တိုင်ရဲ့ ရှေ့တစ်လမ်း မှော်ဘီ - ဝါးနက် ချောင်းလမ်းထဲ ချိုးဝင်လိုက်ရင် ပန်းတစ်ပွင့်တောင် သို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်း လိုက်သွား ရုံပါပဲ။
ပန်းတစ်ပွင့်တောင်ကို သွားမယ်ဆိုရင် လပြည့် နေ့လို အခါကြီးရက်ကြီးတွေထက် ကြားရက် လူရှင်း တဲ့အချိန်လေးသွားရင် သဘာဝပတ်ဝန်းကျင် အလှ အပလေးတွေကိုလည်း သေချာလေးခံစားလို့ရပြီး ဓာတ်ပုံရိုက်ဖို့လည်း ပိုအဆင်ပြေပါမယ်။ လူအများ ကြီးနဲ့လည်း    တိုးဝှေ့တက်စရာမလိုတော့ပါဘူး။ ပန်းတစ်ပွင့်တောင်ကိုသွားရင် သားငါးသယ်ဆောင် ခွင့်၊ စားသောက်ခွင့်မရှိသလို အမှိုက်မပစ်မိအောင် ဂရုစိုက်ဆင်ခြင်ရပါမယ်။ ဒါ့အပြင် ဆူညံတာတွေ ကိုလည်း မလုပ်မိအောင် ဆင်ခြင်ရပါတယ်။ ဒါက တော့ ပန်းတစ်ပွင့်တောင်ကိုသွားလည်ရင် သတိထား ရမယ့် အချက်လေးတွေ ဖြစ်ပါတယ်။ 
ဒါကြောင့်မို့ တစ်ပတ်တာရဲ့   စိတ်မွန်းကျပ်မှု တွေကို ဖြေဖျောက်ပြီး ပန်းတစ်ပွင့်တောင်မှာ ဘုရား လည်းဖူးရင်း အေးအေး​ဆေးဆေး အနားယူလည်ပတ် ချင်သူတွေအတွက် မှော်ဘီမြို့နယ်က သစ်လုံးခြံနဲ့ ပန်းတစ်ပွင့်တောင်ကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသား ဖော်ပြလိုက်ရပါတယ်။         ။