
နေပြည်တော် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလင်းဇော်ကို ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်တွင် လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းကို ၂၀၂၁ ခုနှစ် မေ ၉ ရက်တွင် လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦးကို ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်တွင် လည်းကောင်း အကြမ်းဖက်သူများက ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခဲ့ကြကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ နေ့ရက်အသီးသီးတွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဖော်ထုတ်ဖမ်းဆီးရမိ
အဆိုပါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေအသီးသီးတွင် သတင်း စုံစမ်းချိတ်ဆက်ဖော်ထုတ်ခြင်း၊ နယ်မြေများအတွင်း ပိတ်ဆို့စစ်ဆေး ရှာဖွေဖော်ထုတ်ခြင်းများနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှု တို့ဖြင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိုင်းလင်းဇော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ကျော်သီဟ(ခ)သားသား (၃၈)နှစ် (ဘ)ဦးမြင့်လှိုင်နှင့် ချစ်ကိုကို(ခ)အောင်ပုထူး(၂၉)နှစ် (ဘ)ဦးအောင်သိန်းဝင်း၊ အမှတ်(၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ သန်းဝင်း(ခ)ကိုမူ(၃၉)နှစ် (ဘ)ဦးတင်၊ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ စိုးသူ(ခ)နိုင်လင်း(ခ) အောင်ဇေယျ(ခ)အာကြီး (၃၁)နှစ် (ဘ)ဦးတင်ဦးတို့အား ၂၀၂၁ ခုနှစ် ဇွန်လအတွင်း အသီးသီး ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖော်ထုတ်ဖမ်းဆီးရမိသူများအပေါ် စစ်ဆေးချက်များအရ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိုင်းလင်းဇော်ကို ဇွန် ၁ ရက်တွင် ကျော်သီဟ (ခ)သားသားက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ္စတို သေနတ်နှင့် ကျည်ခုနစ်တောင့်ကို ပူးပေါင်းပါဝင်ပတ်သက်သူ ပြောင်ကြီး(ခ)ကျောင်းသား(စိစစ်ဆဲ)နှင့် ချစ်ကိုကို(ခ) အောင်ပုထူး(၂၉)နှစ် (ဘ)ဦးအောင်သိန်းဝင်းတို့ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ကြံ သတ်ဖြတ်ရန်အတွက် ငွေကျပ်သိန်း ၂၀ ကို ၎င်းထံ ပေးအပ်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်သည့်နေ့တွင် ပြောင်ကြီး(ခ) ကျောင်းသားက လာရောက်ခေါ်ဆောင်ခဲ့ပြီး ပစ်ခတ်ရမည့်နေရာကို ရွေးချယ်ပြသခဲ့ကာ ဦးစိုင်းလင်းဇော် ကားဖြင့်ထွက်လာစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ထွက်ဆို
အလားတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦးကို ဇွန် ၁၆ ရက်တွင် သန်းဝင်း (ခ) ကိုမူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ္စတိုသေနတ်နှင့် ကျည် ၁၅ တောင့်အား ပူးပေါင်းပါဝင်ပတ်သက်သူ ရန်ပိုင်စိုး (ခ)သရက်သီး(စိစစ်ဆဲ)ထံမှရရှိခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ် နိုင်ရန်အတွက် ရန်ပိုင်စိုး(ခ)သရက်သီးက အချက်အလက်များ ကြိုတင် စုံစမ်းပေးထားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ပုံမှန်သွားလာသည့်အချိန် များကို အနီးကပ်လေ့လာကြည့်ရှုခဲ့ကြောင်း၊ သတ်ဖြတ်သည့်နေ့တွင် ငယ်ငယ်(စိစစ်ဆဲ)နှင့်အတူ ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်၍ အနီးကပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ဆို ခဲ့သည်။
ထို့အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းအား မေ ၉ ရက်တွင် စိုးသူ(ခ)နိုင်လင်း(ခ) အောင်ဇေယျ(ခ)အာကြီးနှင့် ဖြိုးလေး (စိစစ်ဆဲ)၊ မျိုးလေး(စိစစ်ဆဲ) နှင့် ငယ်ငယ်(စိစစ်ဆဲ)တို့က အသင့်ယူဆောင်လာကြသော ဓားဦးချွန် နှင့် စကေဘာတို့ဖြင့် ရိုက်နှက်ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ကြံသတ်ဖြတ်မည့်နေ့ မတိုင်မီ မေ ၈ ရက်တွင် ဖမ်းဆီးရမိသူ စိုးသူ(ခ)အာကြီးနှင့် ပူးပေါင်းပါဝင်ပတ်သက်သူ လေးဦးသည် အုပ်ချုပ်ရေးမှူး၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့ပြီး လုပ်ကြံသတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို လုပ်ကြံသတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်များတွင် ဖမ်းဆီးရမိထားသည့် တရားခံများဖြစ်သည့် ကျော်သီဟ(ခ)သားသား၊ ချစ်ကိုကို(ခ)အောင်ပုထူး၊ သန်းဝင်း(ခ)ကိုမူနှင့် စိုးသူ(ခ)နိုင်လင်း(ခ)အောင်ဇေယျ(ခ)အာကြီးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ပူးပေါင်းပါဝင်ပတ်သက်ခဲ့သူများဖြစ်သည့် ပြောင်ကြီး(ခ)ကျောင်းသား၊ သရက်သီး(ခ)ရန်ပိုင်စိုး၊ ငယ်ငယ်နှင့် ဖြိုးလေးပါ သုံးဦးတို့အား ဖမ်းဆီး ရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ မှ သတင်းရရှိသည်။
သတင်းစဉ်