
နေပြည်တော် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက် ဇောတိက (၃) လမ်းရှိ ဇော်မင်းစိုး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ကျော်ကျော် အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက် နှင့် သက်ပိုင်ဦးတို့ ခုနစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း နှင့် မြန်မာငွေကျပ်သိန်း ၁၅၀ တို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ ည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ် ပုလဲ (၃) ရပ်ကွက် စံပယ်လမ်းရှိ ဇော်မင်းစိုးက ကျော်ကျော်အောင်အမည်ဖြင့် ငှားပေးထား သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ သိမ်းဆည်းရမိခဲ့ကြောင်း။
ကွင်းဆက်အရ မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့ မြိတ် တောင်နယ်မြေ ဇေယျာသီရိ (၃) ရပ်ကွက် ခူဒိုင်လမ်းနေ မမီးငယ်စိုး (ခ) သီတာစိုး ကို မြန်မာငွေကျပ် ၈၅ သိန်းနှင့်လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူတို့အား HINO ခြောက်ဘီး မော်တော်ယာဉ်တစ်စီး၊ မြန်မာ ငွေကျပ်သိန်း ၄၀ တို့ နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ဖမ်းမိ နေအိမ်များ၌ သိုလှောင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့သို့ သယ်ဆောင်ရောင်းဝယ်ကြောင်းနှင့် သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းတို့အား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်