
ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများအား ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Mr. Titon Mitra နှင့်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ (၄) ၌ လာရောက် တွေ့ဆုံသည်။
ရှင်းလင်းပြောကြား
ထိုသို့တွေ့ဆုံစဉ် UNDP မှ ဌာနေကိုယ်စားလှယ်က မြို့ပြ ဒေသတွင် နေထိုင်လျက်ရှိသည်ဆင်းရဲနွမ်းပါးသူများ ကြံ့ကြံ့ခံနိုင် မှု တည်ဆောက်ရေးစီမံကိန်းကို ကနဦးအနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ်ကုန်အထိ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ ဒလ၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ အင်းစိန်နှင့်တောင်ဒဂုံမြို့နယ်များတွင် နေထိုင်သောအချို့မိသားစုများ၏စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးနှင့် တိုင်းဒေသ ကြီးအတွင်းရှိ ကျေးလက်ဒေသ များ၏ ဖွံ့ဖြိုးရေးကိစ္စရပ်များကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့မှ တာဝန် ရှိသူများနှင့်အတူ ပူးပေါင်း လုပ်ဆောင်သွားမည့် UNDP ၏ အထောက်အပံ့ ပေးအပ်ရေးနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြား သည်။
အပြန်အလှန်ဆွေးနွေး
ပြောကြားချက်များနှင့် စပ် လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က တိုက်ရိုက်ငွေကြေး ထောက်ပံ့မည့် အစီအစဉ်အစား အခြေခံစားကုန်သောက်ကုန်များ၊ လိုအပ်ချက်များကို အခြား သင့်လျော်သည့် နည်းလမ်းများ ဖြင့်လည်းကောင်း၊ ပိုမိုအကျိုးရှိ ထိရောက်သည့်စနစ်များဖြင့် လည်း ကောင်း စဉ်းစားဆောင်ရွက်ပေးရန်ပြောကြားပြီး စီမံကိန်းနှင့် ပတ်သက်သောလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် လိုအပ် သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းဆိုင်ရာရှင်းလင်းတင်ပြ
ညနေပိုင်းတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရွှေပြည်သာမြို့နယ် စက်မှုဇုန် ရှိ ရွှေဧရာနဒီဆပ်ပြာနှင့် ခေါင်းလျှော် ရည်အမျိုးမျိုး ထုတ်လုပ်သော စက်ရုံသို့ သွားရောက်ပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထို့နောက် စက်ရုံ၏ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက စက်ရုံ၏လုပ်ငန်းဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်း များ အရည်အသွေးကောင်းမွန်ပြီးသုံးစွဲသူပြည်သူများ ဘေးဥပဒ် မဖြစ်စေဘဲ သင့်တင့်သောဈေး နှုန်းဖြင့်သုံးစွဲနိုင်ရေး၊ ရရှိပြီးသော ဈေးကွက်အပြင် ဝယ်လိုအား မြင့်တက်လာနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန်နှင့် စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေ ရေးပြောကြားသည်။
အလေးထားဆောင်ရွက်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရမ်း ကုန်းမြို့နယ်နှင့်မြောက်ဥက္ကလာပ မြို့နယ် သုဓမ္မာလမ်းမကြီး တစ်လျှောက် (ကျောက်ရေတွင်း တံတားမှ ကမ္ဘာအေးဘုရားလမ်း အထိ) ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း က လမ်းလယ်၌ မီးကြိုးများကို မြေအောက်မှ သွယ်တန်းပြီး လမ်းမီးတိုင် ၇၀ စိုက်ထူ၍ ၁၅၀ ဝပ် LED မီးလုံး ၁၄၅ လုံး တပ်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ် စေရေး အလေးထား ဆောင်ရွက် ရန် မှာကြားခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)