
ရန်ကုန် ဇွန် ၂၁
မြန်မာ့ပညာရေးမျှော်မှန်းချက်ဖြစ်သော မျက်မှောက်ကာလတွင် ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်း များနည်းတူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း နိုင်ငံတော်မှ အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၃၄ ကျောင်းတွင် မူလတန်းနှင့် အလယ်တန်းအဆင့်တို့၌ ကိုရင်၊ သီလရှင်နှင့် ကျောင်းသား ကျောင်းသူ ၆၇၀၇၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် အခြေခံ ပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ ဇွန် ၃ ရက်မှစ၍ ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းအပ်နှံမှုတွင် အခြေခံပညာရေးကျောင်း များနည်းတူ အခမဲ့ပညာရေးစနစ်ဖြစ်၍ တိုင်းရင်း သားဒေသ များမှ ကိုရင်၊ သီလရှင်များ အထူးအားထား ရာ ဖြစ်သည့်အပြင် အခြေခံပြည်သူတို့၏ သား သမီး များ အမှီပြုရာကျောင်းများအဖြစ် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ကိုရင်နှင့် သီလရှင်များအနေဖြင့် စာပေကို အခြားသူတို့ထက် ကြိုးစားသင်ယူကြလျက် ရှိပြီး အနာဂတ်သာသနာတော်တည်တံ့ပြန့်ပွားရေး တွင် အထောက်အပံ့ဖြစ်စေလျက်ရှိကာ အဆိုပါ ကျောင်းများမှ နိုင်ငံနှင့်ပြည်သူကို အကျိုးပြုသော ဝန်ထမ်းများကိုလည်း မွေးထုတ်ပေးလျက်ရှိသည်။
“ရန်ကုန်တိုင်းဒေသကြီးမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၂၃၄ ကျောင်း ရှိတယ်။ ဦးဇင်းတို့ သာကေတမှာဆိုရင် ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း နှစ်ကျောင်းရှိတယ်။ တောင်ပေါ် ဒေသက တိုင်းရင်းသားနဲ့ မြို့နယ်တွေက ကလေး တွေ လာတက်ကြတာများတယ်။ သီလရှင်တွေဆိုရင် ရွာသာကြီးနဲ့ သန်လျင်ကလာပြီး ပညာသင်ကြား နေကြတာ။ အထက်တန်းအဆင့်ဆိုရင် ကျောင်းသား ၂၀၀ ကျော်ရှိတယ်။ သူတို့လေးတွေ ဘုန်းကြီးကျောင်း မှာသင်ကြားရင် အခက်အခဲမရှိပေမယ့် ရပ်ကွက်ထဲ က အထက်တန်းကျောင်းတွေမှာ ပညာသင်ရတဲ့အခါ အခက်အခဲမျိုးစုံရှိလာတယ်။ သွားတာလာတာ၊ အခြားအရေးကိစ္စတွေနဲ့ ဆွမ်းစားချိန်ကအစပေါ့။ ကိုရင်၊ သီလရှင်တွေ မူလတန်းနဲ့ အလယ်တန်းအဆင့် ကို အောင်မြင်ပြီး အထက်တန်းအဆင့်ကို တက်ရောက် ရာမှာ အခက်အခဲရှိလာရင် ကျောင်းထွက်မယ့်သူတွေ များလာနိုင်တယ်။ အထူးသဖြင့် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမယ့်သူတွေ လျော့မသွားစေလို ဘူး။ ကလေးတွေပညာတတ်ပြီး နိုင်ငံ့သားကောင်း တွေ များများပေါ်ထွန်းလာအောင် တတ်နိုင်သမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု သာကေတ မြို့နယ် နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုတဓရက မိန့်ကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မူလတန်းကျောင်း ၁၆၈၀၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်းနှင့် အထက်တန်း ကျောင်း ၄၀၉ ကျောင်း၊ ပုဂ္ဂလိကကျောင်း ၃၂၄ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၃၄ ကျောင်းတို့ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် ဆင်းရဲချမ်းသာမရွေး လူတိုင်းအရေးအဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်၊ ပညာသင်ကြားရေးတွင် စရိတ်သက်သာပြီး လွယ်ကူ မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများ အကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးလိုသည့် သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာ ခံယူတတ်ကြစေရန်၊ ဗုဒ္ဓဘာသာ သာသနာတော် ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိ လိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်စေရန်နှင့် အမျိုး ဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေ ရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ သစ္စာ(mna)၊ ဓာတ်ပုံ - ဇွဲမာန်