
(၁၁-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်း အဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၀-၇-၂၀၂၄) ရက်နေ့၊ ည (၆:၀၀)နာရီမှ (၁၁-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီအထိ (၂၄) နာရီ အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာသစ်(၈၄)ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၁၁) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၁-၇-၂၀၂၄) ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်း သည့် လူနာ (၃၃) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် (၁၁-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီအထိ ဝမ်းပျက် ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာ စုစုပေါင်း (၂၅၀) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန