ရန်ကုန်တက္ကသိုလ်ကစခဲ့သော သစ်တောပညာရပ်ဖွံ့ဖြိုးမှု အဆင့်ဆင့်

Type
၆


 

ပါမောက္ခ ဒေါက်တာ စန်းဝင်း

 

ဘာသာစကားများသည် ရပ်တန့်နေသည်ဟူ၍မရှိဘဲ အစဉ်အမြဲအလိုက် ပြောင်းလဲနေကြသည်။ စကားလုံးအသစ်များလည်း ခေတ်အခြေအနေအပေါ်မူတည်ကာ ထွက်ပေါ်လာလေ့ရှိကြသည်။ ဥပမာ- အင်္ဂလိပ်ဘာသာစကားတွင် British Exit from European Union ဥရောပသမဂ္ဂမှ ဗြိတိသျှတို့ နုတ်ထွက်ခြင်းဟူသော အဓိပ္ပာယ်ဆောင်သည့် British Exit ကို Brexit ဟူ၍ ခေါ်ဆိုနေပါသည်။ ယင်းဝေါဟာရမှာ ခရစ်နှစ် ၂၀၁၀ မှ ၂၀၂၀ ကြားတွင် ပေါ်လာခဲ့သော စကားလုံးဖြစ်သည်။ မြန်မာဘာသာတွင်လည်း အလားတူပင် အရေးအသားအခေါ်အဝေါ် ပြောင်းလဲခြင်းများစွာရှိခဲ့၊ ရှိနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်က “ဆရာ” ဟူသောဝေါဟာရကို ရှေးကျသော ဆေးကျမ်းများ၊ အချို့သောလုပ်ငန်း (ဥပမာ-ပန်းရန်၊ ပန်းပဲ)များတွင် “ဆြာ” ဟု ရေးသားခဲ့ကြသည်။ ဘာသာစကားများသည်လည်း အမြဲရှင်သန်ပြောင်းလဲနေကြသည် ဆိုသောအချက်ကို တင်ပြနေခြင်းဖြစ်ပါသည်။
ထိုနည်းတူစွာ ပညာရပ်များသည်လည်း ရပ်တန့်နေသည်မဟုတ်၊ ပြောင်းလဲလျက်ရှိ ကြသည်။ အထူးသဖြင့် ၁၉ ရာစု၊ ၂၀ ရာစု နှင့် ၂၁ ရာစုတို့တွင် စက်မှုပညာ၊ ဆက်သွယ် ရေးပညာ၊ သတင်းအချက်အလက်နည်း ပညာတို့မှာ အလွန်မြန်သော အရှိန်အဟုန် ဖြင့် ပြောင်းလဲလျက်ရှိကြသည်။
သစ်တောပညာသည်လည်း မပြောင်းလဲ ဘဲ ကျန်နေခဲ့သည်မဟုတ်ပါ။ အထူးသဖြင့် သစ်တောပညာရပ်သည် သဘာဝပတ်ဝန်း ကျင် ကောင်းမွန်ရေးအတွက် အရေးပါသော ပညာရပ်အဖြစ်သို့ ဦးတည်ပြောင်းလဲလျက် ရှိသည်။ ရှေးယခင်က သစ်တောများကို အနားယူအပန်းဖြေရန် နေရာအတွက်လောက် သာ သုံးခဲ့ကြသည်။
Forest ဟူသော စကားလုံးသည်မှာ ပင်လျှင် Latin ဘာသာ “Foris” မှ ဆင်းသက် လာပြီး လက်တင်ကာလနှောင်းပိုင်းတွင် “Forests Silva”- အဓိပ္ပာယ်မှာ “wood outside” နှင့် နောက်ပိုင်းကာလများတွင် Forests ဟူသော အဓိပ္ပာယ်မှာ “ wooded area kept for hunting” ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။ ဆိုလိုသည်မှာ အစဦးကာ လများတွင် သစ်တောဆိုသည်မှာ တောက စား၊ အမဲလိုက်၊ အပန်းဖြေရန်အတွက်သာ ဖြစ်ခဲ့သည်။
၁၉- ရာစုတွင် သစ်တောများကို စီးပွားရေးအတွက် ပိုမိုအာရုံစိုက်လာကြပြီး စီးပွားရေးအကျိုးအမြတ်အတွက် သစ်တော စိုက်ခင်းများ ထူထောင်လာကြကာ သစ်တော ဘောဂဗေဒ (Forest Economics) ဘာသာ ရပ်လည်း ဖြစ်ပေါ်လာခဲ့သည်။
၂၀ ရာစု နှောင်းပိုင်းနှင့် ယခုရာစုများတွင် သစ်တောများကို ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကောင်းမွန်အောင်နှင့် သဘာဝဂေဟစနစ် ကို မျှချေ (Balance) တွင် တည်ရှိစေရေး တို့အတွက် အရေးပါသော ပစ္စည်းအဖြစ် လက်ခံကာ လေ့လာခဲ့ကြသည်။ သစ်တော များက ကာဗွန်စုပ်ယူမှု(Carbon seques-tration)၊ သစ်တောများက ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးတွင် အရေးပါမှု၊ သစ်တောများ ရှိမှ ရေချိုရရှိနိုင်မှုတို့ကို အသိအမှတ်ပြုလာ ကြကာ သစ်တောအုပ်ချုပ်မှုစနစ်ကိုပင် Sustainable Forest Management (Sust-ainability Concept) မှ (Eco-system based Forest Management Concept) သို့ ကူးပြောင်းလာခဲ့သည်။ ဤသည်တို့မှာ သစ်တောပညာရပ်သည်လည်း ပြောင်းလဲမှု လမ်းစဉ်တွင် ပါဝင်လျက်ရှိသည်ကို ထောက် ပြနေပေသည်။
မြန်မာနိုင်ငံတွင် သစ်တောပညာရပ် ဖွံ့ဖြိုးလာမှုနှင့် ပတ်သက်ပြီး တင်ပြရသော် သိပ္ပံနည်းကျသစ်တောအုပ်ချုပ်မှုကို ၁၈၅၆ ခုနှစ်က စတင်ခဲ့သည်။ “သစ်တော” ဟူသော စကားလုံးမှာ ထိုစဉ်က သစ်မျိုးအားလုံးကို ကိုယ်စားပြုခြင်းထက် “ကျွန်းပင်-(Teak)” ကိုသာ ကိုယ်စားပြုခဲ့ဟန် ရှိပါသည်။ အကြောင်းမှာ ကျွန်းသစ်သည် ရေကြောင်း သွားလာရေးအတွက် တည်ဆောက်ရန် သင်္ဘောများ ပြုလုပ်ရန်အတွက် အဓိက အရေးပါသော “သစ်” ဖြစ်နေခဲ့ခြင်းကြောင့် သစ်တောအုပ်ချုပ်မှု၏ အသက်ဖြစ်သော “နှစ်စဉ်တောထွက်” ကို စဉ်းစားသောအခါ ကျွန်းသစ်မျိုးကိုသာ အဓိကထား စဉ်းစား တွက်ချက်ခဲ့သည့်အတွက် ဖြစ်သည်။
မြန်မာနိုင်ငံတွင် သစ်တောပညာရပ်ကို သင်တန်းကျောင်းအဆင့်အနေအဖြစ် ဖွင့်လှစ် သင်ကြားခဲ့ခြင်းကို ၁၈၉၈ ခုနှစ်တွင် ပဲခူး တိုင်းဒေသကြီး သာယာဝတီမြို့တွင် စတင်ခဲ့ သည်ဟု မှတ်တမ်းများအရ သိရှိရသည်။ ခေတ်အဆက်ဆက်တွင် သစ်တောကျောင်း များမှာ သာယာဝတီမှတစ်ဆင့် အင်းစိန်မြို့၊ ပျဉ်းမနားမြို့နှင့် ယခုအခါ ပြင်ဦးလွင်မြို့ တို့တွင် ဆက်လက်တည်တံ့လျက်ရှိပါသည်။ ထို့ကြောင့် သစ်တောသင်တန်းကျောင်း (Forestry Technological Vocational Training School) အဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။
တက္ကသိုလ်အဆင့်သစ်တောပညာကိုမူ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ခဲ့ သည့် ၁၉၂၀ ပြည့်နှစ် နောက်သုံးနှစ်အကြာ တွင် စတင်သင်ကြားခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းများအရ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သတ္တဗေဒ၊ ရာဇဝင်၊ ဓာတု ဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ အရှေ့တိုင်း ဘာသာ ရပ်များနှင့် ဥပဒေပညာရပ်တို့ကို ၁၉၂၁ ခုနှစ် တွင် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ထို့နောက် သုံးနှစ်အကြာတွင် အင်ဂျင်နီယာ၊ သစ်တောပညာ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ဘောဂ ဗေဒ၊ ပညာရေးနှင့် ဆေးပညာဘာသာရပ် များကို တိုးချဲ့သင်ကြားပေးခဲ့ပါသည်။ စတင် သင်ကြားခဲ့စဉ်က သစ်တောပါမောက္ခကို တိကျစွာ မသိရသေးသော်လည်း ၁၉၃၀ ပြည့် နှစ် ရန်ကုန်တက္ကသိုလ်၌ သစ်တောပညာ ပါမောက္ခ တာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်မှာ အာရ်အေကော့ကရိန်း (R.A. Cochrane) ဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူအဖြစ် ဝင်ခွင့်ရပြီး စာသင်ကြား ရန်အတွက် လိုအပ်ချက်မှာ တက္ကသိုလ် ဝင်စာမေးပွဲကို (က) စာရင်းမှ အောင်မြင်သူ ဖြစ် ရမည့်အပြင် အကြိုသင်တန်း(ဥပစာတန်း)တွင်လည်း နှစ်နှစ်ခန့်တက်ရန် လိုအပ်ခဲ့သည်။ သစ်တောပညာ သင်တန်းတက်ရောက်ရန် ဥပစာသိပ္ပံသင်တန်း အောင်မြင်သူကျောင်း သားများက ရွေးချယ်ရေးအဖွဲ့ထံ လျှောက် ထားရပြီး ရွေးချယ်ခြင်းခံရသော ကျောင်းသား များသာ ဤသင်တန်းကို တက်ရောက်ခွင့်ရ ကြောင်း သိရပါသည်။
အထက်ဖော်ပြပါအတိုင်း သစ်တော ပညာရပ်အတွက် အစပိုင်းတွင် ဥပစာတန်း အောင်မြင်ပြီး နှစ်နှစ်ခန့် သစ်တောပညာ သင်တန်းတက်ပြီးသောအခါ သိပ္ပံ(သစ်တော) ဘွဲ့ကို ချီးမြှင့်မည်ဖြစ်ကြောင်း သတ်မှတ်ခဲ့ သော်လည်း နှစ်နှစ်ခန့်အကြာ ၁၉၂၅ ခုနှစ် တွင် သင်တန်းကာလ သုံးနှစ်သို့ တိုးမြှင့်လိုက် ကြောင်းသိရပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတစ်ဦးသည် ငါးနှစ်ကြာ သင်တန်းတက်ပြီးမှသာ သိပ္ပံ(သစ်တော) ဘွဲ့ကို ရရှိနိုင်ခဲ့သည်ဖြစ်ပါသည်။ အဆိုပါ ၁၉၂၃ ခုနှစ်မှ စတင်ပြီး တက်ရောက်ခဲ့သော သိပ္ပံ (သစ်တော)ဘွဲ့ ရရှိသူများမှာ ၁၉၂၅ ခုနှစ်တွင် ခြောက်ဦး၊ ၁၉၂၆ ခုနှစ်တွင် ခြောက်ဦးရှိခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် သင်တန်း ဆင်းသူမရှိခဲ့ပါ။
ထို့နောက် ၁၉၂၈ ခုနှစ်တွင် ငါးဦး၊ ၁၉၂၉ ခုနှစ်တွင် လေးဦး၊ ၁၉၃၀ ပြည့်နှစ်တွင် လေး ဦး၊ ၁၉၃၁ ခုနှစ်တွင် လေးဦး၊ ၁၉၃၂ ခုနှစ်တွင် ငါးဦး၊ ၁၉၃၃ ခုနှစ်တွင် လေးဦး၊ ၁၉၃၄ ခုနှစ် တွင် လေးဦး သိပ္ပံ(သစ်တော)ဘွဲ့ ရရှိခဲ့သူ စုစု ပေါင်း ၄၂ ဦး ရှိပါသည်။ အဆိုပါပုဂ္ဂိုလ်များမှာ ဒုတိယ ကမ္ဘာစစ်မတိုင်မီ သိပ္ပံ(သစ်တော) ဘွဲ့ရရှိသူ များအဖြစ် မှတ်တမ်းတင်နိုင်ပါသည်။
ထို့နောက် စစ်ကြိုကာလ ၁၉၃၅ ခုနှစ်မှ စစ်ပြီးကာလအထိနှင့် လွတ်လပ်ရေးရပြီးခါစ နှစ်အနည်းငယ်အကြာဖြစ်သော ၁၉၅၀ ပြည့် နှစ်အထိ သစ်တောပညာသင်တန်းကို ၁၅ နှစ်ခန့် ပိတ်ထားခဲ့ရကြောင်း သိရှိရပါသည်။
ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဂုဏ်ထူးဘွဲ့ကို ဓာတုဗေဒ၊ ရူပဗေဒ စသည့်ဘာသာရပ်တွဲတွင် အောင်မြင်သူများအား နိုင်ငံခြားပညာတော် သင်အဖွဲ့က စိစစ်ရွေးချယ်ပြီး ဗြိတိန်နိုင်ငံ အောက်(စ်)ဖို့တက္ကသိုလ်၊ အီဒင်ဘာရာ တက္ကသိုလ်များသို့ သိပ္ပံ (သစ်တော) ဘွဲ့များ ရရှိရန်စေလွှတ်ခဲ့ကြောင်းလည်း တွေ့ရပါ သည်။ အချို့ဘွဲ့ရသူများကို အိန္ဒိယနိုင်ငံ ဒါရဒွန်းမြို့ရှိ သစ်တောကောလိပ်သို့ ပညာ သင်အဖွဲ့က ရွေးချယ်စေလွှတ်ခဲ့ကြောင်း လည်း သိရပါသည်။
လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ပြည့် နှစ်၌ သစ်တောပညာသင်တန်းကို ရန်ကုန် တက္ကသိုလ်တွင် ပြန်လည်ဖွင့် လှစ်ခဲ့သည်။ ထိုသင်တန်းတက်ရန်အတွက် လိုအပ်ချက် များမှာ ဥပစာသင်တန်းအောင်မြင်သူ၊ လူတွေ့ စစ်ဆေးခြင်းအောင်မြင်သူ၊ ကျန်းမာ ကြံ့ ခိုင်မှုအတွက် ၂၅မိုင် (ရန်ကုန်တက္ကသိုလ် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနရှေ့မှ မင်္ဂလာဒုံရှိ အောင်ဆန်းသူရိယ လှသောင်း ကျောင်းအထိ အသွား/ အပြန်) လမ်းလျှောက် စေပြီး ဆေးစစ်ဆေးအောင်မြင်သူများသာ သင်တန်း တက်ရောက်ရန် ဝန်ထမ်းရွေးချယ် ရေးဘုတ် အဖွဲ့က သတင်းစာမှတစ်ဆင့် ကြော်ငြာထည့်၍ ခေါ်ယူ စိစစ်ရွေးချယ်ပေး ပါသည်။
လွတ်လပ်ရေးရပြီးနောက် သစ်တော ပညာကို တာဝန်ယူပြီး စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သောပုဂ္ဂိုလ်များမှာ ဦးအောင် ဒင် (MA-Oxon) နှင့် မစ္စတာအေလောင်း၊ ထို့ နောက် Mr.C.W.D.Kermode က သစ်တော ပညာ ပါမောက္ခ/ဌာနမှူး (Head of Forest Department-Professor)အဖြစ် တာဝန်ယူ သင်ကြားခဲ့ကြောင်း သိရှိရပါသည်။
လွတ်လပ်ရေးရပြီးနောက် ပထမဆုံး အသုတ်အနေဖြင့် သိပ္ပံ(သစ်တော)ဘွဲ့ ရရှိခဲ့ သူ ၁၄ ဦးရှိခဲ့ပါသည်။ ထို့နောက်သစ်တော ပညာ သင်တန်းဆက်လက်ဖွင့်လှစ်ခဲ့ရာ နီပေါ နိုင်ငံ၊ အိမ်နီးချင်း ထိုင်းနိုင်ငံတို့မှ သင်တန်း သားများလာရောက် သင်ကြားခဲ့ကြကြောင်း သိရှိရပါသည်။ ၁၉၅၄ မှ ၁၉၆၄ ခုနှစ်အထိ သိပ္ပံ(သစ်တော) ဘွဲ့ရသူများမှာ စုစုပေါင်း ၁၃၆ ဦး ဖြစ်ပါသည်။
၁၉၅၀ ပြည့်နှစ်တွင် ပြန်လည်ဖွင့်လှစ် ခဲ့သော သစ်တောပညာဌာနသည် ရန်ကုန် တက္ကသိုလ်ကြီး၏ သိပ္ပံမဟာဌာန (Faculty of Science) အောက်တွင်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သစ်တောပညာမဟာ ဌာန(Faculty of Forestry) အဖြစ် သီးခြား ဌာနအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။
သစ်တောကျောင်းသားများ အနေဖြင့် သစ်တောပညာရပ်မှလွဲ၍ ကျန်အထောက် အကူပြုဘာသာရပ်များ (ဘူမိဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ စီးပွားရေးပညာ စသည်)တို့ကို ရန်ကုန်တက္ကသိုလ်ရှိ အခြားသက်ဆိုင်ရာ ဌာနများသို့ သွားရောက်သင်ယူကြရပါသည်။ မန္တလေးတက္ကသိုလ်မှာရှိသော စိုက်ပျိုးရေး မဟာဌာန(Faculty of Agriculture) သို့ သွားရောက်ပြီးလည်း မြေဆီလွှာသိပ္ပံ (Soil Science) ကို တစ်လကြာ သွားရောက်သင် ကြားခဲ့ရပါသည်။
ထိုခေတ်က သိပ္ပံ (သစ်တော) ဘွဲ့ရရန် အတွက် တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားများသည် အိန္ဒိယနိုင်ငံ၊ သစ်တောဌာနနှင့် ဒါရဒွန်းသစ်တော သုတေသနဌာနများသို့ သွားရောက်၍ စာတွေ့လက်တွေ့ လေ့လာခဲ့ရပါသည်။ သို့သော်လည်း ၁၉၆၆ ခုနှစ်တွင် အဆိုပါ ပြည်ပသို့ သွားရောက်လေ့လာရေး ရပ်နား သွားခဲ့ပါသည်။
၁၉၆၇ ခုနှစ်တွင် သိပ္ပံ (သစ်တော)ဘွဲ့ရရန် ကျောင်းတက်နှစ် ငါးနှစ်အစား ခြောက်နှစ်သို့ တစ်နှစ်တိုးမြှင့်သတ်မှတ်ခဲ့၍ ၁၉၆၆ ခုနှစ်တွင် ဘွဲ့ရမည့် ကျောင်းသား များမှာ တစ်နှစ်နောက်ကျပြီး ၁၉၆၇ ခုနှစ်မှ သစ်တောဘွဲ့ရရှိ သွားခဲ့ရပါသည်။ ထို့ကြောင့် ၁၉၆၆ ခုနှစ်တွင် သိပ္ပံ (သစ်တော) ဘွဲ့ရရှိသူ မရှိခဲ့ပါ။ ယခင်ခေတ်က သစ်တောဌာနနှင့် နိုင်ငံတော်သစ်လုပ်ငန်း ဘုတ်အဖွဲ့(State Timber Board) တို့မှ လိုအပ်သော သစ်တော အရာရှိ အရေအတွက်လောက်ကိုသာ ခေါ်ယူ လေ့ကျင့်ပေးခဲ့သော စနစ်သည်လည်း ၁၉၆၇ ခုနှစ်မှ စတင်ပြီး ရပ်ဆိုင်းသွားခဲ့သည်။ ယင်း အပြင် ကျောင်းသားဦးရေကိုလည်း နှစ်စဉ် ၅၀ ခန့် လက်ခံသင်ကြားရန် စီစဉ်ခဲ့ကြပါ သည်။
သစ်တောကျောင်းသား ၅၀ ခန့်ကို နှစ်စဉ် လက်ခံသင်ကြားပေးရသဖြင့် သစ် တောကျောင်းသားများ သီးသန့်နေထိုင် သင်ကြားနိုင်အတွက် ရန်ကုန်တက္ကသိုလ်ရှိ ဗဟိုကျောင်းဆောင် ငါးဆောင်အနက် သထုံ ဆောင် ကို သစ်တောကျောင်းသားများအတွက် သီးသန့်အဆောင်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
စနစ်သစ်တက္ကသိုလ်တွင် ယခင်စနစ် ဟောင်းကဲ့သို့ ဘာသာတွဲစနစ် (Combin- ation System)ဖြင့် သင်ကြားခြင်းမဟုတ် တော့ဘဲ အဓိကဘာသာစနစ် (Majoring System) ကို စတင်ကျင့်သုံး သင်ကြားခြင်း ဖြစ်ပါသည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် တွင် စနစ်သစ်အရ ဝိဇ္ဇာဘာသာရပ် ကိုးမျိုးနှင့် သိပ္ပံဘာသာရပ် ခုနစ်မျိုးတို့ကို သင်ကြားပို့ချ ခဲ့ပါသည်။ ဝိဇ္ဇာဘာသာရပ် ကိုးမျိုးမှာ ပါဠိ၊ ဥပဒေ၊ ပထဝီ၊ ဒဿနိကဗေဒ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်း၊ စိတ်ပညာနှင့် မနုဿဗေဒ တို့ဖြစ်ပါသည်။ သိပ္ပံဘာသာရပ် ခုနစ်မျိုးမှာ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သစ်တောနှင့် ဘူမိဗေဒတို့ဖြစ် ပါသည်။
ဤစာတမ်းပြုစုရာ၌ စာပေနယ်တွင် နှံ့စပ်ရုံမျှမက သစ်တောလုပ်ငန်းများကို လည်း ကောင်းစွာအတွေ့အကြုံရှိသော သစ်တောဘွဲ့ရ မင်းကြီး(ငြိမ်း) ဦးဟုတ်လင်း အားလည်း ဆက်သွယ်မေးမြန်းရာ သစ်တော ကျောင်းသားများသည် တစ်နှစ်တွင် တောတွင်း လက်တွေ့ နှစ်လ ဆင်းရကြောင်း၊ နောက်ဆုံးနှစ်တွင် စာတမ်း တစ်စောင် တင်သွင်းရပြီး ဘွဲ့ယူရန်အတွက် လူတွေ့၊ နှုတ်ဖြေ ဖြေဆိုရကြောင်း၊ ဥပစာတန်း နှစ်နှစ် တက်ပြီးနောက် တတိယနှစ်သို့ ရောက်သော အခါ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်ခဲ့သူ ဖြစ်ပါက သင်္ချာကို ပြန်သင်ရပြီး သင်္ချာဘာ သာတွဲဖြင့် အောင်မြင်လာခဲ့ပါက ဇီဝဗေဒကို ပြန်လည် သင်ကြားရသည်ဟု သိရှိရပါသည်။
တတိယနှစ်တွင် Forest Law, Forest Engineering, Geology, Botany, Zoology (Entomology)နှင့် စာရင်းအင်းပညာကို သင်ရပြီး၊ စတုတ္ထနှစ်တွင် Botany (Taxono-my), Forest Management, Forest Utiliz-ation, Silviculture တို့ကို သင်ယူရပါသည်။ နောက်ဆုံးနှစ်(ပဉ္စမနှစ်)တွင် Silviculture, Utilization, Statistics, Botany တို့ သင်ရ ကြောင်းတွေ့ရပါသည်။ သင်ယူလေ့လာရန် ပြဋ္ဌာန်းခဲ့သော ဘာသာရပ်များကို လေ့လာ ကြည့်မိသောအခါ Botany ဘာသာရပ်ကို တတိယနှစ်မှ ပဉ္စမနှစ်အထိ သင်ယူခဲ့ရခြင်း ဖြစ်ပါသည်။
သစ်တောမင်းကြီး (ငြိမ်း) ဦးဟုတ်လင်း ကလည်း သစ်တောကျောင်းသားများအား Botany ဘာသာရပ်ကို နှစ်စဉ်သင်ကြားပေး ခြင်းသည် အလွန်သင့်လျော်ပြီး အဓိပွာယ်ရှိပါ ကြောင်း မိန့်ကြားသွားခဲ့ပါသည်။
တော်လှန်ရေးကောင်စီကာလ (၁၉၆၂ မှ ၁၉၇၄ ထိ)နှင့် မြန်မာ့ဆိုရှယ် လစ်လမ်း စဉ်ကာလ(၁၉၇၅ မှ ၁၉၈၈ ထိ) ကာလတွင် သင်ကြာပေးခဲ့သော ဘာသာရပ်များမှာ ပထမနှစ်မှ ဒုတိယနှစ်အထိ Political Science, English, Burmese, Botany, Mathematics, Physics, Chemistryနှင့် Zoology တတိယနှစ်မှ စတုတ္ထနှစ်အတွင်း Dendrology, Entomology, Geology, Soil Science and Forest Ecology, Foundation of Silviculture and Forest Meteorology, Forest Protection and Fire Protection, Mycology and Pathology ပဉ္စမနှစ်မှ ဆဋ္ဌမ နှစ်တို့တွင် Forest Genetics & Tree Bree-ding, Forest Policy & Law, Plantation Silviculture and Nursery Practice, Survey and Drawing, Forest Engineering & Forest Machines, Statistics and Biom-etrics, Mensuration, Forest Inventory, Data Processing & Aerial Photo interpre-tation, Silvicultural Systems, Manage-ment I, Wildlife & National Part Mana-gement & Soil Conservation & Watershed Management, Timber Harvesting, Minor Forest Produce Utilization and Bee Keeping နှင့် Wood Technology Tropical Silviculture, Management Planning, Forest Eco-nomics, Plantation, Economics and Econometrics, Marketing and Saw Milling, Pulp& Paper Technology, Plywood & Veneer Technology, and Utilization of Sawdust, Waste wood, Shaving & Chips, and Glue Technology Timber Utilization, Seasoning and Preservation, Wood Technology II တို့ ဖြစ်ပါသည်။
ထူးခြားချက်မှာ ထိုခေတ်က (၁၉၇၆ နောက်ပိုင်း) Political Science ကို နှစ်စဉ် သင်ယူခဲ့ရပါသည်။ ကျောင်းသားတစ်ဦးသည် အဆိုပါ ဘာသာကျရှုံးပါက စာမေးပွဲကျရှုံးရ ပါသည်။
တတိယနှစ်မှ ဆဋ္ဌမနှစ်အထိ သင်တန်း များအားလုံးသည် သစ်တောတွင်း လက်တွေ့ လုပ်ငန်း နှစ်လကွင်းဆင်းဆောင်ရွက်ရပါ သည်။
၁၉၇၆ ခုနှစ် ဆယ်တန်းအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများမှာ ဒေသ ကောလိပ်သို့ နှစ်နှစ် တက်ခဲ့ကြရသော စနစ် ပေါ်ပေါက်ခဲ့သည်။ ဒေသကောလိပ် နှစ်နှစ် တွင် ရရှိသောအမှတ်နှင့် ဆယ်တန်းအောင်ခဲ့ စဉ်က ရရှိခဲ့သောအမှတ်များကို စုပေါင်းကာ ယင်းအမှတ်၏ အနည်းအများအလိုက် ဘာသာတွဲများကို ခွဲခြားသင်ယူစေခဲ့ရပါ သည်။ ထို့ကြောင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ ကျောင်းသား/ ကျောင်းသူ များမှာ ဒေသကောလိပ်ပညာရေးကို ဖြတ် သန်း ပြီးမှသာ သက်ဆိုင်ရာ ဘာသာရပ်များ ကို သင်ယူလေ့လာခဲ့ရပါသည်။
ရန်ကုန်မှ ရေဆင်း
၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ သစ်တောပညာဌာနကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အောက်သို့ ပြောင်းရွှေ့သွားခဲ့ရ သည်။ ၁၉၈၅ ခုနှစ် ဘွဲ့ရကျောင်းသားများ သည် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (သစ်တော)ဘွဲ့ရသော နောက်ဆုံးကျောင်းသားများ ဖြစ် သွားပါသည်။ သစ်တောပညာကိုလည်း ပါမောက္ခ တစ်ဦး၊ အမြဲတမ်းနည်းပြဆရာ လေးဦးနှင့် အခြားပါမောက္ခမှ လက်ထောက် ကထိကအထိ ရာထူးများကို သစ်တောဦးစီး ဌာနနှင့် သစ်လုပ်ငန်းကော်ပိုရေးရှင်း (ယခင် STB, ယခုမြန်မာ့သစ်လုပ်ငန်း) အရာရှိများက အလှည့်ကျတာဝန်ယူ သင်ကြားပေးသော အချိန်ပိုင်း ဆရာများသာဖြစ်ပါသည်။
သစ်တောဦးစီးဌာနရှိ FRI (Forest Research Institute)၊ သုတေသီများက သစ်တောပညာကျောင်းသားများကို အချိန် ပိုင်း လာရောက်သင်ကြားပေးခဲ့ကြပါသည်။
သင်တန်းနှစ်ကာလပြောင်းလဲ
၁၉၉၆-၁၉၉၇ ပညာသင်နှစ်မှစတင်၍ သိပ္ပံ(သစ်တော)ဘွဲ့ကို ခြောက်နှစ်မှ ငါးနှစ်သို့ ပြန်လည်ပြောင်းလဲခဲ့ပြီး စာသင်နှစ် (Acad-emic Year) တစ်နှစ်လျှင် စာသင်နှစ်ဝက် (Semester) နှစ်ခုခွဲခြားကာ သင်ကြား၍ စာသင်နှစ်ဝက်အလိုက် စာမေးပွဲ နှစ်ကြိမ် ဖြေဆိုရပါသည်။ ဒုတိယစာသင်နှစ်ဝက် ဖြေဆိုပြီးမှသာလျှင် နှစ်ကြိမ်ဖြေဆိုခဲ့သော ဘာသာရပ်များအတွက် အောင်စာရင်း ထုတ်ပြန်သော စနစ်ဖြစ်ပါသည်။
အမျိုးသမီးသစ်တောကျောင်းသူများ စတင်လက်ခံသင်ကြားမှု
သစ်တောပညာဘာသာရပ်တွင် ၁၉၂၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ကျောင်းသားများ ကိုသာ လက်ခံသင်ကြားခဲ့သော်လည်း ၁၉၉၅ ခုနှစ် သစ်တောတက္ကသိုလ် ပထမနှစ်မှစတင် ၍ ကျောင်းသူဦးရေကို ၂၅ ရာခိုင်နှုန်း လက်ခံ သင်ကြားခဲ့သည်။ သို့ဖြစ်၍ ၂၀၀၁ ခုနှစ်တွင် ပထမဆုံး သိပ္ပံ(သစ်တော)ဘွဲ့ရ အမျိုးသမီး များ ပေါ်ထွက်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းကာလဝင်ခွင့်ပုံစံ ပြောင်းလဲလာမှု
ဤကာလတွင် ဝင်ခွင့်ပုံစံမှာလည်း သစ်တောတက္ကသိုလ်ဝင်ခွင့်အတွက် ယခင် က ၁၀ တန်း အောင်မြင်ပြီးသူများအား အဆင့်မြင့်ပညာဦးစီးဌာနသို့ ဝင်ခွင့်လျှောက် ထားစေပြီး အမှတ် အနည်းအများအလိုက် အဆင့်မြင့်ပညာဦးစီးဌာနက ရွေးချယ်ပေးခဲ့ ပါသည်။
သို့သော်လည်း ၂၀၀၆-၂၀၀၇ ပညာသင် နှစ် သစ်တောတက္ကသိုလ် ပထမနှစ် ဝင်ရောက်မည့် ကျောင်းသားများမှစတင်၍ အဆင့်မြင့်ပညာဦးစီးဌာနသို့ လျှောက်ထား ရွေးချယ်စေခြင်း မပြုလုပ်တော့ဘဲ သက်ဆိုင် ရာ နှစ်အတွက် ၁၀ တန်းအောင်မြင်သူများ အား ၁၀ တန်းအောင်အမှတ် ကန့်သတ်ချက် မရှိဘဲ ဝင်ခွင့်လျှောက်ထားစေပြီး အင်္ဂလိပ်နှင့် ဇီဝဗေဒ နှစ်ဘာသာဖြေဆိုရသော ဝင်ခွင့် စာမေးပွဲ ကျင်းပဖြေဆိုစေကာ အောင်မြင်သူ များကို လူတွေ့စစ်ဆေးခြင်းနှင့် မိုင် ၂၀ လမ်း လျှောက် စွမ်းရည်စစ်ဆေးခြင်း၊ဆေးစစ်ခြင်း များ ဆက်လက်စစ်ဆေး၍ လက်ခံမည့် ဦးရေ အတိုင်း ဝင်ခွင့်ပြုခဲ့ပါသည်။
အဆိုပါဝင်ခွင့်စနစ်ဖြင့် ၂၀၀၆-၂၀၀၇ ပညာသင်နှစ်တွင် ကျောင်းသား ၁၀၀ အထိ ခေါ်ယူခဲ့ပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်နှင့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်များအတွက် ကျောင်းသား ၂၀၀ စီအထိ ခေါ်ယူခဲ့ပါသည်။
ဟိုးယခင်က သစ်တောသင်တန်းသား များ ခေါ်ယူရာတွင် လုပ်ငန်းလိုအပ်ချက် အလိုက် ခေါ်ယူခဲ့သောစနစ်၊ ထို့နောက် ၁၉၆၇ ခုနှစ်မှ စတင်ပြီး တစ်နှစ်ကို ကျောင်းသား ၅၀ အထိ၊ ထို့နောက် တစ်နှစ်ကို ကျောင်းသား ၁၀၀ ခေါ်ယူခဲ့သောစနစ်နှင့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် တစ်နှစ်ကို ကျောင်းသား ၂၀၀ အထိ လက်ခံခေါ်ယူခဲ့မှု ဟူ၍ သစ်တောပညာအတွက် ကျောင်းသား လက်ခံသင်ယူစေခဲ့ပုံ အဆင့်ဆင့် ပြောင်းလဲ လာမှုကို တွေ့နိုင်ပါသည်။ တက္ကသိုလ်မှာ လည်း ထိုစဉ်က သစ်တောရေးရာဝန်ကြီး ဌာနအောက်ဖြစ်၍ ဝန်ကြီးဌာနက သတ်မှတ် ပေးသည့် အရေ အတွက်အတိုင်း ခေါ်ယူသွားခဲ့ ရပါသည်။
၂၀၁၄ ခုနှစ်တွင် သစ်တောတက္ကသိုလ် အာဏာပိုင်ပုဂ္ဂိုလ်များက သစ်တော တက္ကသိုလ်အား သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးရန်နှင့် B.Sc (Environmental Science) ဘွဲ့ပေးရန်ကိုပါ စဉ်းစားခဲ့ကြသည်။ သစ်တောတက္ကသိုလ်ကို တာဝန်ယူစီမံခန့်ခွဲ နေသော သစ်တောရေးရာဝန်ကြီးဌာနမှာ လည်း ၂၀၁၁ ခုနှစ်မှစတင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနဟူ၍ ခေါ်ဝေါ်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟူ၍ လည်း ပြောင်းလဲခဲ့သည်။
တက္ကသိုလ်အမည်ပြောင်းလဲမှု
ဝန်ကြီးဌာန၏ ထောက်ခံမှု၊ အစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် ၂၀၁၇ ခုနှစ်တွင် သစ်တောတက္ကသိုလ်မှ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ် UFES (University of Forestry and Environmental Science) အဖြစ် ပြောင်းလဲခဲ့ပါသည်။ အသစ်ဖြစ် ပေါ်လာသော University of Forestry and Environmental Science တွင် Faculty (မဟာဌာန) နှစ်ခု ပါဝင်သည်။ ယင်းတို့မှာ-
(က) သစ်တောပညာ မဟာဌာန (Faculty of Forestry)
( ခ ) ပတ်ဝန်းကျင် သိပ္ပံမဟာဌာန (Faculty of Environment) တို့ဖြစ်ပါသည်။
သစ်တောပညာမဟာဌာန အောက်တွင် ဌာန (Department) သုံးခု ရှိပါသည်။ ယင်း တို့မှာ-
(က) ရေရှည် တည်တံ့စေမည့် သစ်တောနှင့် သစ်တော ဂေဟဗေဒမဟာဌာန
( ခ ) ရေမြေနှင့်ရာသီဥတု ပညာ ဌာနနှင့်
( ဂ ) ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်း ကျင် သားငှက်ထိန်းသိမ်းမှု ပညာဌာန
ထိုနည်းတူစွာ ပတ်ဝန်းကျင်မဟာဌာန အောက်တွင်လည်း ဌာနသုံးခု ရှိပါသည်။
ယင်းတို့မှာ-
(က) ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေး၊ မူဝါဒနှင့် စီမံအုပ်ချုပ်မှုပညာဌာန
( ခ ) သဘာဝသယံဇာတ စီမံအုပ်ချုပ်မှု ပညာဌာနနှင့်
( ဂ ) ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ပညာ ဌာနတို့ ဖြစ်ပါသည်။
ဘာသာရပ်များတိုးတက်ပြောင်းလဲလာမှု
ဘာသာရပ်များမှာလည်း ယခင်ဘာသာ ရပ်များအပြင် RS-GIS, Biodiversity, Climatology, Social Forestry, Forestry Extension, Agroforestry, Wildlife management, Tree improvement, PAS-Protecte Area System, Research Manag-ement in Forestry, Ecotourism Practices, Environmental Management တို့ကို တိုးချဲ့သင်ကြားခဲ့သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘာသာရပ်များကို ပိုမိုတိုးချဲ့ ပြီး အသေးစိတ်သင်ကြားရန်ကိုလည်း သင်ရိုး လေ့လာပြောင်းလဲသင်ကြားသွားရန် ဖြစ်ပါ သည်။
တက္ကသိုလ်တစ်ခုလုံး၏ ဖွဲ့စည်းပုံပါ ဝန်ထမ်း စုစုပေါင်းအရေအတွက်မှာ ၃၀၀ ဖြစ်ပြီး ယခုအချိန်အထိ ဤတက္ကသိုလ်ရှိ ဝန်ထမ်းအရေအတွက် အများဆုံး ခွင့်ပြုခြင်း ဖြစ်ပါသည်။ သို့သော်လည်း အမှန်တကယ် ခန့်ထားနိုင်သော ဝန်ထမ်းဦးရေမှာ ၁၀၀ သာ ရှိပါသည်။
နိဒါန်းပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သစ်တောပညာရပ်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါသည်။ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုမှာ မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံများတွင်လည်း Forestry Education ကို လူငယ်၊ လူရွယ်များ စိတ်ဝင် စားမှု နည်းပါးလာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဂျာမနီနိုင်ငံ Eberswald မြို့ရှိ University of Forestry ကို ယခုအခါ Eber-swald University for Sustainable Deve-lopment အဖြစ်သို့ ပြောင်းလဲခဲ့ကြောင်း သိရပါသည်။ ထိုကဲ့သို့ပင် အခြားသစ်တောပညာသင်တက္ကသိုလ်များလည်းUniversity/ Institute of Environmental Science သို့ ပြောင်းလဲသွားသော တက္ကသိုလ်များလည်း ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၌ သစ်တောတက္ကသိုလ်မှ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်အဖြစ် ၂၀၁၇ ခုနှစ်တွင် ပြောင်းလဲပြီး သင်ကြားပေးလျက် ရှိပါသည်။
ပညာရပ်ပိုင်းဆိုင်ရာအနေဖြင့် သစ်တော ပညာသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပါ ထဲထဲဝင်ဝင် ဆက်စပ်နေသောကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ် ဆိုင်ရာ လေ့လာသော ပညာရပ်ဘက်သို့ တဖြည်းဖြည်းပြောင်းလဲနေကြောင်း တွေ့ရ ပါသည်။ ရှိပြီးမူလ သစ်တောပညာရပ်များ သည်ပင်လျှင် ခေတ်ကာလနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုအပေါ် လေ့လာပြီး ထည့်သွင်း သင်ကြားနေရပါသည်။ ဥပမာအားဖြင့် ဤပညာစတင်သင်ကြားချိန်က မပါရှိသော Social Forestry သည် ယနေ့ခေတ်ကာလ တွင် Joint Forest Management, Community Forestry ကိစ္စရပ်များအတွက် ထည့်သွင်းသင်ကြားပေးရသည်။
သစ်တောပြုန်းတီးမှုနှုန်း လျော့ပါးသွား စေရန် ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါး မှုသည် အခြေခံအကြောင်းရင်းဖြစ်သော ကြောင့် ယင်းအကြောင်းရင်းကို မပြုပြင်နိုင် ဘဲ ထိရောက်စွာ သစ်တောများကို ထိန်းရန်မှာ အလွန် မလွယ်လှပါ။ ယင်းမှာ သစ်တောပညာ ကို လူမှုရေးပိုင်းကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဖော်ပြနေပါသည်။ ထို့ကြောင့် ဖော်ပြပါကိစ္စများ ထည့်သွင်းစဉ်းစားကာ လက်တွေ့ကျသော အမြင်ဖြင့် ပြောရပါမူ သစ်တော ပညာရပ်သင်ကြားရေးတွင် “ပြည်သူလူထု ပါဝင်သော သစ်တောပြုစု ထိန်းသိမ်းရေး” ကို အလေးပေး သင်ကြားသင့် ကြောင်း တွေ့ရပါသည်။
အနာဂတ်သစ်တောပညာရပ်ကို ပုံဖော် ရာတွင်လည်း သစ်တောဘွဲ့ရများအား တာဝန်ပေးအသုံးပြုမည့် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနနှင့် NGO, INGO တို့သို့ Need Assessment ပြုလုပ်ကာ နှစ်နှစ်တန်သည် သုံးနှစ်တန်သည် တစ်ကြိမ်ကျစီ သင်ရိုးများ အား လေ့လာပြောင်းလဲ ရေးဆွဲသင့်ကြောင်း လည်း သုံးသပ်ရပါသည်။
နိဂုံးချုပ်အနေဖြင့် ရန်ကုန်တက္ကသိုလ် အောက်၌ ရှိခဲ့စဉ်က သစ်တောပညာဌာန၊ သစ်တောတက္ကသိုလ်၊ ယခုလက်ရှိ သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သည် ၁၉၂၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ B.Sc, MSc (Forestry) ဘွဲ့ရ ၃၀၀၀ ကျော် မွေးထုတ် ပေးခဲ့ပြီး ဖြစ်ပေသည်။ ၂၀၂၃ ခုနှစ်တွင် သစ်တောပညာ နှစ် ၁၀၀ ပြည့်မည်ဖြစ် သောကြောင့် ဤဘာသာရပ်ကို နှစ် ၁၀၀ တိုင်တိုင် မယိမ်းမယိုင်စေဘဲ သင်ကြားပြသ ထိန်းသိမ်းပေးခဲ့ကြသော ဆရာ ဆရာမများ အားလည်းကောင်း၊ သစ်တောဘွဲ့ရ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များအား လည်းကောင်း အထူးပင်ကျေးဇူးတင်ရှိရုံမျှမက အနှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီး တွင် အစပြုခဲ့သည့် သစ်တောပညာသည် လည်း နှစ် ၁၀၀ ပြည့်တော့မည်ဖြစ်ပေသည်။ ယင်းနှစ် ၁၀၀ ပြည့် ပွဲကြီးကို စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်စေရန်အတွက် ပါဝင် ကူညီကြပါရန်ကိုလည်း တိုက်တွန်းရပေ သည်။ ။
ကျမ်းကိုးများ
၁။ Ministry of Education, Arts and Science university , Yangon, Department of Forestry , Forestry Syllabus , 1980 December။
၂။ ဦးတင်လှ (သစ်တော) “သိတော့ သိတယ်-ရှားတယ်” သစ်တော ရေးရာဂျာနယ် (၅)၊ (၁၀)၊ (၁၁)၊ (၁၂) ၂၀၀၈ ခုနှစ်၊ မတ်လ၊ ဧပြီလနှင့် မေလ။
၃။ ဦးဇော်ဝင်း-၇၊ “သစ်တောပညာ သင်ကြားခြင်းနှင့် သစ်တောရေးရာ လုပ်ငန်းများအကြောင်း သိကောင်း စရာ” ၊ ၂၀၀၉ ခုနှစ်၊ သစ်တော တက္ကသိုလ်။
၄။ ဆရာကြီး ဦးဟုတ်လင်း (ညွှန်ကြား ရေးမှူး-ငြိမ်း)၊ သစ်တောဦးစီးဌာန အား တွေ့ဆုံမေးမြန်းခဲ့ခြင်း။
၅။ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၀.၁၀.၂၀၁၇ ရက်စွဲပါ စာအမှတ် - အုပ်ချုပ်မှု (ဖွဲ့စည်းပုံ) / ၂၀၁၇ (၁၄၁၇၀)၊ အမိန့်ကြော်ငြာစာအမှတ် (၃၀၆/၂၀၁၇)။

စာရေးသူ၏
အတ္ထုပ္ပတ္တိအကျဉ်း
---------------------------

- အမည်ရင်းမှာ ဒေါက်တာစန်းဝင်း ဖြစ်သည်။
- အမရပူရမြို့ဇာတိဖြစ်သည်။
- သစ်တောတက္ကသိုလ်သို့ ၁၉၈၀ တွင် တက်ရောက်ပြီး ၁၉၈၃ တွင် ဘွဲ့ရရှိသည်။
- ၁၉၈၄ တွင် သစ်တောဦးစီးဌာန အလုပ်ဝင်ရောက်သည်။
- ၁၉၉၃ မှ ၁၉၉၉ ထိ ဂျပန်နိုင်ငံ Tsukuba University တွင် သစ်တောအုပ်ချုပ်မှု ဘာသာရပ် ဖြင့် MSc and PhD ဘွဲ့ရသည်။
- Introduction to a Green Economy: Concepts and Application
- Introduction to Sustainable Consumption and Production in Asia
- Land Use Change Simulation Modelling 4
- ၂၀၂၀ ပြည့်နှစ်တွင် သစ်တော တက္ကသိုလ်မှ တာဝန်ခံ ပါမောက္ခ ချုပ်ဖြင့် သက်ပြည့်အငြိမ်းစားယူ သည်။