ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားကျွန်တော်

Type
၁

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားကျွန်တော်

=========================

 

စိန်ဝင်း

====

 

ယခုနှစ် ရာပြည့်ပွဲတော်ကျင်းပလျက်ရှိသည့် ရန်ကုန် တက္ကသိုလ်ကြီးတွင် ကျွန်တော်သည် ကျောင်းသား နှစ်ကြိမ် ဖြစ်ဖူးပါ၏။ ပထမအကြိမ်မှာ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ၏ စိန်ရတုကာလ ကျောင်းသားဖြစ်ခဲ့ပြီး ယင်းကာလ နှင့်ပတ်သက်၍ ရေးသားမှုများစွာ မတွေ့ရသောကြောင့် ကျွန်တော်တို့ကာလ အတွေ့အကြုံများကို ပြန်လည် မျှဝေလိုစိတ် ဖြစ်ပေါ်မိပါသည်။

ကျွန်တော်သည် ၁၉၇၂ ခုနှစ် မတ်လတွင် ကျင်းပ သော အခြေခံပညာအထက်တန်းစာမေးပွဲကို မေမြို့ (ယခု-ပြင်ဦးလွင်)မှ ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆေးတက္ကသိုလ်တက်ရန် အမှတ်မီသော်လည်း မိဘများ မှာ ငွေကြေးဖူလုံသူများမဟုတ်သဖြင့် ဆေးတက္ကသိုလ် တက်ရန် ထောက်ပံ့မည့်သူ နှစ်ဦးရှိသည့်ကြားမှ ရန်ကုန် တက္ကသိုလ်တက်လိုသဖြင့် အခြေခံသိပ္ပံပညာချွန်ဆု လျှောက်ထားခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်တက်လိုရခြင်းမှာ တက္ကသိုလ် ဘုန်းနိုင်၏ စာပေဩဇာကြောင့်ဟု ဆိုနိုင်ပါသည်။ ဒုတိယတန်း အတန်းတင်စာမေးပွဲအပြီး နွေကျောင်း ပိတ်ရက်တွင် တက္ကသိုလ် ဘုန်းနိုင်၏ “မိုးညအိပ်မက်မြူ” ကို စတင်ဖတ်ရှုမိပါသည်။ အိန္ဒိယ-မြန်မာ နယ်စပ်သို့ မြေတိုင်းထွက်ရသော လူပျိုဦးလေးမြေတိုင်းစာရေး တစ်ဦး၏ ပစ္စည်းများ ကျွန်တော်တို့အိမ်လာထားရာမှ တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုအထပ်လိုက် ပါရှိလာခြင်း ဖြစ်သည်။ စာဖတ်တတ်ခါစဖြစ်၍ “မောင်ညိုမှိုင်း”ကို စွဲသွားပါတော့သည်။ ထိုမှစ၍ တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုအမြောက်အမြားဖတ်ရှုမိခဲ့ရာ ဆရာ၏ဝတ္ထု နောက်ခံအများစုတွင် တက္ကသိုလ်နယ်မြေပါဝင်ပြီး ဇာတ်လိုက်အများစုမှာ တက္ကသိုလ်ဆရာဖြစ်သောကြောင့် တက္ကသိုလ်ဆရာဖြစ်လို၊ ရန်ကုန်တက္ကသိုလ် တက်လို ရခြင်းဖြစ်သည်။

သင်္ချာလူရည်ချွန်များ

ထိုစဉ်က အခြေခံသိပ္ပံပညာချွန်ဆုအဖြစ် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်သုံးခုကို ချီးမြှင့်ပြီး သတ်မှတ်ချက်မှာ ယင်းသုံးဘာသာ ဂုဏ်ထူးရရှိရမည့် အပြင် အဓိကယူမည့် ဘာသာရပ်၌ အမှတ် ၉၀ ကျော်လွန်ရမည် ဖြစ်သည်။ ကျွန်တော်က လေးဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး သင်္ချာနှင့် ရူပဗေဒဘာသာရပ် တို့၌ အမှတ် ၉၀ ကျော်သောကြောင့် အခြေခံသိပ္ပံ ပညာချွန်ဆု (သင်္ချာ)နှင့် (ရူပဗေဒ) တို့ကို ပထမနှင့် ဒုတိယ ဦးစားပေးအဖြစ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့ပါသည်။ တက္ကသိုလ်ဝင်ခွင့် အကြောင်းပြန်ကြားရာတွင် သင်္ချာဘာသာရပ်ဖြင့် တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ သင်္ချာ လူရည်ချွန်ရရှိသူများလည်း ဤဆုကို လျှောက်ထားနိုင်ရာ ကျွန်တော်၏ သူငယ်ချင်းများဖြစ်ကြ သော ဗိုလ်မှူးဇော်ဝင်းနိုင် (ကျောက်မျက် ပြတိုက်-ငြိမ်း)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တို့နှစ်ဦးမှာ သင်္ချာလူရည်ချွန်များလည်း ဖြစ်ကြပါသည်။

ပညာသင်ထောက်ပံ့ကြေး

ထိုစဉ်က ပညာသင်ထောက်ပံ့ကြေး(စတိုင်ပင်)မှာ ၇၅ ကျပ်ဖြစ်ပြီး အခြေခံသိပ္ပံပညာချွန်ဆု(စကောလားရှစ်)မှာ ကျပ် ၁၀၀ ဖြစ်ပါသည်။ အစိုးရဝန်ထမ်း အနိမ့်ဆုံး လစာမှာ ၈၂ ကျပ် ဖြစ်သဖြင့် ပညာချွန်ဆု ကျပ် ၁၀၀ မှာ မက်မောလောက်ဖွယ်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် ကျောင်းပိတ်ရက်များအပါအဝင် တစ်နှစ်ပတ်လုံးချီးမြှင့် သဖြင့် စာမေးပွဲအောင်မြင်ပါက တစ်နှစ်လျှင် ကျပ် ၁၂၀၀ ရရှိပါသည်။ မဟာသိပ္ပံတန်း တက်ရောက်လျှင် တစ်လ ၁၂၅ ကျပ်နှုန်း ချီးမြှင့်ပါသည်။ ကျောင်းလခမှာ တစ်လ လျှင် ၁၅ ကျပ်ဖြစ်ပြီး နှစ်လ တစ်ကြိမ် ပေးသွင်းရကာ အဆောင်ကြေးမှာ ၅၇ ကျပ်ဖြစ်ပြီး လစဉ်ပေးသွင်းရပါ သည်။ ကျောင်းလခ/အဆောင်ကြေးများ အကြွေး ကျန်ပါက အောင်စာရင်းထုတ်မပေးပါ။ အချို့သော ကျောင်းသားများမှာ အောင်စာရင်းထွက်ချိန် ပါမလာ သဖြင့် အကြွေးများသွင်းပြီးမှသာ အောင်စာရင်း ထုတ်ပေးခြင်းများ ရှိခဲ့ပါသည်။ အဆောင်ကြေး ၅၇ ကျပ် တွင် အဆောင်ခ (မီး/ရေအပါအဝင်) သက်သက်မှာ ၁၄ ကျပ်ဖြစ်ပြီး စားသောက်စရိတ်မှာ ၄၃ ကျပ် ဖြစ်သည်။ တစ်နှစ်တွင် အခါကြီးရက်ကြီး သုံးကြိမ်ခန့် အဆောင် ပိတ်ပါသည်။ အဆောင်ပိတ်ရက်တွင် ထမင်းမကျွေးဘဲ တစ်ကျပ် လေးဆယ်ပြား ပြန်ထုတ်ပေးပါသည်။ ထိုကာလက ထမင်းအဝစား နှစ်ကျပ်ခန့် ဖြစ်နေသဖြင့် ပြန်အမ်းငွေဖြင့် ထမင်းမစားလောက်ပါ။ အဆောင်ရှေ့တွင် လာရောင်းသော ဝက်သားလိပ် ငါးမူးဖိုး (ပြား ငါးဆယ်)၊ “ဦးချစ်”ဆိုင်အနီး ညဈေးတန်းတွင်ရောင်းသော ကြာဇံ ကြော် ငါးမူးဖိုးစား၍ အဆာဖြေရပါသည်။ နောက်ပိုင်းတွင် ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သော ရန်ကုန်တွင်အမျိုးရှိသည့် သူငယ်ချင်းများ၏အိမ်များရှိရာ လမ်းမတော် ကိုင်းတန်း လမ်း (သို့မဟုတ်) သုဝဏ္ဏ ကောက်လျင်လမ်းတို့သို့ အလည် လိုက်ပါ ထမင်းစားရပါတော့သည်။ ထမင်းအကြိမ်ကြိမ် စားရသဖြင့် သူငယ်ချင်းများ၏အမျိုးများမှာလည်း ယခု အချိန်အထိ ကျွန်တော်၏အမျိုးရင်းကဲ့သို့ ဖြစ်လာပါ တော့သည်။ မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးပါပေ။

အခြေခံသိပ္ပံပညာချွန်ဆု

ကျွန်တော်တို့မှာ အခြေခံသိပ္ပံပညာချွန်ဆုရ စတုတ္ထ အသုတ်ဖြစ်ပြီး ပထမဆုံးအသုတ်မှ ကိုတင်အောင်လွင် (အမေရိကန်ပြည်ထောင်စု)၊ ကိုမောင်မောင်စိုး (ကထိက- ငြိမ်း)၊ ကိုဝင်းနိုင် (ရန်ကုန်ကွန်ပျူတာတက္ကသိုလ်) (ကွယ်လွန်)တို့မှာ ထင်ရှားပါသည်။ ပထမအသုတ် လေး ယောက်အနက်ကျန်တစ်ဦးဖြစ်သော ကိုကျော်နိုင်(လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)မှာ နေ့ကျောင်းသား အဖြစ် ကျောင်းတက်သဖြင့် ကျွန်တော်တို့နှင့် ရင်းနှီးမှု နည်းပါသည်။

ဒုတိယအသုတ်မှ ကိုဇော်ဝင်း [ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခ(ငြိမ်း) ဒေါက်တာဇော်ဝင်း]၊ ကိုသန့်စင်မောင် (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး)၊ ကိုစောဝင်းမောင်(ဒေါက်တာစောဝင်းမောင်-ငြိမ်း) တို့မှာ ထင်ရှားပါသည်။ ဒုတိယအသုတ် ခြောက်ဦးတွင် ကိုတိုင်းအေး၊ ကိုဝင်းကိုနှင့် ကိုထွန်းလင်းတို့လည်း ပါဝင် ပါသည်။

တတိယအသုတ် ၁၁ ဦးတွင် မရီမြင့်(ဒေါက်တာ ဒေါ်ရီမြင့် သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုယဉ်ဝင်းမောင် (ပါမောက္ခချုပ်-ငြိမ်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်)၊ ကိုရဲမြင့် (သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုတိုးအောင် (သင်္ချာပါမောက္ခ-ငြိမ်း)၊ ကိုမျိုးချစ်(ကြီး) (တွဲဖက် ပါမောက္ခ-ငြိမ်း)၊ မကြည်ကြည်မြင့်(တွဲဖက်ပါမောက္ခ-ငြိမ်း)တို့ ထင်ရှားပါသည်။ ကိုကျော်ဌေး(ကလေး)၊ ကိုတင်ထွန်း(မြင်းခြံ)၊ ကိုစောလှထွန်း(ပခုက္ကူ)၊ ကိုဝင်းမြင့် (ကသာ)တို့ လေးဦးမှာ ကွယ်လွန်သွားနှင့်ကြပြီ ဖြစ်သည်။ ကိုဟန်ရှင်ဝင်းမှာ ထူးခြားစွာ ရှေ့နေလုပ်လျက် ရှိပါသည်။

အငြိမ်းစားယူသွားကြပြီဖြစ်

ကျွန်တော်တို့စတုတ္ထအသုတ်သည် လူအများဆုံး ၂၀ အပြည့်ဖြစ်ပြီး ကျောင်းသူ ငါးဦး ပါရှိရာ မခင်လွင်မေ၊ မစန်းတင်၊ မမူမူ၊ မမာမာ၊ မခင်ခင်အေးတို့ဖြစ်ပြီး မခင်ခင်အေးမှာ စတုတ္ထနှစ်တွင် ကွန်ပျူတာဘာသာရပ် ဘက်သို့ ပြောင်းရွှေ့သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားပါသည်။ ကျန်လေးဦးမှာ တက္ကသိုလ် ဆရာမကြီးများအဖြစ် တာဝန်ထမ်းဆောင်ကြပြီး အငြိမ်းစားယူသွားကြပြီဖြစ်သည်။ ယောက်ျားလေး များတွင် ကောလင်းသား ကိုကျော်ဆွေတင့်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ဖြင့်အငြိမ်းစားယူပြီး ဝန်းသိုသား ကိုခင်မောင်ကြွေ မှာ လက်ရှိအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ကိုကျော်ဆွေတင့်မှာ ညနေစောင်းတွင် တက္ကသိုလ်ဓမ္မာရုံသို့ ပရိတ်ရွတ် သွားလေ့ရှိရာ ကျွန်တော်က အဖော်လိုက်လေ့ရှိပါသည်။ သူက ပရိတ်များ အလွတ်ရွတ်ဆို ပူဇော်ပြီး ကျွန်တော်က စာအုပ်ကြည့်၍ လိုက်ဖတ်ပါသည်။

 

n စာမျက်နှာ ၆ မှ

ယခု ပရိတ်ကြီးများ အလွတ်ရွတ်ဆိုနိုင်ခြင်းမှာ သူ့ကျေးဇူးပါပေ။ ရေဦးသား ကိုသန်းညွန့်မှာ စစ်ကိုင်း တိုင်းဒေသကြီး ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဦးသန်းညွန့်ဝင်းဖြစ်ပြီး မုံရွာသား ကိုမြင့်သိန်းနှင့် ကိုမျိုးချစ်(လေး)တို့မှာ မုံရွာတွင် ပုဂ္ဂလိကလုပ်ငန်း လုပ်နေကြပါသည်။ မြင်းမူသား ကိုစောလွင်မြင့်မှာ မီးသတ်ဌာနတွင် တာဝန်ထမ်းဆောင် ရာမှ အငြိမ်းစားယူပြီးဖြစ်သည်။

မြောင်သား ကိုမင်းစိန်သည် ကွယ်လွန်သွားရှာပြီ ဖြစ်ပါသည်။ ရေစကြိုသား ကိုအောင်သူမှာ ပညာရေးဌာန တွင် တောက်လျှောက်အမှုထမ်းခဲ့ပြီး တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူချိန်တွင် နိုင်ငံရေး နယ်ပယ်သို့ ကူးပြောင်းရောက်ရှိသွားခြင်း ဖြစ်ပါသည်။ မန္တလေးသား ကိုစောထွန်းမှာ အမေရိကန်နိုင်ငံတွင်  အခြေချလျက်ရှိပါသည်။ မြင်းခြံသား ကိုဇော်ဝင်းနိုင်မှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာမှ မျက်စိရောဂါ ကြောင့် သတ္တုတွင်းဝန်ကြီးဌာနသို့ ကူးပြောင်းခဲ့ပြီး ကျောက်မျက်ပြတိုက်မှ အငြိမ်းစားယူခဲ့ပါသည်။ တောင်သာ၊ ဝဲလောင်သား ကိုမျိုးသန့်ထွန်းမှာ သင်္ချာ ဆရာအဖြစ် ရန်ကုန်တွင် အခြေကျနေပါသည်။ ရေနံချောင်းသား ကိုသန်းဝင်းမှာ စစ်တက္ကသိုလ်တွင် သင်္ချာပါမောက္ခ/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် အလုပ်သမားဝန်ကြီးဌာနသို့ ကူးပြောင်း၍ ညွှန်ကြားရေးမှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့ ပါသည်။

ပဲခူးသား ကိုတင်အောင်မှာ ပညာရေးဌာနတွင် တောက်လျှောက်အမှုထမ်းခဲ့ပြီး ပါမောက္ခချုပ်အဖြစ် အငြိမ်းစားယူခဲ့ကာ လက်ရှိတွင် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်ဇာတိ ကိုသိန်းဌေးမှာ သစ်တောအမှုထမ်း မိဘများ ပြောင်းရွှေ့ရာသို့ လိုက်ပါရာမှ ၁၀ တန်း  အောင်မြင်ချိန်တွင် ရခိုင်တိုင်း၊ ကျောက်ဖြူခရိုင်၊ အထက (မြေပုံ)မှ အောင်မြင်လာခြင်း ဖြစ်သည်။ တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်ဘက်သို့ကူးပြောင်းခဲ့ရာ အကောက်ခွန်ဦးစီးဌာနမှ အငြိမ်းစားယူခဲ့ပါသည်။ ပင်းယဆောင်တွင် အတူနေထိုင် ခဲ့ကြသော ရူပဗေဒနှင့် ဓာတုဗေဒမှ သူငယ်ချင်းများ အကြောင်း ရေးလိုသော်လည်း စာမျက်နှာငဲ့ရသဖြင့် ချန်လှပ်ထားခဲ့ရသည်ကို ခွင့်လွှတ်ကြပါရန်။

ပညာသင်ဆုများ

ကျွန်တော်တို့ တက္ကသိုလ်စတင်တက်ရောက်ချိန်က ပါမောက္ခချုပ်မှာ ဒေါက်တာမောင်မောင်ခဖြစ်ပြီး မော်ကွန်းထိန်းမှာ ဒေါ်စိန်စိန် ဖြစ်သည်။ ဆရာကြီး၏ အမည်ကို ၉ တန်း/ ၁၀ တန်း တက်စဉ်ကတည်းက ရင်းနှီးပါသည်။ အကြောင်းမူ ထိုစဉ်က သင်ကြားရသော ရူပဗေဒသင်ရိုးစာအုပ်များကို ပြုစုသူမှာ ဒေါက်တာ မောင်မောင်ခနှင့် ဦးစံသာအောင်တို့ ဖြစ်သောကြောင့် တည်း။ ဆရာကြီး ဒေါက်တာမောင်မောင်ခ (ဆရာခ ဟုလည်းခေါ်ကြသည်)၏ မျက်နှာမှာ အစဉ်ပြုံးနေပါသည်။ မှတ်မှတ်ရရ ကျွန်တော်တို့ ပထမနှစ်ကျောင်းသားတစ်စု ပါမောက္ခချုပ်ရုံးခန်းသို့ အရေးဆိုရန် သွားဖူးပါသည်။ ပညာသင်ဆုများ ကျောင်းဖွင့်ပြီး သုံး၊ လေးလကြာသည်အထိ ထုတ်ယူခွင့်မရသေးသောကြောင့် ဖြစ်သည်။ ‘စာမေးပွဲကြေး သွင်းရန်’ ငွေစာရင်းဌာနက နောက်ဆုံးရက်သတ်မှတ်၍ ကြေညာသောအခါ ငွေပြတ်လပ်နေပြီ ဖြစ်ကြသဖြင့် အရေးဆိုရန်သွားကြခြင်း ဖြစ်သည်။ ဆရာကြီးက သူ့စားပွဲရှေ့ရှိ ကုလားထိုင်များတွင် ထိုင်စေပြီး အကျိုးအကြောင်း မေးမြန်းပါသည်။ အကြောင်းစုံ သိသောအခါ ဆောင်ရွက်ပေးမည်ဟု ပြောသဖြင့် ဝမ်းမြောက်စွာ ပြန်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် အရေးအခင်း တွင် ကျောင်းသားများက ပါမောက္ခချုပ် (ဦးကာဟု ထင်သည်)၏ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖတ်ရှုခဲ့ ရသည့် ကျွန်တော်က “ဘယ်လိုအရေးအခင်းပဲဖြစ်ဖြစ် ဆရာခကိုတော့ ရန်မူမယ်မထင်” ဟု ပြောမိပါသေးသည်။ ဆရာခ အငြိမ်းစားယူသောအခါ ပါမောက္ခချုပ်ဖြစ်လာသူမှာ ဒေါက်တာမောင်ဒီ ဖြစ်သည်။ “က ကြီး၊ ခ ခွေး ပြီးတော့ အေ၊ ဘီ၊ စီ၊ ဒီ” ဟု ဆိုကြပါသေးသည်။

ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်

ကျွန်တော်တို့ သင်္ချာဌာန၏ ပါမောက္ခမှာ ဗိုလ်မှူး ဒေါက်တာချစ်ဆွေ ဖြစ်သည်။ ဗိုလ်မှူးမှာ တက္ကသိုလ် အရန်တပ်၏တပ်မှူးဖြစ်သဖြင့် တပ်မတော်က ခန့်အပ် ထားခြင်းဖြစ်ပါသည်။ နွေရာသီစခန်းချလေ့ကျင့်ရာတွင် လိုက်ပါနိုင်ပါက ဗိုလ်မှူးအဆင့် စစ်ဝတ်စုံ ဝတ်ဆင်ရပြီး ဗိုလ်မှူးလစာ ခံစားခွင့်ရှိပါသည်။ သင်္ချာဌာနမှူးမှာ ဦးမျိုးညွန့်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားဘာသာသင် တက္ကသိုလ်၏ကျောင်းအုပ်ကြီးတာဝန် ထမ်းဆောင် ခဲ့ပါသည်။

ပထမနှစ်တွင် သင်ကြားရသော အခြေခံကဲကုလသင်္ချာ ကို ကထိက ဒေါ်သိန်းတင့် (မဟာဝိဇ္ဇာ)က သင်ကြားပေးပါ သည်။ ကျွန်တော်တို့ သင်္ချာဘာသာရပ်မှာ မူလက လက်တွေ့ဆောင်ရွက်ရမှု မပါရှိသဖြင့် ဝိဇ္ဇာဘာသာတွဲတွင် ပါဝင်သည်ဟုဆိုပါသည်။ နောက်ပိုင်းကျမှသာ အခြေခံသိပ္ပံ ပညာရပ်အများစု၌ သင်္ချာမပါလျှင်/သင်္ချာ မတတ်လျှင် မဖြစ်သောကြောင့် သိပ္ပံဘာသာတွဲ ဖြစ်လာသည်ဟု ဆိုပါသည်။ သိရှိသူများ အတည်ပြုပေးကြပါကုန်။

တက္ကသိုလ်ကျောင်းသားဘဝကို

ပျော်ရွှင်စွာ ဖြတ်သန်း

၁၉၇၂ ခုနှစ် ရန်ကုန်တက္ကသိုလ် (ထိုစဉ်က ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်) သို့ တက်ရောက်ရာတွင် ကျွန်တော်တို့ နယ်ကျောင်းသားအားလုံးမှာ ပင်းယဆောင်တွင် လည်းကောင်း၊ နယ်ကျောင်းသူအားလုံးမှာ အင်းလျား ဆောင်တွင်လည်းကောင်း နေထိုင်ကြရပါသည်။ ကျွန်တော်တို့ အခြေခံသိပ္ပံပညာချွန်ဆုရ (သိပ္ပံချွန်)ကျောင်းသားအားလုံးကို ပင်းယဆောင် အဆောင်မှူး ဒေါက်တာသန်းထိုက် (ကုန်ထုတ်ဓာတုဗေဒ) (အိမ်တွင်း စက်မှုလက်မှု ညွှန်ကြားရေးမှူးချုပ်အဆင့်ဖြင့် အနားယူ သည်) က အပေါ်ဆုံးထပ်တွင် နေရာချထားပေးပါသည်။ ကျွန်တော်တို့အချင်းချင်း မကြာမီ ရင်းနှီးသွားပြီး တက္ကသိုလ် ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါတော့သည်။

အဆောင်ကျောင်းသားဘဝတွင် ညနေစာ စားပြီး ချိန်တိုင်းလိုလို အင်းလျားကန်ဘက်သို့ လမ်းလျှောက် ထွက်လေ့ရှိကြပါသည်။ အဓိပတိလမ်းအတိုင်း ဘွဲ့နှင်း သဘင်အနီး တံခါးပေါက်မှ အင်းလျားလမ်းသို့၊ ၎င်းမှ ကန်ပေါင်သို့ လမ်းလျှောက်ကြပါသည်။ ရံဖန်ရံခါတွင် ကန်ပေါင်အဆုံးအထိလျှောက်ပြီး များသောအားဖြင့် ကန်ပေါင်အလယ် (တံတားဖြူတည့်တည့်) လောက်မှ ပြန်လှည့်ကာ ပြည်လမ်းမကြီးအတိုင်း လှည်းတန်းလမ်းဆုံသို့လျှောက်ကြပါသည်။ လှည်းတန်းလမ်းဆုံတွင် ဈေးဆိုင်တန်းများ၌ လျှောက်ကြည့်ပြီး စာအုပ်ဆိုင်တွင် အသစ်ထွက်သောစာအုပ်များ မြည်းစမ်းကြပါသည်။ ထိုစဉ်က လစဉ်စာအုပ် အမြောက်အမြားထွက်ရှိပြီး စိတ်ဝင်စားသော စာအုပ်ကို စာအုပ်ဆိုင်တွင် ဖတ်ရှုနိုင် ပါသည်။ မှတ်မှတ်ရရ ဘာသာပြန်ဝတ္ထုတစ်အုပ်ဆိုလျှင် နေ့စဉ်နည်းနည်းစီ ဖတ်သွားရာ စာအုပ်တစ်အုပ်လုံး မကြာမီဖတ်ရှုပြီးစီးသွားပါတော့သည်။

အဆောင်မှာ

နာမည်ကျော် ဂျီဟောဖြစ်

လှည်းတန်းမှ အပြန်တွင် ရာမညဆောင်ရှေ့ရှိ အပေါက်မှဝင်၍ “ဦးချစ်”ဆိုင် အနီးမှဖြတ်ကာ တောင်ငူ ဆောင်အရှေ့မှထွက်ပြီး ရွှေဘိုဆောင်ရှေ့ဖြတ်လျက် အဓိပတိလမ်းအတိုင်း အဆောင်သို့ပြန်လေ့ရှိပါသည်။ ရံဖန်ရံခါ ပြည်လမ်းလိပ်ခုံးတွင် ပန်းချီပြပွဲ၊ စာအုပ်ပြပွဲ၊ သံရုံးများမှ ပြပွဲများရှိပါက လမ်းလျှောက်၍ သွားကြည့် ကြပါသည်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ရံဖန်ရံခါ ရွှေတိဂုံဘုရားသို့ လမ်းလျှောက်၍ သွားဖူးကြပါ သေးသည်။ အင်းလျားလမ်းအတိုင်းသွား၍ ဘောင်ဒရီ လမ်း၊ လင့်လမ်းမှတစ်ဆင့် အာဇာနည်ကုန်းအနီးမှဖြတ်၍ မြောက်ဘက်မုခ်မှ တက်ရောက်ဖူးမြော်ကြပါသည်။ ဆောင်းရာသီ လူထုအားကစားလ လမ်းလျှောက်ပွဲများကျင်းပရာတွင်လည်း အဆောင်များမှထွက်၍ ပြည်လမ်းမ အတိုင်း ဟံသာဝတီအဝိုင်းအထိ အသွား၊ အပြန် လမ်းလျှောက်ကြပါသည်။ ထိုစဉ်က ကားအစီးရေ မများ သေးသဖြင့် လမ်းလျှောက်ရ အင်မတန်ကောင်းပါသည်။

ထိုစဉ်က ရန်ကုန်မြို့တွင် ကျွန်တော်မှတ်မိသလောက် ဘတ်စ်ကားလိုင်း ၁၇ လိုင်းရှိပြီး ကျွန်တော်တို့ ကျောင်းအနီးတွင် ဖြတ်သောဘတ်စ်ကားများမှာ “၈”၊ “၉” နှင့် “၁၆” တို့ ဖြစ်ပါသည်။ “၈” ကားသည် အင်းစိန်မှ ဗိုလ်တထောင်သို့ ပြေးဆွဲပြီး “၉”ကားသည် ထောက်ကြံ့မှ ဗိုလ်တထောင်သို့ ပြေးဆွဲပါသည်။ “၁၆” ကားမှာ သင်္ဃန်းကျွန်းမှ တောင်ဥက္ကလာသို့ ပြေးဆွဲပါသည်။ ကျွန်တော်တို့ကျောင်းမှ မြို့ထဲ (ဆူးလေ)သို့ ကားခ ပြား ၂၀ ဖြစ်ပြီး အင်းစိန်သို့လည်း ပြား ၂၀ ပင် ဖြစ်ပါသည်။ လှိုင်နယ်မြေရှိ သမိုင်းကျောင်းဆောင်များသို့ ၁၀ ပြား ဖြစ်ပါသည်။ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် တိ/ မွေး/ ကုတက္ကသိုလ်တက်သော ကျောင်းသားများမှာ သမိုင်းဆောင်များတွင် နေထိုင်ကြရပါသည်။ ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်းရှိရာ သမိုင်း ကျောင်းဆောင်များသို့ ရံခါသွားရောက်လည်ပတ်ကြပါ သည်။ ထိုကျောင်းဆောင်များမှ ကျောင်းသားများ ကျောင်းတက်ရန် လပေးလက်မှတ်ပြုလုပ်ခွင့်ပေးထားသဖြင့် ထိုကျောင်းသားအများစုမှာ လပေးလက်မှတ်ဖြင့် ဘတ်စ်ကား စီးကြပါသည်။ စက်မှုတက္ကသိုလ်မှ အတန်းကြီးကျောင်းသားများမှာမူ စက်မှုတက္ကသိုလ်ဝင်း အတွင်းရှိ အဆောင် A မှ F အထိ ကျောင်းဆောင်များတွင် နေထိုင်ကြပြီး မိန်းကလေးများ၏ အဆောင်မှာ နာမည် ကျော် ဂျီဟောဖြစ်သည်။ (ဆက်လက်ဖော်ပြပါမည်)