ရန်ကုန်တက္ကသိုလ်နှင့် အင်းလျားကန်သာ
======================
မြင်မောင်စိုး
=======
ရန်ကုန်တက္ကသိုလ်သို့ ပညာသင်ယူတက်ရောက်ခဲ့ဖူးသော ကျောင်းသား ကျောင်းသူတိုင်း အင်းလျားကန်ပေါင်ပေါ် မရောက်ဖူးသူ ရှိလိမ့်မည်မထင်။ ကျွန်တော်ကိုယ်တိုင် လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် အကြိမ်များစွာ ရောက်ခဲ့ဖူးသည်။ အကြောင်းသည်ကား အင်းလျားကန်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအတွက် အပန်းဖြေ အနားယူရန် အကောင်းဆုံးနေရာ ဖြစ်နေခြင်းကြောင့် ပင်။
သို့သော် ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့သည်ဆိုခြင်းမှာ အပတ်စဉ် တနင်္လာ နေ့မှ သောကြာနေ့အထိ တက်ရောက်ရသော နေ့ ကျောင်းသားအဖြစ် တက်ရောက်ခဲ့ခြင်း မဟုတ်ပါ။ အဝေးသင်ကျောင်းသားအဖြစ်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ အဝေးသင်ကျောင်းသားတွင် သိပ္ပံဘာသာတွဲ ကျောင်းသားဖြစ်၍ စနေနှင့် တနင်္ဂနွေ တစ်ပတ် နှစ်ရက် တက်ခဲ့ရခြင်း ဖြစ်သည်။ ထိုတစ်ပတ် နှစ်ရက် ကျောင်းတက်ရသည်ကိုပင် ကျွန်တော်တို့ အလွန်ပျော်ခဲ့ ကြသည်။
မြည်းစမ်းခွင့်ရ
ဘွဲ့နှင်းသဘင်ခန်းမ၏ ရှေ့ဘက်၊ အဓိပတိ လမ်းမကြီး၏ ဝဲဘက်ခြမ်းတွင် သိပ္ပံဆောင်များရှိသည်။ ကျောင်းဖွင့်သည့်နှစ်ရက်တွင် Lecture လိုက်သည်။ လက်တွေ့သင်ခန်းစာများ လုပ်ကြသည်။ ပြီးတော့ ကန်တင်းထိုင်ကြသည်။ စကားစမြည်ပြောကြ၊ တစ်ဦးနှင့် တစ်ဦး မိတ်ဆွေဖွဲ့ကြနှင့် ရန်ကုန်တက္ကသိုလ်၏ အရသာကိုအပြည့်အဝ မဟုတ်သည့်တိုင် မြည်းစမ်းခွင့် ရခဲ့ပါသည်။
ထိုစဉ်က အဝေးသင်ပညာရေးစနစ်သည် ခေတ် အစားဆုံးပညာသင်ကြားမှုပင် ဖြစ်သည်။ နိုင်ငံရေး အခြေအနေကြောင့် နေ့ကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် အဝေးသင်ပညာရေးကိုသာ အလေးထား နေရသောအချိန်ဖြစ်သည်။ အဝေးသင်ပညာရေး ရေစီးကြောင်း ပြောင်းလဲလာမှုမှာလည်း တက္ကသိုလ် ပညာရေးပြောင်းလဲမှု၏ တစ်စိတ်တစ်ဒေသဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
မြန်မာနိုင်ငံတွင် သက်ကြီးတက္ကသိုလ်ဆိုတာ ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုသက်ကြီးတက္ကသိုလ်နေရာတွင် လုပ်သားများကောလိပ်နှင့် အစားထိုးခဲ့သည်။ လုပ်သား ကောလိပ်သည် ဗိုလ်တထောင်ဘုရားလမ်းတွင် ရှိသည်။ အလုပ်လုပ်ရင်း ပညာသင်ကြားရသူများအတွက် အလွန် အဆင်ပြေခဲ့သည်။ ထိုလုပ်သားများကောလိပ်သည်လည်း အခြေအနေအကြောင်းကြောင်းကြောင့် ရပ်တန့်သွားခဲ့ ရသည်။
လုပ်သားများကောလိပ်အစား အဝေးသင်တက္ကသိုလ် နှင့် အစားထိုးလာသည်။ အဝေးသင်ပညာရေးတွင် ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲ ခွဲခြားထားသည်။ ဝိဇ္ဇာတွဲသည် အနီးကပ် သင်တန်းဖြစ်သည်။ စာစဉ်များပေး၍ သင်ကြားမှုလည်း ဖြစ်သည်။ သိပ္ပံတွဲကျောင်းသားများသည် စနေနှင့် တနင်္ဂနွေ တစ်ပတ် နှစ်ရက် တက်ရခြင်းဖြစ်သည်။ အဝေးသင် တက္ကသိုလ်ကို လေးနှစ်သင်ကြားပြီးမှ ဘွဲ့ရသည်။ ကျွန်တော်တို့တုန်းက ပထမနှစ်နှင့် ဒုတိယနှစ်ကို ကြည့်မြင်တိုင်ရှိ အာရ်စီသရီးဟုခေါ်သည့် ဒေသကောလိပ်၌ တက်ရသည်။ ထိုကောလိပ်တွင် နှစ်နှစ်ပညာသင်ရသည်။ ပြီးမှ တတိယနှစ်နှင့် စတုတ္ထနှစ်ကို ရန်ကုန်တက္ကသိုလ်တွင် သင်ရခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ဒြပ်အောက်တွင်
ရင်းနှီးကျွမ်းဝင်ခဲ့ရ
ဤသို့ဖြင့် ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဖြစ်ခဲ့ဖူးသည်။ ရန်ကုန်တက္ကသိုလ်၏ ပညာရည်နို့သောက်စို့ဖူးပါသည်။ ရန်ကုန်တက္ကသိုလ်၏ အငွေ့အသက်၊ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ဒြပ်အောက်တွင် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်၏ သွန်သင် ပြသမှု၊ ဆိုဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ သို့အတွက် သစ်ပုပ်ပင်ကြီးအောက်တွင်လည်း ထိုင်ဖူးသည်။ ကံ့ကော် ပန်းရနံ့များကို ရှူရှိုက်ရင်း အဓိပတိလမ်းမကြီးပေါ်တွင် လည်း လျှောက်ဖူးသည်။ နီနီစွေးစွေး ရဲရဲတောက် စိန်ပန်း ပွင့်ချိန်လည်း ကြုံဖူးသည်။ အဝေးသင်ပညာရေး တစ်ခေတ် တွင် ရန်ကုန်တက္ကသိုလ်၏အရသာကို ကိုယ်တွေ့ကြုံ ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်ဟုပြောလျှင် အဝေးသင် ပညာရေးကိုလည်း ထည့်သွင်းဖော်ပြမှ ပြည့်စုံလိမ့်မည်ဟု ကျွန်တော် မှတ်ယူထားသည်။
ယနေ့အချိန်အခါတွင် အဝေးသင်ပညာရေးနှင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရကျောင်းပြီးသော အရပ်ဘက်၊ နယ်ဘက်၊ စစ်ဘက်နယ်ပယ်အသီးသီးတို့၌ တာဝန် ထမ်းဆောင်နေကြသူများ အများအပြားပင် ရှိပါသည်။ နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်များကို ထမ်းရွက်လျက် ရှိပါသည်။ အဝေးသင်ပညာရေးသည် ခေတ်စနစ် တစ်ခု အရ ပေါ်ပေါက်ခဲ့သော ပညာရေးဖြစ်သည်။ ရန်ကုန် တက္ကသိုလ်သည် အဝေးသင်ပညာရေးနှင့် တစ်သီးတစ်ခိုင် တစ်သားတည်းပင် ဖြစ်သည်။
b စာမျက်နှာ ၆ မှ
ဪ - အမိတက္ကသိုလ် ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်မွေးဖွားလာခဲ့သည်မှာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဆိုလျှင် နှစ်ပေါင်း ၁၀၀ ပြည့် မြောက်တော့မည်ပါလား။ ထိုနှစ် ၁၀၀ ဆိုသော ကာလ အပိုင်းအခြားတွင် အဝေးသင်ပညာရေးသည်လည်း တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေသည်ဆိုခြင်းမှာ အသေအချာပင်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တက်ရောက်ဖူးသူ ကျောင်းသား ကျောင်းသူတိုင်းသည် မိမိတို့ကျင်လည်ရာ အခိုက်အတန့် တစ်ခုတွင် သတိရစရာ၊ အမှတ်ရစရာများ ရှိကြပေလိမ့် မည်။ ထိုထက်ပို၍ဆိုရလျှင် လွမ်းမောဖွယ်ရာများ၊ တမ်းတလွမ်းစရာများ ရှိကြ၊ ကျန်ရစ်ကြမည်သာ ဖြစ်သည်။
အင်းလျားကန်ကြီးနံဘေးတွင် တည်ဆောက်ခဲ့
ကျွန်တော့်အတွက်တော့ အင်းလျားကန်သည် သတိရစရာ၊ အမှတ်ရစရာနေရာတစ်ခုလို့ ဆိုရပေလိမ့် မည်။ အမှန်တကယ်တော့လည်း ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်စဉ်ကပင် အကောင်းဆုံး တက္ကသိုလ် ကြီးတစ်ခုအဖြစ် ပုံဖော်ဖန်တီးရန် ရည်ရွယ်လျက် ထိုအင်းလျားကန်ကြီးနံဘေးတွင် တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။
အင်းလျားကန်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ အဓိက အပန်းဖြေ အနားယူရာ နေရာတစ်ခု ဖြစ်သည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ ကပ်လျက်တည်ရှိနေခြင်းကပင် အသွား အလာများပြားနေခြင်း ဖြစ်သည်။ အင်းလျားလမ်းကို ကျော်လိုက်သည်နှင့် အင်းလျားကန်ကိုရောက်သည်။ ဘွဲ့နှင်းသဘင်ခန်းမနောက်ပေါက်က ထွက်လိုက်လျှင် လည်း အင်းလျား၏ အလှ၊ အင်းလျား၏ ပသာဒကို ခံစားနိုင်သည်။ သို့အတွက်ကြောင့်လည်း အင်းလျားနှင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် အင်းလျားကို ခွဲခြား၍မရပေ။ ရန်ကုန်တက္ကသိုလ်အကြောင်းပြောလျှင် အင်းလျားမပါလျှင် မပြီး။ အင်းလျားအကြောင်းပြောလျှင် လည်း ရန်ကုန်တက္ကသိုလ်အကြောင်း ချန်ထား၍မရ ဖြစ်မည်သာ။
အင်းလျားကန်သာသည် ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းက သစ်ပုပ်ပင်ကြီးလိုပင် အထင်ကရ နေရာတစ်ခုပင် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာနို့ရည် သောက်ဖူးသူတိုင်း သစ်ပုပ်ပင်ကြီး အောက်တွင် နားခိုဖူးသလို အင်းလျားကန်ပေါင်ပေါ်လည်း လျှောက်ဖူးကြပေလိမ့်မည်။ အင်းလျားကန်အလှကို ခံစားဖူးကြမည်သာ။ အထူးသဖြင့်တော့ ရန်ကုန် တက္ကသိုလ်တွင် ပညာရှာရင်း ကြင်ရာပါ ရသွားကြသည့် ချစ်သူစုံတွဲလေးများ၏ ကွန်းခိုရာနေရာဖြစ်သည်။ ချစ်သူ စုံတွဲလေးများ၏ ပျော်စံရာနေရာပင် မဟုတ်ပါလား။
ထို့ကြောင့်လည်း မြန်မာသံစဉ် ဂန္ထဝင်အဆိုတော် ကြီး တွံတေးသိန်းတန်က -
“ကျောင်းဖွင့်ချိန် x x x စိန်ပန်းတွေလည်း မြေမှာကြဲပြန့်နေ x x x ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့ တွေ့ရာမြေ x x x တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်နယ်မြေ x x x ”ဟူ၍ သီဆိုခဲ့လေသည်။
စိန်ပန်းပင်များကလည်း
ပန်းများအစွမ်းကုန် ဖူးပွင့်
တက္ကသိုလ်ကျောင်းတော်ကြီးဖွင့်ချိန် နွေအနှောင်း မိုးအဆန်း အခါသမယ ဇွန်၊ ဇူလိုင်လလောက်တွင် စိမ်းစိမ်းနုနု ရွက်ညှာများအထက် ရောယှက်ကာ ပွင့်လန်း နေသော ရဲရဲနီ စိန်ပန်းပွင့်များသည် ပင်ယံထက်မှာတစ်မျိုး၊ မြေလွှာထက်မှာတစ်ဖုံ ကြဲပြန့်လျက်ရှိကြသည်။ အင်းလျား ကန် ပန်းခြံအတွင်းရှိ စိန်ပန်းပင်များကလည်း ပန်းများ အစွမ်းကုန် ဖူးပွင့်ဝေဆာလျက်ရှိသည်။
အင်းလျားကန်ပန်းခြံအတွင်း မျက်ခင်းစိမ်းပေါ်တွင် ထိုင်၍ အပန်းဖြေအနားယူနေကြသူများ၊ ရေပြင်ကို ကြည့်လျက် အဝေးသို့ ငေးမောနေကြသူများဖြင့် အေးချမ်း သာယာလျက်ရှိသည်။ နေခြည်နုနု ညနေချမ်းအချိန်အခါ မှာတော့ အင်းလျားကန်ပေါင် မြေနီလမ်းလေးအတိုင်း လမ်းလျှောက် အပန်းဖြေကြသူများဖြင့် စည်ကားနေတတ် သည်။ ကန်ပေါင်ထိပ်တစ်ပင်တည်းသော ညောင်ညိုပင်ကြီး အနီး အကြော်ဆိုင်များမှာတော့ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အကြော်စားသူစား၊ လက်ဖက်ရည်၊ ကော်ဖီ၊ အအေးသောက်သူသောက်ဖြင့် စည်ကားလို့နေတတ်သည်။ ဘူးသီးကြော်၊ ဗယာကြော် ပူပူနွေးနွေး ကြွပ်ကြွပ်ရွရွလေး စားရင်း အင်းလျားရေပြင်ပေါ်မှ ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးလေးအရသာကို ခံစားရသည်မှာ ကျောင်းသား ကျောင်းသူတိုင်းအတွက် မေ့ပစ်နိုင်စရာမဟုတ်။
အင်းလျားကန်သာ
ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များ တက္ကသိုလ်ပညာရှာရင်း အင်းလျားကန်သာမှာ အပန်း ဖြေအနားယူခဲ့ကြသည်။ ကျောင်းသား ကျောင်းသူ အချင်းချင်း မိတ်ဖွဲ့ခဲ့ကြသည်။ စကားစမြည် ပြောကြသည်။ တိုင်ပင် ဆွေးနွေးခဲ့ကြသည်။ ငြင်းခုံပြောဆိုမှုများလည်း ရှိသေးသည်။ အင်းလျားကန်ပေါင်ပေါ် ထိုင်ရင်း ဟိုအကြောင်း၊ သည်အကြောင်း သောင်းပြောင်းထွေလာ စကားများ ပြောခဲ့ကြသည်။ တွေးတော ငေးမောခဲ့ကြ သည်။
အတိတ်၏အရိပ်သည် အစဉ်တစိုက် လိုက်ပါ နေလေသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ဆိုလျှင် ရန်ကုန်တက္ကသိုလ်တည်ထောင်ခဲ့မှု နှစ် ၁၀၀ ပြည့်တော့မည်။ ထို နှစ် ၁၀၀ တည်းဟူသော ရာစုနှစ် တစ်ခုအတွင်း ရန်ကုန်တက္ကသိုလ်မှ စာတတ်ပေတတ်၊ ပညာတတ်များ မွေးထုတ်ပေးနိုင်ခဲ့ပေပြီ။ နိုင်ငံအတွက်၊ ပြည်သူအတွက် သားကောင်းရတနာ၊ သမီးကောင်း ရတနာများ မွေးထုတ်ပေးနိုင်ခဲ့ပြီ။ တက္ကသိုလ် ကျောင်းသားဘဝ အမှတ်ရစရာ၊ သတိရစရာများ အများအပြားလည်း ဘဝတစ်သက်စာ ကျန်ရှိပေလိမ့်မည်။ ကျွန်တော်တို့ အဝေးသင်တက္ကသိုလ် ကျောင်းသားဘဝ သည် ရန်ကုန်တက္ကသိုလ်တွင် တစ်ခဏသာ ကွန်းခိုခွင့် ရခဲ့သော်လည်း တက္ကသိုလ်ကြီး၏ တည်ကြည်ခံ့ညားမှု၊ ထည်ဝါမှု၊ စိန်ပန်းနှင့် ကံ့ကော်တို့၏ ထုံသင်းမှု၊ အင်းလျား ကန်၏ အေးချမ်းသာယာမှုများကိုတော့ဖြင့် ဘဝ တစ်သက်တာ မေ့နိုင်တော့မည် မဟုတ်ပါတကား။ ။
- Log in to post comments