
တွေ့ဆုံမေးမြန်း - စိန်မောင်တင် ဓာတ်ပုံ- မွန်းဦးနဒီ
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်း နှစ် ၁၀၀ ပြည့်မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် တာဝန်အဆက်ဆက်ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်ကြီးများအနက် သက်ရှိထင်ရှား ပါမောက္ခချုပ် ကြီးများရှိသကဲ့သို့ ကွယ်လွန်သွားခဲ့ကြသည့် ပါမောက္ခချုပ်ကြီးများ ရှိကြပါသည်။
ကွယ်လွန်သွားသည့် ပါမောက္ခချုပ်ကြီးများ၏ မိသားစုဝင်များနှင့် တွေ့ဆုံပြီး ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ပါမောက္ခချုပ် ကြီးများ၏ အမှတ်တရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအား ပြန်လည်ဖော်ပြ လိုသည့်အတွက် ဘူမိဗေဒဘာသာရပ်ကို မြန်မာနိုင်ငံ၌ စတင်တည်ထောင် ခဲ့သူဖြစ်ကာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဆရာကြီးဒေါက်တာသာလှ (၁၉၁၃-၂၀၀၅)၏ ကိုယ်စား သားဖြစ်သူ ဦးကျော်စွာလှအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။
မေး ။ ။ ပထမဦးစွာ ဆရာကြီးဒေါက်တာသာလှနဲ့ပတ်သက်ပြီး အမှတ်
တရ ဖြစ်စဉ်များကို မေးမြန်းလိုပါတယ်။ ဆရာကြီးရဲ့မွေးဖွားရာ
ဒေသ၊ အခြေခံပညာ သင်ကြားအောင်မြင်ခဲ့တဲ့နေရာနဲ့ တက္ကသိုလ်ကို
ဘယ်နှခုနှစ်မှာ တက်ရောက်ခဲ့တယ်ဆိုတာတွေကို ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ အဖေက ၁၉၁၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာ ကျိုက်လတ်မြို့မှာ
မွေးဖွားခဲ့ပါတယ်။ တစ်နှစ်သားလောက်အရွယ်မှာ “သောင်တူ”
ဆိုတဲ့ရွာကို ပြောင်းခဲ့ပါတယ်။ အဲဒီမှာ အသက် ၆ နှစ်သားလောက်အထိ နေထိုင်ခဲ့ပြီး အသက် ၇ နှစ်သားရောက်ရှိချိန်မှာ မိဘတွေက ပညာရေးအတွက် ကျိုက်လတ်မြို့ကို ပြန်လည်ပြောင်းလာပြီး ကျောင်းစထားခဲ့တယ်။ ၁၉၂၈ ခုနှစ်မှာ ၁၀ တန်းအောင်ခဲ့ပါတယ်။ ၈ တန်းကနေ ၁၀ တန်းကို တစ်ခါတည်း ဖြေဆိုခွင့်ရရှိခဲ့တယ်။ ပြီးတော့ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်စတင် တက်ရောက်ခဲ့တယ်။ တက္ကသိုလ်မှာ သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာရပ် တွေကို ယူခဲ့တယ်။ ၁၉၃၈ ခုနှစ်မှာ ဓာတုဗေဒ ဂုဏ်ထူးတန်းအောင်မြင်ခဲ့ တယ်။ ၁၉၃၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို သွားရောက်ပြီး ပညာသင်ယူခဲ့ ပါတယ်။
မေး ။ ။ ဒီနေရာမှာ ဆရာကြီးဒေါက်တာဦးသာလှနဲ့ ပတ်သက်ပြီး ထူးခြားမှု
တစ်ခုကတော့ ၁၉၃၅-၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲမှာ ဆရာကြီးက အလုပ်အမှုဆောင်အဖွဲ့ဝင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ထူးထူးခြားခြား ၁၉၃၆ ခုနှစ်မှာပဲ ဒုတိယအကြိမ် တက္ကသိုလ် ကျောင်းသားများ သပိတ်ဖြစ်ပွားချိန်မှာ ဆရာကြီးက ဝင်ပြီးတော့ ဦးဆောင် ပါဝင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုတို့လို နိုင်ငံရေးခေါင်းဆောင်ကြီး တွေ၊ ဒီဘက်အထိပါခဲ့တဲ့ ဦးကျော်ငြိမ်း၊ မစ္စတာရာရှစ်တို့လို သမဂ္ဂခေါင်းဆောင် တွေနဲ့ လက်တွဲပြီးတော့ ကျောင်းသားသပိတ်ကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ဒါကဆရာကြီးရဲ့ ထူးခြားထင်ရှားတဲ့ ဆောင်ရွက်မှုတစ်ခုပဲဖြစ်ပါတယ်။ ဆက်ပြောပါဦး ဆရာ။
ဖြေ ။ ။ ဒီလိုနဲ့ ကျောင်းသားသပိတ်ပြီးတော့ ၁၉၃၈ ခုနှစ်မှာ ဓာတုဗေဒ
ဘာသာဂုဏ်ထူးတန်းနဲ့ အောင်မြင်ခဲ့တယ်။ ၁၉၃၉ ခုနှစ် ရောက် တော့ အင်္ဂလန်နိုင်ငံကို သင်္ဘောနဲ့ သွားရောက်ခဲ့ပါတယ်။ လမ်းခုလတ်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ အာဖရိကတိုက်လောက်ရောက်နေချိန်ဖြစ်တယ်။ ဒီတော့ အတူတူသွားတဲ့သူတွေနဲ့ တိုင်ပင်ကြတယ်။ ဆက်ပဲသွားမလား ပြန်မလားပေါ့။ ဟိုမှာလည်း စစ်ဖြစ်နေပြီဆိုတော့လေ။ အဲဒီခရီးမှာ အိုးဝေ ဦးညိုမြတို့လည်း ပါလာကြတယ်။ နောက်ဆုံးတော့ အားလုံးကဆုံးဖြတ် ပြီးတော့ ရှေ့ကိုပဲ သွားကြမယ်ကွာ ဆိုပြီးသွားကြတယ်။ ဟိုရောက်တော့ စစ်အတွင်းမှာပဲ ပညာသင်ကြားရတယ်။ ဘူမိဗေဒဘာသာရပ်ကို အထူးပြု တက်ရောက်ခဲ့တယ်၊ B.Sc Special, Geology ဘွဲ့ကို ရရှိခဲ့တယ်။ စစ်မပြီး သေးတော့ ၁၉၄၄ ခုနှစ်အထိ University College London ဘူမိဗေဒဌာနမှာ လက်ထောက်ကထိက ပြန်လုပ်ခဲ့တယ်။ အဲဒီကနေ လန်ဒန်တက္ကသိုလ်မှာ ပါဝင်တဲ့ တော်ဝင်သိပ္ပံ Imperial College of Science & Technology မှာ သုတေသနလုပ်ပြီး ပါရဂူ(Ph.D) ဘွဲ့ကို ၁၉၄၆ ခုနှစ်မှာ တော်ဝင်သိပ္ပံကနေ ရရှိခဲ့တယ်။ ၁၉၄၆ ခုနှစ် အောက်တိုဘာလမှာ မြန်မာပြည်ကို ပြန်လာခဲ့တယ်။
မေး ။ ။ ဆရာကြီးက မြန်မာနိုင်ငံမှာနေတုန်းက ဓာတုဗေဒဘာသာရပ်နဲ့
သရုပ်ပြဆရာအဖြစ် အမှုထမ်းခဲ့တယ်။ အင်္ဂလန်ကနေ ပြန်ရောက် လာတဲ့အချိန်မှာ ဘူမိဗေဒဘာသာရပ်ပါမောက္ခအဖြစ် ပြန်ရောက်လာတာ ပေါ့နော်။
ဖြေ ။ ။ အဲဒီတုန်းက မြန်မာပြည်မှာ ဘူမိဗေဒဘာသာရပ် မရှိသေးဘူး။
သူကစပြီးတော့ စတင်တည်ထောင်ခဲ့တာပါ။ ပါမောက္ခအနေနဲ့ ၁၉၄၆ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဘူမိဗေဒဘာသာရပ် တိုးတက်ရေးအတွက် တောက်လျှောက်ဆောင်ရွက်ခဲ့တယ်။ ဒီကြားထဲမှာလည်း ရန်ကုန်တက္ကသိုလ် ကြီးမှာက စစ်ပြီးသွားတဲ့အချိန်ဖြစ်ပြီး ပိုက်ဆံလည်း မရှိဘူး၊ ဘာမှလည်း မတိုးတက်ဘူးဆိုတော့ ၁၉၅၁ ခုနှစ်မှာ အစိုးရကနေ တက္ကသိုလ်လိုတောင်း ကော်မတီ (University Needs Committee ) ဆိုပြီး ဖွဲ့စည်းလိုက်တယ်။ အဲဒီမှာ အဖေက အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်မှာ အဆောင်တွေဆောက်လုပ်ပြီး မန္တလေး၊ အမရပူရ၊ ရာမည စတဲ့ အမျိုးသား ဆောင်တွေ၊ မာလာ၊ ရတနာ၊ ပုဂံ စတဲ့ အမျိုးသမီးဆောင်တွေ ဆောက်လုပ် ခဲ့တယ်။ ပြီးတော့ အဲဒီတုန်းက ဆေးတက္ကသိုလ်က ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်မှာရှိနေတာကြောင့် သူတို့အတွက်လည်း ယောကျ်ားလေးဆောင် တစ်ဆောင် ဆောက်ပေးခဲ့တယ်။ ဆောက်လုပ်တာက ၁၉၅၁ ခုနှစ်ကနေ ၁၉၅၅ ခုနှစ်အထိ ဖြစ်တယ်။
မေး ။ ။ ဆရာကြီးဆောင်ရွက်ခဲ့တဲ့ အထဲမှာ ဆရာအင်အားလိုအပ်ချက်
တွေကိုလည်း အများကြီးဖြည့်တင်းပေးနိုင်တယ်လို့ သိရပါတယ်။
ဖြေ ။ ။ သူတို့ရဲ့ လိုအပ်ချက်တွေကိုလည်း အစိုးရက အတိအကျဖြည့်ဆည်း
ပေးခဲ့တယ်။
မေး ။ ။ ဆရာကြီးက ရန်ကုန်တက္ကသိုလ်ကြီးကိုစပြီး တာဝန်ထမ်းဆောင်
ကတည်းက သံယောဇဉ်ကြီးကြီးမားမားနဲ့ ဖြည့်ဆည်းပေးခဲ့ တယ်နော်။
ဖြေ ။ ။ စစ်ပြီးချိန် ချုံးချုံးကျနေတဲ့အချိန်မှာ အကုန်လုံးပြည့်စုံအောင်ဖြည့်ဖို့
ကြိုးစားခဲ့တယ်။ နောက်ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေဧရိယာ တစ်ခုလုံး(RC2)နေရာကလည်း အဖေပဲ ပညာရေးအတွက်တည်ထောင်ဖို့ ရွေးချယ်ပေးခဲ့တယ်။
မေး ။ ။ အဲဒါကို ကျွန်တော်တို့တောင်မသိဘူး။ ဦးကျော်စွာလှ ပြောပြမှ
သိရတယ်ခင်ဗျ။ သိခွင့်ရတာသမိုင်းမှတ်တမ်းတစ်ခုလိုပါပဲ။
ဖြေ ။ ။ အဲဒီတုန်းကလည်း တပ်မတော်ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး အပေါ်
ကနေကြည့်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ ဒါကလည်း သမိုင်းအချက်အလက် တစ်ခုပါပဲ။ ဒီနေ့မှာဆိုရင်
အဲဒီနေရာတွေက တက္ကသိုလ်ပတ်ဝန်းကျင်ပုံစံဖြစ်သွားပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယ Campus တစ်ခုပါပဲ။ ဆရာကြီးက ပါမောက္ခ ဘဝမှာ တာဝန်ထမ်းဆောင်ရင်း တက္ကသိုလ်ဌာနမှူး Dean of Science အဖြစ် တာဝန်ယူခဲ့တယ်လို့သိရပါတယ်ဆရာ။ ဆရာကြီးရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ထဲမှာ ဖတ်ရတာတော့ ဓာတုဗေဒဘာသာရပ်နဲ့ ဘွဲ့ရပြီး ပညာတော် သင်မသွားခင်မှာ အဆောင်မှာ နည်းပြ Hall Tutor အဖြစ်တာဝန်ယူခဲ့ချိန်မှာ အဆောင် စည်းကမ်းတွေက ဒီဘက်ခေတ်ကောလိပ်ဂျင်ရုပ်ရှင်ကားထဲကလိုပေါ့။ အဲဒီအချိန်အခါအထိ စစ်မဖြစ်ခင်ကရော စစ်ပြီးကာလရော ၁၉၄၆ ခုနှစ်လောက်မှာ အဆောင်နည်းပြက အခန်းတိုင်းမှာ ကျောင်းသား ရှိ မရှိ စစ်ရတယ်။ တကယ်လို့ ည၈နာရီနောက်ပိုင်းမှ ဝင်လာတဲ့ ကျောင်းသားဆို လည်း ဂိတ်တစ်ဂိတ်ပဲ ဖွင့်ပေးထားတယ်။ သထုံဆောင်ဂိတ်ဝနေရာမှာ။ အဲဒီ နေရာကဝင်လာရင် နာမည်နဲ့ ခုံနံပါတ်၊ အဆောင်နဲ့ အခန်းနံပါတ်တို့ကို ဖြည့်ပြီးရင် စောင့်တဲ့သူက အချိန်ကိုဖြည့်ရတယ်။ အဆောင်အချိန်ကို လွဲဖြည့်လို့မရဘူး၊ အဲဒီနည်းနဲ့ အဆောင်နေ ကျောင်းသားတွေက အင်မတန် စည်းကမ်းရှိတာကို တွေ့ရတယ်။ ဒီလို အဆောင်စည်းကမ်းနဲ့ ကြီးပြင်းလာတဲ့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်တဲ့အတွက် အဲဒီခေတ်က ကျောင်းသား တွေက အင်မတန်ထူးချွန်ထက်မြက်ကြတယ်။ ၁၉၆၂ ခုနှစ်မတိုင်ခင် အထိ ပေါ့။ အခုဒီဘက်ခေတ်မှာ နမူနာယူစရာကောင်းပြီး ပြန်လည်ကျင့်သုံးသင့် တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဆက်လက်ပြီး ဆရာကြီးရဲ့ နောက်ပိုင်းကာလတွေကို အမိန့်ရှိပါဦး။
ဖြေ ။ ။ အဲဒါနဲ့ ၁၉၆၁ ခုနှစ်ဇန်နဝါရီလမှာ အဖေက ပါမောက္ခချုပ်ဖြစ်ပြီး
၁၉၆၂ ခုနှစ်မှာတော့ တော်လှန်ရေးအစိုးရတက်ပြီး သူနဲ့ အဆင် မပြေတာရယ်၊ အခြား ကိုယ်ရေး ကိုယ်တာအကြောင်းကြောင်းတွေကြောင့် ၁၉၆၂ ခုနှစ် မေလမှာ နုတ်ထွက်ခဲ့တယ်။ နုတ်ထွက်ပြီးတော့ ဓာတ်သတ္တု ရှာဖွေရေးမှာ အကြံပေးရာထူးအဖြစ် ခန့်အပ်ခံခဲ့တယ်။ အဲဒါက တစ်နှစ် လောက်ပဲလုပ်ခဲ့တယ်။ ၁၉၆၃ ခုနှစ် ဧပြီလအထိလုပ်ခဲ့ပြီး ၁၉၆၃ ခုနှစ် မေလ မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ယူနက်စကိုအဖွဲ့ဌာနချုပ်မှာ လက်ထောက် ညွှန်ကြားရေးမှူးရာထူးနဲ့ သဘာဝသိပ္ပံအပိုင်းမှာ တာဝန်ယူကူးပြောင်း ထမ်းဆောင်ခဲ့တယ်။ ၁၉၆၃ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ အဲဒီမှာ တာဝန် ထမ်းဆောင်ခဲ့တယ်။ ဒီကြားထဲမှာ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ယူနက်စကို အကြီးတန်း အကြံပေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၇၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်။ ပြန်လာပြီးတော့ မန္တလေးဆောင်မှာ ဘူမိဗေဒ ဘာသာရပ်အတွက် အချိန်ပိုင်းစာပြခဲ့တယ်။ အခန်းတစ်ခန်း ပေးထားတယ်။
မေး ။ ။ ဆရာကြီးစာသင်ပြတာနဲ့ပတ်သက်လို့ ဆရာကြီး ဒေါက်တာညီညီ
ရေးထားတဲ့စာထဲမှာ တွေ့ရတယ်။ စာသင်ကြားပုံက အင်မတန် ကောင်းတယ်။ တစ်ခါတည်း ဝေဖန်သုံးသပ်ပြီးတော့ အနောက်နိုင်ငံကသင်တဲ့ နည်းစနစ်ပုံစံအတိုင်း သင်ကြားတဲ့အတွက် သူတို့ကိုယ်တိုင် အတုယူလိုက်နာ ခဲ့ရတယ်လို့ ကျွန်တော် ပထမ ဆရာဆောင်းပါးမှာ ရေးသားထားတာ ဖတ်ခဲ့ ရပါတယ်။
ဖြေ ။ ။ အဖေက စာသင်ကြားတာနဲ့ပတ်သက်ရင်တော့ အင်မတန်တော်တော်
ကြမ်းကြမ်းလေးသင်တဲ့ သဘောရှိတယ်။ အဲဒါကြောင့်လည်း သူ့တပည့်တော်တော်များများက တော်တော်ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြ ပါတယ်။
မေး ။ ။ ဆရာကြီးက စည်းကမ်းသေသေချာချာကိုင်ပြီး တပည့်တွေကို
မတတ်တတ်အောင်၊ ထူးချွန်အောင် မြေတောင်မြှောက်ပေးခဲ့ တယ်။ ဥပမာအားဖြင့် ငွေကြေးပိုင်းတွေ အခက်အခဲရှိရင်လည်း Student Demonstrator လို အဆင့်ခန့်ပြီး ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပေး တယ်၊ ဆရာကြီး ဒေါက်တာညီညီ၊ ဆရာကြီး ဦးသိန်းနဲ့ ဆရာကြီး ဦးစီသက်ပေါ တို့ဆိုရင်လည်း သူ့ဘဝလမ်းကြောင်းကို ပြောင်းလဲပေးတယ်ဆိုပြီး ရေးသား ထားတာဖတ်ရှုရပါတယ်။ ဆရာကြီးတာဝန်ထမ်းဆောင်တဲ့အခါမှာ ရန်ကုန် တက္ကသိုလ်ကြီးကို အင်မတန်မှ ချစ်တယ်လို့ သိရပါတယ်။ မနက်ဆို ကံ့ကော် ပင်တွေကို သေသေချာချာလိုက်ပြီး ကြည့်တယ်လို့သိရတယ်။
ဖြေ ။ ။ အဲဒီတုန်းက တက်ပြီးခူးတဲ့သူတွေကို တုတ်နဲ့ လိုက်ရိုက်တယ်တဲ့၊
သူက တက်ခူးတာမကြိုက်ဘူး၊ ကျောင်းဝန်းမှာ အလှထားတာမို့လို့ ပေးချင်ရင် ဈေးမှာသွားဝယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
မေး ။ ။ ဒါ့ကြောင့် ကံ့ကော်တောလို့ ကျွန်တော်တို့ တက္ကသိုလ်ကြီးက
အမည်တွင်လာတယ်လို့ နားလည်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဆရာကြီး ပြန်လာတဲ့အချိန်မှာ အခြားစာပေတွေ ရေးသားခဲ့တာရှိတယ်လို့ သိရပါတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်။ သမိုင်းစာပေတွေ ဖတ်ရှုလေ့လာပြီး သုဝဏ္ဏဘူမိ
မြို့ဟောင်းကိစ္စကို နည်းနည်းပြန်ပြီး ဆွေးနွေးတင်ပြထားတာ ရှိပါတယ်။ သထုံအကြောင်းပေါ့။ ထိုင်းဘက်က သုဝဏ္ဏဘူမိနဲ့ မြန်မာပြည် ဘက်က နားလည်တဲ့ သုဝဏ္ဏဘူမိအကြောင်းမှာ သူက လက်တွေ့လေ့လာ လို့ ရတဲ့ အပိုင်းနဲ့ နည်းနည်းကွဲပြားနေတဲ့ကိစ္စပါ။ သထုံမြို့က ဘယ်မှာလဲဆိုရင် သူ့လေ့လာတွေ့ရှိချက်အရ လက်ရှိနေရာ ဟုတ် မဟုတ်ကို သုံးသပ်ထား တာပေါ့။ အဖေတွေ့တာကတော့ ထိုင်းနိုင်ငံ နယ်စပ်မြို့နားက နေရာမှာ သမိုင်းအထောက်အထားတွေ ရှိခဲ့တယ်လို့ သုတေသနနဲ့ ရေးသားထားပါတယ်။ အဲဒီတုန်းကတော့ ဆရာကြီးနိုင်ပန်းလှတို့လည်း လေ့လာချက်မှာ ပါဝင်တယ်။ နောက်ထပ် အဖေက သောင်းပြောင်းထွေလာမဂ္ဂဇင်းမှာ အင်္ဂလိပ်အသံထွက် နဲ့ ပတ်သက်ပြီး အပတ်စဉ်ရေးသားခဲ့တယ်။ နောက်ဆုံးအနှစ်ချုပ်ပြီးတော့ စာအုပ်တစ်အုပ် ထုတ်ခဲ့တယ်။
မေး ။ ။ အဲဒီ အင်္ဂလိပ်စာအုပ်ကို နောက်ပိုင်းလူတွေ လေ့လာကြတယ်။
ဆရာကြီးက အငြိမ်းစားယူခဲ့ပြီးနောက် မြန်မာပြည်ရောက်ပြီး နားတဲ့အချိန်မှာတောင် ကိုယ့်နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း သုတေသန တစ်ခုကို ဆက်လက်လုပ်ခဲ့တယ်၊ ဘာသာရပ်အနေနဲ့ကတော့ ကိုယ့်ဘူမိ ဗေဒဌာနရဲ့ တိုးတက်မှုတွေကို အများကြီး ဝိုင်းကူပေးခဲ့တာပေါ့။ ပြီးတော့ ဆရာကြီးက ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ်စိန်ရတုသဘင်ကို မီတယ်နော်။ အဲဒီ အာစရိယပူဇော်ပွဲမှာ ဆရာကြီးတက်ရောက်ချီးမြှင့်တယ်လို့သိရတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ မီလိုက်ပါတယ်။ တက်ရောက်ပါတယ်။ အဲဒီစိန်ရတု
အထိမ်းအမှတ် စာအုပ်လည်းထုတ်ဝေခဲ့ပါတယ်။
မေး ။ ။ ဆရာကြီးရေးသားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့ သူသိ
သမျှ မှတ်မိသမျှ ရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကို တော်တော်အထောက်အကူပြု တယ်။ ကိုယ်တွေ့တွေကို အခြေခံပြီးတော့ ရေးခဲ့တာပါ။ အင်္ဂလိပ်ခေတ်နဲ့ လွတ်လပ်ရေးရပြီးခေတ်မှာ ဘယ်လိုဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဆရာသိန်းဖေမြင့်ရေးတဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ စာအုပ်ထဲမှာ ပါတယ်လို့ သိရပါတယ်။
ဖြေ ။ ။ အဲဒီအကြောင်းက ကျွန်တော်တော့ သေသေချာချာတော့မသိဘူး၊
ဒါပေမယ့် အဲဒီတုန်းကဖြစ်ခဲ့တဲ့ အရေးအခင်းမှာ တက္ကသိုလ် ကျောင်းသားတွေ ထိခိုက်မှုမရှိအောင် ဝိုင်းထိန်းပေးခဲ့တာလို့တော့ အကြမ်း ဖျင်းသိတယ်။ တစ်ခုခုဖြစ်တော့မယ်ဆိုရင် အဖေက ကျောင်းသားတွေဘက်က အဓိကကာကွယ်ပေးတဲ့ကိစ္စတွေရှိခဲ့ပါတယ်။
မေး။ ။ နောက်ဆရာကြီး ထူးထူးခြားခြားအနေနဲ့ လုပ်ဆောင်ခဲ့တာက
၁၉၆၁ ခုနှစ် ပါမောက္ခချုပ်ဘဝမှာ အမေရိကန်သံရုံးရှေ့မှာ အာဖရိကတိုက်ကလာတဲ့ အာဂျာလ ဆိုတဲ့သူ ဦးဆောင်ပြီး ဆန္ဒပြတာ ကို တက္ကသိုလ်ကျောင်းသားတွေက သွားတာကို ပြန်ထိန်းနိုင်ခဲ့တယ်။ တစ်ယောက်မှအန္တရာယ်ရှိတာ၊ ထိခိုက်အနာတရဖြစ်တာမျိုးတွေ မဖြစ်ခဲ့ဘူး ဆိုတာ ဆရာကြီးရဲ့ သမိုင်းဝင်လုပ်ဆောင်ချက်တစ်ခုပါ။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး ။ ။ ဒီတော့ ဆရာကြီး ဒေါက်တာဦးသာလှနဲ့ ပတ်သက်ပြီးတော့
ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားအတွက် ဆရာ့အနေနဲ့ ဘာများစိတ်ဆန္ဒပြုလိုပါသလဲ ပြောပြပေးပါဦး။
ဖြေ ။ ။ အဖေ့ရဲ့ စိတ်နေစိတ်ထားရယ်၊ နောက်ပြီး ကျောင်းသားတွေကို
သင်ကြားပြသပုံ၊ တပည့်တွေအပေါ် ထားတဲ့စေတနာတွေ အကုန် လုံးကို ကျန်တဲ့သူတွေအနေနဲ့ လိုက်ပြီးလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဓိကကတော့ သူ့ရဲ့စိတ်ဓာတ်ပါပဲ။
မေး ။ ။ ဟုတ်ပါတယ်။ ဒီနေ့ လာရောက်ဆွေးနွေးခွင့်ရတာ၊ အခုလို ဆန္ဒ
ပြုတာလည်း ကြားရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရန်ကုန် တက္ကသိုလ်ကြီး ရာပြည့်ပွဲသဘင်ကြီးမှာ ဆရာကြီးရဲကိုယ်စား ဒီဆန္ဒကို လက်ဆင့်ကမ်းခြင်းအားဖြင့် သင့်လျော်မယ်လို့ မြင်ပါတယ်။
အခုလိုမျိုး ဖြေကြားပေးတာအတွက် ကျေးဇူးတင်ပါတယ်ဆရာ။ ။
ကလောင်အမည် - စိန်မောင်တင်
ပါမောက္ခ ဦးခင်မောင်ချို
ဟင်္သာတတက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်(ငြိမ်း)
- Log in to post comments