
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်
=======================
ရန်ကုန်တက္ကသိုလ်တွင် ပညာရည်နို့သောက်စို့ခဲ့ကြသည့်
စာပေ၊ ဂီတ၊ အနုပညာ ကျောင်းသား ကျောင်းသူဟောင်းများ၏ အမှတ်တရများ
=========================================================
ရီရီမြင့်၊ ဥမ္မာသန့်
=========
ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်ပွဲဆင်နွှဲရန် ပြင်ဆင်နေကြလေပြီ။ သမိုင်းအစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်သည် အမိနိုင်ငံအတွက် ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်များ၊ ပညာရှင်များ မွေးထုတ်ပေးသည်သာမက စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်ဟုဆိုရပေမည်။ ထိုအမိရန်ကုန်တက္ကသိုလ်ကြီးတွင် ပညာရည်နို့သောက်စို့ ခဲ့ကြသည့် စာပေ၊ ဂီတ၊ အနုပညာကျောင်းသား ကျောင်းသူဟောင်းကြီးများက ရာပြည့်သဘင်ပွဲတွင် တစ်ထောင့်တစ်နေရာမှ မိမိတို့ကျွမ်းကျင်ရာ အနုပညာ၊ အတတ်ပညာများစွာဖြင့် ပါဝင် အားဖြည့်ပေးလျက်ရှိသည်။
စာပေ၊ ဂီတ၊ အနုပညာကျောင်းသား ကျောင်းသူဟောင်းကြီးများက ၎င်းတို့ ဖြတ်သန်းခဲ့သည့် ကျောင်းသားဘဝတစ်လျှောက် အမှတ်တရများကို ယခုကဲ့သို့ ပြောကြားခဲ့ကြပါသည် -
မေဆွိ(အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်)
၁၉၇၉ မှာ ဆယ်တန်းအောင်တယ်။ ၈၀ မှာ ဒေသကောလိပ် (၃) မှာ တက်တယ်။ အဲဒီကမှ ရန်ကုန်တက္ကသိုလ်ထဲကို ရောက် တယ်။ ၈၄ ခုနှစ်မှာ ကျောင်းပြီးတယ်။ အစ်မက တက္ကသိုလ်မတက်ခင်ကတည်းက သီချင်းစဆိုနေပြီ။ တက္ကသိုလ်တက်တဲ့အချိန် မှာ အဆိုတော်မေဆွိဆိုတာ ဖြစ်နေပြီ။ မေဆွိ နဲ့ပဲ ကျောင်းပွဲတွေမှာ ဆိုဖြစ်တယ်။ စီးရီး တွေလည်း စဆိုနေပြီ။ ရန်ကုန်တက္ကသိုလ်ကို ရောက်တဲ့အချိန်မှာ ရုပ်ရှင်လည်းရိုက်နေပြီ။ ရန်ကုန်တက္ကသိုလ်မှာ အစ်မရဲ့ အနုပညာ လှုပ်ရှားမှုတွေက တော်တော်များနေပါပြီ။
များသောအားဖြင့် မေဂျာပေါင်းစုံလုပ်တဲ့ပွဲတွေဆိုရင် အဲဒီမှာ သီချင်းတွေ အမြဲတမ်းဆိုဖြစ်တယ်။ ကိုယ့်မေဂျာအနေ နဲ့လည်း ဆိုဖြစ်တယ်။ တခြားမေဂျာတွေ ကလည်း ကိုယ့်ကိုလာပြီးဆိုစေချင်ရင် ဆိုပေးပါတယ်။ ဒါတွေက တက္ကသိုလ်မှာ အမှတ်တရလေးတွေပါပဲ။ အဲဒီတုန်းကဆိုရင် အာရ်စီမှာ အမြဲတမ်းပွဲတွေရှိတယ်။ အခုချိန် မှာ သိပ်မလုပ်တော့ဘူး။ အစ်မတို့ ကျောင်း တက်တုန်းက အားကစားပွဲတွေအပြင် တိုင်းရင်းသားစားသောက်ပွဲတွေ၊ တိုင်းရင်း သားနေ့တွေ၊ ဥပမာ - ကချင်ပြည်နယ်နေ့ တို့၊ ရှမ်းပြည်နယ်နေ့တို့၊ အဲဒီလိုမျိုးတွေမှာ ဈေးရောင်းပွဲတော်တွေရှိတယ်။ ကိုယ့်မေဂျာ အလိုက် အပြိုင်ကျင်းပကြတယ်။ သီချင်းဆို တာပါရင် ကိုယ်ကဆိုဖြစ်တယ်။ အနုပညာ လှုပ်ရှားမှု အမှတ်တရအနေနဲ့ ကျောင်းပွဲ တွေအများကြီးမှာ သီချင်းတွေ လှည့်ပတ် ပြီးဆိုနေရတာ။ အစ်မက ရုက္ခဗေဒ (Botany)ကပါ။ အမှတ်တရကတော့ အများကြီးပါပဲ။
ကျောင်းသားတိုင်း မသွားဖူးတဲ့လူမရှိ
အင်းလျားမှာ ဘူးသီးကြော် သွားစားကြ တယ်၊ ဦးချစ်ဆိုင်ထိုင်ကြတယ်၊ ဘွဲ့နှင်း သဘင်ရှေ့က ခြင်္သေ့ကြီးနားမှာ ထိုင်ကြ တယ်၊ အဓိပတိလမ်းမှာ လျှောက်တယ် စတဲ့ အမှတ်တရတွေကတော့ ကျောင်းသားတိုင်း အတွက် အမှတ်တရနေရာတွေဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာတက်တဲ့ ကျောင်းသား တိုင်း မသွားဖူးတဲ့လူ မရှိပါဘူး။ အစ်မလည်း ကျောင်းတက်တုန်းက အဲဒီနေရာတွေ သွားခဲ့ ရတာတွေက အမှတ်တရချည်းပါပဲ။ အခုချိန် အထိလည်း ဒီနေရာတွေက ရှိနေတာဆိုတော့ ဒီနေရာတွေကို ဖြတ်သန်းသွားတိုင်း အရင် တုန်းက ကျောင်းတက်ခဲ့တဲ့ ကျောင်းသားဘဝ ကို အမြဲတမ်း သတိရနေတာပေါ့နော်။ အဲဒီလို တွေတော့ ရှိပါတယ်။
အစ်မအနေနဲ့ကတော့ ထူးထူးဆန်းဆန်း သိပ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အစ်မ က ကျောင်းကို ပြီးအောင်တက်တယ်။ ရည်းစားတွေ အများကြီးထားခဲ့တာ၊ အသည်း ကွဲတာတို့၊ အသည်းခွဲထားခဲ့တာတို့ အစ်မက အဲဒီထဲမှာ မပါတော့ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့ အမှတ်တရမရှိဘူး။ သူငယ်ချင်းတွေနဲ့ သိပ်အရေးမကြီးတဲ့ Class ဆိုရင် ထုံးစံအတိုင်း နောက်မှ စာပြန်ကူးကြ ပြီးတော့ အမြဲတမ်းလိုလို ကျောင်းထဲမှာပဲ လျှောက်သွားနေကြတာက ပိုများတာပေါ့။ တစ်ခါတလေကျရင် မနက်ကတည်းက ကျောင်းကိုရောက်ပေမယ့် ကျောင်းခန်းထဲကို မရောက်ခဲ့တဲ့နေ့တွေလည်း ရှိတယ်။ တစ်ချိန်လုံး လျှောက်သွားနေလို့၊ အစ်မက တော့ တက္ကသိုလ်တက်ချိန်မှာ ဒီလိုပဲသူငယ် ချင်းတွေနဲ့ ဖြတ်သန်းတာပေါ့။ သူငယ်ချင်းတွေ နဲ့ပဲ အချိန်ကုန်တာများပါတယ်။
တက္ကသိုလ်မှာ အစ်မက ကိုယ်ပိုင်သီချင်း တွေပဲ ဆိုဖြစ်တယ်။ တက္ကသိုလ်နဲ့ပတ်သက်တဲ့ သီချင်းတွေကိုတော့ တက္ကသိုလ်စိန်ရတုလိုပွဲ မျိုးမှာ အမှတ်တရရေးတဲ့အခါမျိုးမှာ ဒီတက္ကသိုလ် က ကျောင်းပြီးပြီး အဆိုတော်ဖြစ်ခဲ့တဲ့အတွက် ကြောင့် ဆိုဖြစ်တယ်။ ၈၄ ခုနှစ်မှာ ကျောင်းပြီး တယ်။ ၈၈ ခုနှစ်မှာ တက္ကသိုလ်နဲ့ပတ်သက်တဲ့ “ဂျပ်ဆင်ထိပ်က လရိပ်ပြာ” သီချင်းကို အဲဒီမှာ မှ ဆိုဖြစ်တယ်။ ကိုခင်မောင်တိုးတို့၊ ကိုမွန်းအောင် တို့ကတော့ တက္ကသိုလ်နဲ့ပတ်သက်တဲ့ သီချင်း တွေကို များသောအားဖြင့် ဆိုကြတယ်။ အောင်နိုင်တို့ဆို ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက် တဲ့သီချင်းတွေ အများကြီးဆိုခဲ့တယ်။ ကျောင်းပြီး တဲ့နောက်ပိုင်းမှာ “မာလာဆောင်”တို့၊ ဘာတို့ က နောက်ပိုင်း ကျောင်းပွဲတွေမှာ ဆိုဖြစ်တယ်။ မအယ်လ်ခွန်းရီရဲ့သီချင်း “ခွဲခွာရမယ့် နေ့ရက် များ” အဲဒီလိုသီချင်းတွေ ဆိုဖြစ်တယ်။ ကိုစိန်လွင် ရဲ့ “နွေပုံပြင်” သီချင်း၊ “အဓိပတိလမ်းကခြေရာ များ” အဲဒီလိုမျိုးတွေကို ကျောင်းပြီးတဲ့
နောက်ပိုင်းမှ ပြန်ပြီးဆိုဖြစ်တယ်။ တကယ်တမ်း ကျောင်းမှာ ကျောင်းသီချင်းကို ဆိုခဲ့တာမရှိ ခဲ့ဘူး။
ကူညီပံ့ပိုးခွင့်ရတာ ကျေနပ်ပီတိဖြစ်
ဒီတက္ကသိုလ်ကြီးက ဘယ်တော့မှ မပြောင်း လဲဘူး။ ပညာတတ်တွေ အများကြီး မွေးထုတ် ပေးခဲ့တယ်။ ပညာတတ်တွေ၊ ပညာရှိတွေ အများကြီးကို မွေးထုတ်ပေးခဲ့တဲ့အတွက်ကြောင့် တက္ကသိုလ်ကြီးကို နှစ် ၁၀၀ မှသည် နှစ်ပေါင်း များစွာတိုင် တည်ပါစေလို့ အစ်မကတော့ ဆု တောင်းပေးပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မှာ MRTV မှာ စုံတွဲတစ်ပုဒ်၊ တစ်ယောက်တည်း တစ်ပုဒ်ဆိုဖို့ရှိပါတယ်။ တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ပေါ့။ ကပ်ရောဂါ ဖြစ်နေတဲ့ ကာလကြီးမှာ ရုပ်ရှင်နှစ်တစ်ရာဆို လည်း ပြီးသွားခဲ့ပြီ။ အခုဆိုလည်း ရန်ကုန် တက္ကသိုလ်လည်း နှစ် ၁၀၀ ပြည့် ဖျော်ဖြေပွဲ တွေ လုပ်တဲ့နေရာမှာ ကိုယ်တွေလည်း တစ်ထောင့်တစ်နေရာကနေပါဝင်ပြီး သီဆိုခွင့် ရတဲ့အတွက် အမှတ်တရလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ် ၁၂၀ ဆိုရင် ကိုယ် လည်းရှိချင်မှ ရှိတော့မှာဆိုတော့ ဘာပဲ
ဖြစ်ဖြစ် ကိုယ်သက်ရှိထင်ရှား ရှိနေချိန် လေးမှာ တက္ကသိုလ်ကြီးအတွက် ကူညီပံ့ပိုး ခွင့်ရတာကိုပဲ အများကြီး ကျေနပ်တယ်။ ပီတိလည်းဖြစ်တယ်၊ ဝမ်းလည်း ဝမ်းသာ၊ ဂုဏ်လည်းယူပါတယ်လို့ ပြောချင်ပါတယ်။
အရိုင်း(လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်)
၁၉၇၇ မှာ ဆယ်တန်းအောင်တယ်။ ၇၈ မှာ ပထမနှစ် အာရ်စီဝမ်းမှာ တက်တယ်။ ၇၉ မှာ ဒုတိယနှစ်၊ ၈၀ မှာ တတိယနှစ် တက်တယ်။ ကျတယ်။ ၈၁ မှာ တတိယနှစ် ပြန်တက်တယ်။ ၈၂ မှာ နောက်ဆုံးနှစ်ပြီးသွားတယ်။ ဦးအရိုင်း တို့တုန်းက ရန်ကုန်တက္ကသိုလ်ကို တိုက်ရိုက် တက်ခွင့်မရှိဘူး။ တတိယနှစ်မှ တက်ရတယ်။ အနုပညာလှုပ်ရှားမှုက အာရ်စီဝမ်းကတည်းက ဆရာ တက္ကသိုလ်ဟန်မြတ်မော်က ဦးအရိုင်းတို့ ဆရာပေါ့။ Business Management ဌာနမှာ ဆရာ ဦးဟန်မြတ်မော်က ကထိကပေါ့။ ဦးအရိုင်းတို့ရဲ့ အနုပညာအသင်းကို ဆရာက ကိုင်တွယ်ရတယ်။ အဲဒီမှာ ဦးအရိုင်းတို့ အဆို သင်တန်းတက်ပြီးတော့ သင်္ကြန်ဆိုရင် ဖျော်ဖြေ ပွဲတွေလုပ်ရတယ်။ အဲဒီအတွက် သင်္ကြန်နား နီးရင် ဦးအရိုင်းတို့ အဆိုအတွက်လူရွေးတယ်။ ဦးအရိုင်းတို့ ဝင်ပြိုင်တော့ အရွေးခံရတယ်။
အဲဒီခေတ်က မြို့တော်ခန်းမမှာ မြို့တော်ဝန် မဏ္ဍပ်လုပ်တယ်။ အဲဒီမဏ္ဍပ်မှာသွားပြီး
တင်ဆက် ဖျော်ဖြေပေးရတယ်။ ပထမနှစ်၊ ဒုတိယနှစ် နှစ်နှစ်ကို အာရ်စီဝမ်းရဲ့ အနုပညာ အသင်းမှာ လုပ်ခဲ့တယ်။ ပြီးတော့ တတိယနှစ် ရန်ကုန်တက္ကသိုလ်ရောက်တော့ အနုပညာ အသင်းနဲ့ဆက်သွယ်ပြီး အဲဒီမှာ အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်တွေ ကဖြစ်ကြတယ်။ ၁၉၈၀ မှာ ရန်ကုန်တက္ကသိုလ်ထဲမှာ စလုပ်ဖြစ် တာ။ အဲဒီတုန်းက အတူတူတွဲပြီးလုပ်ခဲ့တဲ့ ကျောင်းသားတွေကတော့ မြန်မာစာဌာနက ကိုကျော်ဌေးဇံ၊ သူက အခု တပ်ကုန်းမှာနေ တယ်။ သူ့လူရွှင်တော်နာမည်က ကြွက်ပြုံး။ ဦးအရိုင်းက သင်္ချာမေဂျာ။ အဲဒီတုန်းက ကိုပိန်ပိန်တို့ ဘာတို့ရှိတယ်။ သူတို့က ဒီဘက် အသင်းကို အဆက်အသွယ်မရှိသေးဘူး။ တစ်ခါ တလေတော့ ရောက်လာပါတယ်။ ပွဲတွေ ဘာတွေ ဖြစ်တယ်ဆိုရင်တော့ သင်္ချာဌာနကပေါ်ပေါ်ဆိုတဲ့ တစ်ယောက်ရှိသေးတယ်။ သူနဲ့အတူတူ လူရွှင် တော်လုပ်ဖူးတယ်။ သူ့နာမည်အရင်းက ကိုဌေး မော်တဲ့။ သူက အညာသား၊ တောင်တွင်းကြီးက။
ဦးအရိုင်းတို့က Day တက်ရတယ်ဆိုပေ မယ့် ကျောင်းထဲမှာပဲ အတန်းရှိရင် အတန်း တက်တယ်။ အတန်းမရှိရင် အနုပညာအသင်း မှာပဲ အချိန်ကုန်တယ်။ အနုပညာအသင်းမှာက တချို့လည်း အပြင်မှာ အလုပ်လုပ်ကြတယ်။ တချို့ကျောင်းပြီးတော့ ကျောင်းမှာပဲ ဆရာ ပြန်လုပ်ကြတာရှိတယ်။ ကျောင်းသားရေးရာ ဌာနတွေမှာ အလုပ်တွေ ပြန်ဝင်လုပ်ကြတယ်။ ဒီအနုပညာအသင်းကြီးကို ပြန်လည်ပံ့ပိုးနေတဲ့ အနုပညာကျောင်းသားတွေအနေနဲ့ ကျောင်း ကနေ မထွက်ခွာသေးတဲ့လူတွေလည်း ရှိတယ်။ အဲဒီတော့ ကျောင်းမှာ အသင်းသား အသင်းသူ ဟောင်းတွေနဲ့ ဦးအရိုင်းတို့ မျိုးဆက်သစ် တွေက ပူးပေါင်းပြီး အနုပညာအသင်းကြီးမှာ အလုပ်တွေက နှစ်ပေါင်းများစွာ လုပ်ဖြစ်ခဲ့ကြ တယ်။ လုပ်ဖြစ်ခဲ့ကြတယ်ဆိုတာလည်း ဒီမှာ ရှိတဲ့ ကျောင်းသားကြီးတွေက အနုပညာ အသင်း မျိုးဆက်ပြတ်မသွားအောင်ဆိုတဲ့ သဘောရှိတယ်။ အဲဒီတုန်းက ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ခ လက်ထက်။ ဦးအရိုင်း တို့ တစ်နှစ်လောက် မီလိုက်သေးတယ်။
အနုပညာအသင်းရှင်သန်အောင်
သင်တန်းတွေ သင်ပေး
ဆရာကြီး ဒေါက်တာမောင်မောင်ခ လက်ထက်မှာ ရန်ကုန်တက္ကသိုလ် အနုပညာ အသင်းက တော်တော်လေးကို အောင်အောင် မြင်မြင် ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ နောက်ပိုင်း ဦးအရိုင်းတို့က ဒါကို အဆက်မပြတ်စေချင်တဲ့အတွက် ကျောင်းသား ဟောင်းတွေရော၊ မျိုးဆက်သစ်ကျောင်းသား သစ်တွေပါ မော်ကွန်းထိန်းဆရာကြီး ဦးစံအုန်း ဦးဆောင်ပြီးတော့ အနုပညာအသင်းကြီးကို ရှင်သန်နေအောင် အငြိမ့်၊ ဆိုင်းဝိုင်း၊ အဆို၊ အက၊ အတီး သင်တန်းတွေရှိတယ်။ ကျောင်းသားဟောင်းတွေက သင်ပေးတယ်။ ဆိုင်းဝိုင်းမှာ ရွာစားလုပ်တာ ဆရာဦးဌေးဝင်း၊ သူက ဘူမိဗေဒဘာသာက။ ကျန်တဲ့ မောင်း၊ ဆိုင်းတီး၊ စည်းဝါး၊ နှဲ၊ ခြောက်လုံးပတ် ဒိုးတီး သူတွေက အခြားမေဂျာက ကျောင်းသား ဟောင်းကြီးတွေပေါ့။ သူတို့နဲ့ ပူးပေါင်းပြီး ဦးအရိုင်းတို့လည်း ဝင်ပြီးတီးတာပေါ့။ လူရွှင် တော်တွေက မြန်မာစာဌာန၊ ဥပဒေဌာနက ဘီယာ၊ နိုးတူး၊ လန်ဘား၊ ချစ်စရာတို့က လူရွှင်တော်ဟောင်းကြီးတွေ။ နောက်ပိုင်း ဦးအရိုင်းတို့ ရောက်သွားတော့ ပြဇာတ်တွေ ကကြတယ်၊ အငြိမ့်တွေ ကကြတယ်၊ နှစ်ပါး သွားတွေ ကကြတယ်၊ နောက်ပိုင်း ဇာတ်တော် ကြီးတွေပါ ကကြတယ်။ နောက်ပြီး ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေလုပ်တယ်။
သင်္ကြန်ဆိုရင် ပညာရေးဝန်ကြီးဌာနမဏ္ဍပ် တွေမှာ နှစ်စဉ်နှစ်တိုင်း ဖျော်ဖြေပေးတယ်။ အကတွေ တိုက်ကြတယ်၊ အတီးတွေ တိုက်ကြ တယ်၊ နွေရာသီကျောင်းပိတ်ရက် သူများတွေက အိမ်ပြန်ကြတယ်။ ဒီအနုပညာအသင်းမှာပါတဲ့ ကျောင်းသား ကျောင်းသူတွေ ပါမောက္ခချုပ်က စာထုတ်ပြီး တာဝန်ယူပြီး Camp ဝင်ကြရ တယ်။ ပွဲတွေ ဘာတွေပြီးတော့မှ အိမ်ပြန်ကြရ တယ်။ ဒါက တက္ကသိုလ်အနုပညာအသင်ကြီးရဲ့ လှုပ်ရှားမှုပေါ့။ လစဉ် လစဉ် ကျောင်းဖွင့်နေတဲ့ အချိန်မှာတော့ အဆို၊ အက၊ အတီး၊ ပန်းချီ သင်တန်းတွေ တောက်လျှောက်ရှိတယ်။
၈၈ အရေးအခင်းမတိုင်ခင် ကျောင်းတွေ ပိတ်လိုက်ဖွင့်လိုက်နဲ့ အရေးအခင်းပြီးတော့မှ အနုပညာအသင်းကို ပြန်လည်လှုပ်ရှားဖြစ်ခဲ့ တယ်။ အဲဒီအသင်းကြီးမှာပဲ အိပ်ကြတယ်။ ညဘက်ဆို အဆောင်တွေမှာ သီချင်းသွားဆို ကြ၊ မယ်ဒလင်တီးကြ၊ နောက်ဆုံးစန္ဒရားကို ကားနဲ့တင်ပြီး အဆောင်ရှေ့သွားပြီး သီချင်း တွေ ဆိုကြ၊ တီးကြ၊ စားကြ သောက်ကြနဲ့ နေခဲ့ ရတဲ့ညတွေ နည်းတာမဟုတ်ဘူး။ ညပေါင်းများ စွာ အဲဒီလို နေခဲ့ရတယ်။ ကျောင်းတက်တုန်း က ကျောင်းသားဘဝမှာ ပျော်စရာကောင်းတဲ့ အရာတွေပေါ့။ ကျောင်းထဲမှာ ကျောင်းသား ကျောင်းသူတွေက တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာလို့ရတယ်။ ကျောင်းသား ကျောင်းသူတွေကို ပြောတာနော်။ တခြား သူစိမ်းတွေကတော့ ကျောင်းထဲကို ဝင်ကို မဝင်ရဲတာ။ တက္ကသိုလ်ကြီးရဲ့ အရှိန်အဝါ ဘယ်လောက်ကြီးသလဲဆိုတာ။ တော်ရုံ တန်ရုံလူက တက္ကသိုလ်ထဲကို လမ်းဖြတ် လျှောက်ဖို့ မပြောနဲ့၊ ဝင်တောင်မဝင်ရဲတဲ့ ခေတ်၊ အဲဒီတုန်းက တက္ကသိုလ်ကြီးရဲ့ အရှိန် အဝါ အဲဒီလောက်ကြီးမားတယ်ဆိုတာ ပြောပြတာ။ အဲဒါ ဦးအရိုင်းတို့ ကျောင်းတက် ခဲ့တဲ့ ကာလတွေပေါ့။
ဦးအရိုင်းတို့ကတဲ့ အငြိမ့်နာမည်က “ကံ့ကော်မြိုင်အငြိမ့်” ပဲ။ ရန်ကုန်တက္ကသိုလ် ကိုယ်စားပြုပြီး မှည့်ထားတာ။ အခုချိန်အထိ နောက်မျိုးဆက်သစ်ကလေးတွေ ကနေတုန်း ပဲ။ ကံ့ကော်မြိုင်အငြိမ့် နာမည်လို့ပဲ အစဉ် အဆက်သုံးပြီး ထိန်းသိမ်းစောင့်ရှောက်ကြ တာပေါ့။ ဦးအရိုင်းတို့လည်း အခုအချိန်အထိ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကို ပြန်လည်ဖွင့်လှစ် ပံ့ပိုးပေးနေရတယ်။ အခု လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ ချုပ် ဆရာကြီး ဒေါက်တာဖိုးကောင်းကလည်း ဦးအရိုင်းတို့လို ကျောင်းသားဟောင်းတွေကို မေတ္တာရပ်ခံပြီး အကူအညီပေးဖို့ ပြောတဲ့ အတွက်ကြောင့် အခုတော့ ကျောင်းပိတ်နေ တယ်၊ ကျောင်းဖွင့်တဲ့ရက်တွေဆိုရင်တော့ သွားရောက်ပြီး မျိုးဆက်သစ်ကလေးတွေ အရှိန်လေးရအောင် ဝိုင်းကူပြီး သင်တန်းတွေ ဖွင့်ပေးတယ်။ ကျောင်းသား ကျောင်းသူ ဟောင်းတွေအနေနဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး လုပ်ပေးတယ်။ ကျောင်းသားဟောင်း လူရွှင်တော်ကြီးတွေထဲမှာ တချို့လည်း ဆုံးပါးသွားကြရပြီ။ တချို့လည်း နိုင်ငံခြား ရောက်နေတဲ့သူတွေရှိတယ်။
ကျောင်းသူ ကျောင်းသားဟောင်းတွေက
အနုပညာအသင်းကို ကူညီဆောင်ရွက်နေဆဲ
တကယ်လို့ ကျောင်းဖွင့်ပြီဆိုရင် နိုင်ငံခြားကနေ ရောက်နေချိန်ဆို အနုပညာ အသင်းကို လာကြတယ်။ မြန်မာပြည်မှာရှိတဲ့ အနုပညာအသင်း ကျောင်းသား ကျောင်းသူ ဟောင်းတွေကတော့ အခုထက်ထိ အနုပညာ အသင်းကို ကူညီဆောင်ရွက်ပေးနေဆဲပါပဲ။ ဟိုအရင် အကသင်တန်းမှာ ကျောင်းသူ ဖြစ်ခဲ့တဲ့၊ ပန်တျာကျောင်းအုပ်လည်း ဖြစ်ခဲ့ တဲ့ ဒေါ်မူမူခင်တို့၊ မိုးနတ်သူဇာ အငြိမ့်မင်းသမီး ဖြစ်တဲ့ သီတာဝင်း ကျောင်းသူဟောင်းက ဆရာမအနေနဲ့လာပြီး အကသင်တန်းမှာ အကတွေ သင်ပေးနေတယ်။ ဦးအရိုင်းတို့က သူတို့ရဲ့နောက်မှ ပေါက်ဖွားလာတဲ့ လူရွှင်တော် တွေပေါ့၊ ဆရာမ ထိပ်တင်ဟန်ကတော့ မြန်မာ စာဌာနက။ သူက ဦးအရိုင်းတို့နဲ့အတူ အငြိမ့် တွေဘာတွေ ကတယ်။ သူတို့က မင်းသမီး ပေါ့။ နောက် တင့်တင့်ထွန်းနဲ့လည်း အငြိမ့်က ဖူးတယ်။ တင့်တင့်ထွန်းကတော့ ဦးအရိုင်း တို့ထက် ငယ်တယ်။ ခင်နှင်းနှင်းကြည်တို့က ဒီဘက်ခေတ်ကလေးတွေကို ပြန်ပြီးအက တွေ လာသင်ပေးကြတယ်။ အသင်းသူ အသင်းသားဟောင်းတွေက ပြန်လာပြီး လုပ်ပေးနေကြတယ်။
ငှက်ပျောကြော်တို့၊ ကင်းကောင်တို့က ဦးအရိုင်းတို့ထက် ငယ်တယ်။ ဒါပေမယ့် နောက်ပိုင်း ကျောင်းမှာဆုံကြတော့ သူတို့က အာရ်စီတူးမှာ လူရွှင်တော်ပြိုင်ပွဲတွေ ဘာတွေ လုပ်တာ၊ ဦးအရိုင်းတို့ပဲ ဒိုင်လူကြီးသွားလုပ် ပေးရတယ်။ အဲဒီကတည်းက နာမည်တွေ ရင်းနှီးနေပြီး m စာမျက်နှာ ၈ မှ
ကျောင်းထဲရောက်လာတော့ ဒီမှာတွေ့ပြီး ရင်းနှီးသွားကြတာပေါ့။ သူတို့က ဦးအရိုင်း ကို “ဒါ ငါတို့ရဲ့ စီနီယာအစ်ကိုပဲ” ဆိုပြီး အတူတူ အငြိမ့်တွေကကြ၊ ပြန်သင်ပြ၊ သူတို့ ကလည်း မသိတာမေးပေါ့။ အဲဒီလို ခင်မင်ရင်း အပြင်ရောက်သွားကြတော့၊ ကျောင်းတွေ ပြီးသွားကြတော့ ဦးအရိုင်းတို့ ကိုယ်ပိုင်အငြိမ့် တွေကကြတော့ ပြန်ဆုံဖြစ်ပြီး မြပုဏ္ဏမာ အငြိမ့်ထောင်ပြီး တောက်လျှောက်လုပ်ဖြစ် သွားတာ အခုအချိန်ထိပေါ့။ သူတို့နဲ့ ကျောင်းသားဘဝကတည်းက ဆုံခဲ့ကြတာ ပါပဲ။ ကျောင်းထဲကပွဲတွေမှာ အတူတူကကြ၊ သူတို့ကိုလည်း တွဲခေါ်ပေါ့၊ ဆုံဖြစ်တာပါ။
ရန်ကုန်တက္ကသိုလ်ကြီးဟာ သမိုင်းကြီး တဲ့၊ အင်မတန်မှ အထင်ကရ တန်ဖိုးရှိတဲ့ တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိ လွန်းတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အထင်ကရ တက္ကသိုလ်ကြီးပေါ့။ ဒီတက္ကသိုလ် ကြီးကို ရှေးတုန်းကတည်းက နိုင်ငံရေး အစဉ် အလာကြီးမားခဲ့ကြတဲ့ တက္ကသိုလ်ကျောင်း သားဟောင်းကြီးတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းပြည်ကို အုပ်ချုပ် တယ်၊ တိုင်းပြည်ကို ဦးဆောင်လမ်းပြတယ်၊ ခေါင်းဆောင်ကောင်းတွေကို ဒီတက္ကသိုလ် ကြီးက မွေးထုတ်ပေးခဲ့တယ်။ အဲဒီလို အစဉ် အလာကြီးမားခဲ့တဲ့ ပုဂ္ဂိုလ်မျိုးတွေကို အများ ကြီး မွေးထုတ်ပေးခဲ့တဲ့ ဒီတက္ကသိုလ်ကြီးက သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့အတွက် မေ့ပျောက်လို့ မရခဲ့ဘူး။ မေ့ပျောက်လို့မရ တဲ့အတွက် ဒီတက္ကသိုလ်ကြီးကို မျိုးဆက် သစ်လူငယ်တွေက လက်ဆင့်ကမ်းပြီး ကျောင်းကြီးရဲ့ ပုံရိပ်ကြီးမားသည်ထက် ကြီးမားအောင်၊ ထွန်းတောက်သည်ထက် ထွန်းတောက်အောင် ကျောင်းသားတိုင်း ကျောင်းသားတိုင်းက အဆင့်ဆင့် လက်ဆင့် ကမ်းပြီး ထိန်းသိမ်းလာခဲ့ကြတာ။ အဲဒီလောက် တန်ဖိုးကြီးမားတဲ့ ဒီရန်ကုန်တက္ကသိုလ်ကြီးအကြောင်းကို ဒီဘက်ခေတ်လူငယ်လူရွယ် ကျောင်းသား ကျောင်းသူတွေအကုန်လုံး၊ ဆရာ ဆရာမတွေအားလုံးကို သိစေချင်ပါတယ်။
ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်း
ဒီကျောင်းကြီးရဲ့ တန်ဖိုးကို နောက်လာ မယ့် မျိုးဆက်သစ်တွေ လက်ဆင့်ကမ်းနိုင် အောင်၊ ဒီကျောင်းကြီးရဲ့ တန်ဖိုးကို သိသည် ထက်သိအောင် အများကြီးလေ့လာ ကြိုးစား မှတ်သားကြပါလို့၊ ဒါမှ သမိုင်းကြောင့် ကြီးမား ပြီး တန်ဖိုးဘယ်လောက် ကြီးမားတယ်ဆိုတာ သိကြမှာလေ။ ဒါကြောင့် ဒီနှစ် ၁၀၀ မှ နှစ်၂၀၀ ဖြစ်သွားရင်လည်း ဖြစ်သွားအောင် လုပ်ပေးကြ ရမှာပဲ။ သမိုင်းပေးတာဝန်အရ ခေတ်အဆက် ဆက် ပခုံးပြောင်းတာဝန်ယူကြဖို့ ကျောင်းသား ကျောင်းသူတိုင်း လက်ဆင့်ကမ်း ထိန်းသိမ်း သွားနိုင်ကြပါစေလို့ အမှတ်တရအနေနဲ့ပြော ချင်ပါတယ်။ ဒီနှစ် ၁၀၀ ပြည့်မှာ ဦးအရိုင်းတို့ ပထမစဉ်းစားထားတာက ရန်ကုန်တက္ကသိုလ် ရဲ့ နှစ် ၁၀၀ ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ဖို့ အပိုင်းကို အနုပညာအသင်းက တာဝန်ယူ မယ်ဆိုပြီး ဖျော်ဖြေရေးဆပ်ကော်မတီအစည်း အဝေးလုပ်တုန်းရှိသေးတယ်။ ကိုဗစ်ကြီးက ဖြစ်သွားတာ။ ပထမရည်ရွယ်တာကတော့ ဒီပွဲမှာ အငြိမ့်တွေကကြမယ်၊ ပြဇာတ်တွေ ကကြမယ်၊ ဟောပြောပွဲစင်မြင့်တွေရှိတယ်၊ ခေတ်ပေါ်တေးဂီတတွေ ဖျော်ဖြေကြမယ်ဆို ပြီး အများကြီးပဲအစီအစဉ်တွေ ဆွဲထားကြ တာပဲ။ အခုတော့ ကိုဗစ်ကြောင့် အကုန်လုံး ခန့်မှန်းလို့မရတော့ဘဲနဲ့ ဖြစ်နေတာပေါ့။
ဖျော်ဖြေဖို့ကိုတော့ အစီအစဉ်လေးတွေ တော့ ရှိပါတယ်။ ကိုဗစ်ကြီးပြီးသွားလို့ ဦးအရိုင်းတို့ကို လုပ်ခွင့်ပေးမယ်ဆိုရင်တော့ ကျောင်းနဲ့ပတ်သက်တဲ့ ပွဲလေးကိုတော့ အရင်လို တစ်နှစ်ပတ်လည် မဟုတ်တောင်မှ တစ်လလောက်တော့ လုပ်ချင်ပါတယ်။
ရာသက်ပန်(တောင်ငူဆောင်)
စာရေးဆရာမ
ရန်ကုန်တက္ကသိုလ်ကို ၁၉၈၅ မှာ ရောက် တယ်။ ပြည်ကောလိပ်ကနေ ဂုဏ်ထူးတန်း ဝင်လို့ ပထမနှစ် ဂုဏ်ထူးတန်းလာတက်တာ ပေါ့။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ကို တစ်နိုင်ငံလုံးက ကောလိပ်တွေက ပထမနှစ်၊ ဒုတိယနှစ်အောင်ပြီး ဂုဏ်ထူးတန်းဝင်ရင် လာတက်ကြရတယ်။ အထက်မြန်မာပြည်က မန္တလေးတက္ကသိုလ်၊ အောက်မြန်မာပြည်က ရန်ကုန်တက္ကသိုလ်မှာ အကုန်လုံးတက်ရတယ်။ ဂုဏ်ထူးတန်းမှာ ကျွန်မတို့တုန်းက ၆၅ ယောက် လောက်ပဲရှိတယ်။ အကုန်လုံးက အောက် မြန်မာပြည် တက္ကသိုလ်ပေါင်းစုံက လာတက် ကြတယ်။ အဲဒီကနေစပြီး ရန်ကုန်တက္ကသိုလ် ကို ရောက်ခဲ့တယ်။ ၈၈ အရေးအခင်းမဖြစ်ခင် ပိုက်ဆံကိစ္စဖြစ်တယ်။ အဲဒီအချိန် ကျောင်းသူ ဘဝမှာ စာမေးပွဲဖြေနေတဲ့အချိန်မှာပဲဖြစ်တယ်။ ပြီး စာမေးပွဲဖြေတယ်၊ ခဏပိတ်လိုက်တယ်၊ ပိတ်ပြီးတော့ ပြန်ဖြေပြီး ၁၉၈၈ ခုနှစ် မတ်လ မှာ တစ်ခါဖြစ်တော့ ကျောင်းတစ်ခါ ပိတ်သွား တယ်။ ၁၉၉၁ မှာ ကျောင်းပြန်ဖွင့်တယ်။ တတိယ နှစ် ဂုဏ်ထူးတန်းဖြေတယ်။ အဲဒီမှာ ဝိဇ္ဇာ (ဂုဏ်ထူးတန်း) ဘွဲ့ရတယ်။ မဟာဝိဇ္ဇာ ဆက် တက်တယ်။ ၁၉၉၅ မှာ မဟာဝိဇ္ဇာပြီးခဲ့တယ်။
မဟာဝိဇ္ဇာဘွဲ့မယူခင် ၁၉၉၃ မှာ လုပ်သား များ ကောလိပ်မှာ အချိန်ပိုင်းနည်းပြလုပ်ခဲ့တယ်။ ၁၉၉၅ ဒဂုံတက္ကသိုလ်မှာ နည်းပြလုပ်တယ်။ ခြောက်နှစ်အကြာမှာ တောင်ကြီးတက္ကသိုလ်ကို ပြောင်းတယ်။ ပါရဂူဘွဲ့သင်တန်းအောင်ပြီး၂၀၀၁ မှာ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရတယ်။ လက် ထောက်ကထိက ဖြစ်တယ်။ ၂၀၀၈ မှာ ထားဝယ် တက္ကသိုလ်ကို ပြောင်းရတယ်။ နှစ်နှစ်နေပြီး ၂၀၁၀ မှာ ရန်ကုန်တက္ကသိုလ်ကို ကထိကနဲ့ ပြန် ပြောင်းလာတယ်။ ၂၀၁၄ မှာ ဟင်္သာတတက္ကသိုလ် ကို ပြောင်းရတယ်။ တွဲဖက်ပါမောက္ခနဲ့ ဒဂုံ တက္ကသိုလ်ကို ပြောင်းရပြန်တယ်။ ၂၀၁၇ မှာ
မကွေးတက္ကသိုလ် ပါမောက္ခနဲ့ပြောင်းရတယ်။ လက်ရှိ ဘားအံတက္ကသိုလ်မှာ ပါမောက္ခတာဝန် ထမ်းဆောင်နေပါတယ်။ ရန်ကုန်တက္ကသိုလ် မှာ ကျောင်းသူဘဝနဲ့ရော ဆရာဘဝနဲ့ရော နေခဲ့တယ်။
ကျောင်းသူဘဝအမှတ်တရဆိုရင် ကျောင်း တက်တဲ့အချိန်မှာ အဆောင်က အခက်အခဲရှိ တော့ အပြင်ဆောင်ပဲနေရတယ်။ အင်းလျား ဆောင်ကို ကျွန်မသိပ်နေချင်ခဲ့တာ၊ မိုးမိုး (အင်းလျား)တို့ကို အားကျလို့။ ကျောင်းသူဘဝ ကျောင်းတက်ခဲ့ရတာ အပျော်ဆုံးအချိန်တွေပါ ပဲ။ ကျွန်မတို့တုန်းက နံနက်ကျောင်းနဲ့ညကျောင်း ရှိတယ်။ ကျောင်းသားတွေများလို့ ညကျောင်း ဆိုတာ ရှိတယ်။ ဆရာနီကိုရဲတို့ဆိုရင် ညကျောင်း တက်ရပေမယ့် မနက်ထဲက ကျောင်းမှာပဲနေကြ တယ်။ ကျောင်းမှာပဲ အချိန်ပြည့်နေကြတယ်။ ကျွန်မတို့လည်း အပြင်ဆောင်ဆိုပေမယ့် ကျောင်းမှာ မိုးချုပ်အထိနေကြတယ်။ သူငယ် ချင်းတွေနဲ့အတူ တောင်ငူဆောင် ပတ်ဝန်းကျင်၊ ဦးချစ်လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ အတန်း တွေလည်းတက်ကြတယ်၊ စာလည်း ကျက်ကြ တယ်။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် အဲဒီတုန်း က ကျောင်းသူ ကျောင်းသားဘဝဟာ ကိုယ့် ကျောင်းကိုလည်း တက်တယ်၊ ကျောင်းမှာပဲ ပျော်ပျော်ရွှင်ရွှင်နေတယ်။ ပွဲတွေကလည်း ကျောင်းမှာ အဆက်မပြတ်ရှိတယ်။ အဲဒီပွဲတွေ မှာလည်း ပျော်ရတာပေါ့။ ကျောင်းထဲကို ရောက်သွားရင် လုံခြုံသလိုခံစားရတယ်။
ကျွန်မက တံတားဖြူ မေခလာဆောင်မှာ နေခဲ့တယ်။ အဆောင်ခန်းလေးတွေ ကျဉ်းပေ မယ့်ပျော်တယ်။ အမှတ်တရအနေနဲ့ ကျွန်မ နေတဲ့ အဆောင်ကနေ အင်းလျားကန်ပေါင်ကို တက်တယ်၊ အဲဒီကနေ တောင်ငူဆောင်ကို လမ်းလျှောက်ပြီး ကျောင်းတက်တယ်။ အင်းလျား ကန်ပေါင်ပေါ်မှာလည်း ကျောင်းသား ကျောင်းသူ တွေချည်းပဲ။ မိုးချုပ်မှပဲ ပြန်ကြတယ်။ စာမေးပွဲ ဖြေပြီးတာနဲ့ မပြန်ကြသေးပဲ ဦးချစ်ဆိုင်မှာ ထိုင်ကြ၊ ပြန်ကြ၊ နောက်တစ်နေ့ ဖြေကြနဲ့ နေခဲ့ ကြတယ်။ အဲဒီလို ဘဝလေးတွေကို တော်တော် ပျော်ခဲ့တယ်။ အခုပြန်စဉ်းစားရင် ကျောင်းသူ ဘဝနဲ့ ဆရာဘဝနဲ့ မတူဘူးလေ။ ရန်ကုန် တက္ကသိုလ်ကြီးက ကျွန်မတို့အတွက် ဒုတိယအိမ် ပါပဲ။ ဘယ်တက္ကသိုလ်ကို ရောက်ရောက် ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်ပြန်လာခဲ့တယ်။ ဒီအသက်အရွယ်အထိ ကျောင်းနဲ့မကင်းခဲ့ပါဘူး။
ငါးမူးစေ့လေးနဲ့ဖုန်းဆက်ရ
နောက်ထပ် အမှတ်တရတစ်ခုကတော့ ဝမ်းနည်းစရာပါ။ ပိုက်ဆံတွေ သိမ်းချိန်တုန်းက ငါးမူးစေ့လေးတွေနဲ့ ဖုန်းဆက်ရတဲ့ အချိန်လေ။ ပြန်တော့ပိုက်ဆံမရှိလို့ ငါးမူးစေ့ထည့်တဲ့ စုဘူး လေးခွဲပြီး အိမ်ပြန်ရတယ်။ အဲဒီချိန်တုန်းက အင်းလျားလမ်းက သဇင်အဆောင်မှာနေတယ်။ အဲဒီကနေ မင်းလှအိုးသည်ကုန်းကို ရထားနဲ့ ပြန်ခဲ့ရတယ်။ ရထားတစ်စင်းလုံးက ကျောင်း သားတွေအပြည့်ပဲ၊ ဘယ်တော့ ကျောင်းပြန်ဖွင့် မလဲဆိုတဲ့ ခံစားချက်ဖြစ်တယ်။ အဲဒါက အမှတ် တရပါပဲ။ ကျောင်းပိတ်ချိန်မှာ အီးမေဂျာက သူငယ်ချင်းတစ်ယောက်ကလည်း ဆုံးသွား တယ်။ အဲဒီအကြောင်းကိုလည်း ဝတ္ထုတို ရေးထားတယ်။ ကျောင်းတွေပြန်ဖွင့်တော့ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ မလာနိုင်ကြတော့ဘူး။ အဲဒီ အမှတ်တရလေး တွေက ရင်ထဲမှာ အခုချိန်ထိရှိနေတယ်။ အနု ပညာအသင်းရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူး တယ်။ ၁၉၈၉ ခုနှစ် ဧပြီလ မဟေသီမဂ္ဂဇင်းမှာ စာစရေးပြီးပါခဲ့တယ်။ အဲဒီမှာ ရာသက်ပန် (တောင်ငူဆောင်)ဆိုပြီး သိကြတယ်။
နောက်ပိုင်း တောက်လျှောက် မဂ္ဂဇင်းတွေမှာ
ပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးကို (၇၅) နှစ် စိန်ရတု တုန်းကလည်း စမီခဲ့တယ်။ အဲဒီတုန်းက ပွဲလမ်း သဘင်တွေရှိတယ်။ အခု နှစ် ၁၀၀ ပြည့် တစ်နှစ် လုံးလုပ်နေတဲ့အချိန်မှာ ရင်ထဲမှာ ခံစားရတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် ၁၀၀ ပြည့်ကို သက်ရှိထင်ရှား ကြုံတွေ့ရတယ်။ ဒီနှစ် ၁၀၀ မှာ ဝတ္ထုတွေထုတ်တယ်၊ စာမူလှမ်းတောင်း တယ်။ ရုပ်ရှင်တေးကဗျာမှာ ရေးထားတဲ့ ဒုတိယ အိမ်ဆိုတဲ့ တက္ကသိုလ်အကြောင်း ဝတ္ထုလေး ပေးလိုက်တယ်။ တက္ကသိုလ်နဲ့ပတ်သက်တဲ့ D-lann ဆိုတဲ့ ပေ့ချ်ကနေ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညီမလေးရယ် စိုးရိမ်မိတယ်” ဝတ္ထုကို ခွဲခြမ်း စိတ်ဖြာပြီး ပြောရမယ်။ စာဖတ်သူတစ်ယောက် အနေနဲ့ဖြစ်ဖြစ်၊ စာရေးဆရာတစ်ယောက် အနေနဲ့ဖြစ်ဖြစ် ပြောရမှာဖြစ်တယ်။ ဘယ်နေ့ လဲတော့ မသိသေးဘူး။ အမှတ်တရ ကိုယ်လုပ် ပေးနိုင်တာလေးတွေ လုပ်ပေးတယ်။ ကိုဗစ် ကာလဖြစ်နေတော့ လူစုလူဝေးနဲ့ မဆင်နွှဲရတဲ့ အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် နိုင်သလောက်လေးတွေ လုပ်နေကြတာဖြစ်တဲ့ အတွက်ကြောင့် အားရဝမ်းသာရှိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့က ကိုယ်နဲ့သာ ဝေးနေ ပေမယ့် ကိုယ့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေ မယ်လို့ ပြောချင်ပါတယ်။
ဖိုးဖြူ(လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်)
ကျွန်တော်က ရန်ကုန်တက္ကသိုလ်ကို ၁၉၈၄- ၈၅ မှာ မြန်မာစာအဓိကနဲ့ စရောက်တာပါ။ ကျွန်တော် ပထမနှစ်နဲ့ ဒုတိယနှစ်ကို အာရ်စီတူး မှာတက်ရတယ်။ ကျွန်တော်တို့ ခေတ်ကျတော့ Regional ခေတ်မဟုတ်တော့ဘူး။ လှိုင်နယ်မြေ ဖြစ်သွားပြီပေါ့။ ပထမနှစ်၊ ဒုတိယနှစ် လှိုင်နယ် မြေမှာ တက်ရပါတယ်။ တတိယနှစ်ကျတော့ ကျွန်တော် တောင်ငူဆောင်ကို ရောက်ပါတယ်။ တက္ကသိုလ်ကျောင်းသား ဘဝအနုပညာလောက ထဲမှာ Professional ဖြစ်ပြီပေါ့ဗျာ။
ကျွန်တော်တို့ရဲ့ မိခင်တပ်ရင်းသည် တက္ကသိုလ်အနုပညာအသင်းပါ။ ကျွန်တော် တို့ရဲ့ ဝါသနာနဲ့ လုပ်ကိုင်ရည် ဝါသနာပါတဲ့ အလုပ်တွေကိုစပြီး လုပ်ခွင့်ရတာတော့ မြန်မာ စာမေဂျာက အငြိမ့်ပွဲလေးတွေ၊ နောက်ပြီး ရန်ကုန်တက္ကသိုလ် အနုပညာအသင်းက စခဲ့ တာ။ တက္ကသိုလ် အနုပညာအသင်းသည် ကျွန်တော်တို့ရဲ့ မိခင်တပ်ရင်းဆိုလည်း မမှား ပါဘူး။ ကျွန်တော်တို့ မြန်မာစာမေဂျာကိုရောက် တဲ့အချိန်မှာ ငှက်ပျောကြော်ရယ်၊ ကင်းကောင်၊ ညောင်ညောင်၊ ချစ်ချစ်ဇော်၊ တက္ကသိုလ်သျှန် ထွန်း၊ တက္ကသိုလ်ဂွမ်းပုံရယ်၊ ကျွန်တော်တို့ရယ် မြန်မာစာအဓိက အနုပညာရှင်တွေပါ။ ကျောင်း သားဘဝ အမှတ်တရကတော့ အများကြီးပါ။ အထင်ကရအမှတ်တရကတော့ ကျွန်တော်တို့ ဝါသနာပါတဲ့ အနုပညာကို မြေတောင်မြှောက် ပေးတာ ရန်ကုန်တက္ကသိုလ်ပါပဲ။ ရန်ကုန် တက္ကသိုလ်နှစ် ၁၀၀ မက တည်ပါစေ။ နောင် လာမယ့် မျိုးဆက်သစ်အများကြီး မွေးထုတ်နိုင် ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
မေခလာ(အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်)
ချစ်ငယ်က လှိုင်နယ်မြေ အာရ်စီတူးကနေ ရန်ကုန်တက္ကသိုလ်ကို မြန်မာစာအဓိကနဲ့ ရောက် တာပါ။ မြန်မာစာအဓိကနဲ့ တောင်ငူဆောင်မှာ တက်ခဲ့တာပါ။ အာရ်စီတူးမှာ စပြီး သီချင်းစဆို တာပါ။ တက္ကသိုလ်မှာ အနုပညာအသင်းတွေ ရှိပါတယ်။ ချစ်ငယ်က သီချင်း စသွင်းခါစဆိုတော့ အဆိုတော် ပေါက်စလေးပေါ့။ နာမည်ကြီးတော့ မဟုတ်သေးဘူးပေါ့။ သိတော့သိနေတဲ့ အချိန် ကာလပေါ့။ ချစ်ငယ်ဆီကို လာပြီးတော့ ဟိုဘက် မေဂျာ၊ ဒီဘက်မေဂျာတွေကနေ လာပြီးတော့ သီချင်းတွေဆိုခိုင်းတယ်။ အာရ်စီထဲမှာ အမြဲတမ်း ပွဲတွေလုပ်တယ်။ သီချင်းတွေဆိုရတယ်။ နောက် တက္ကသိုလ်အနုပညာနဲ့ပတ်သက်ပြီး သင်္ကြန်မှာ မြို့တော်ဝန်မဏ္ဍပ်မှာ သွားဆိုရတယ်။တက္ကသိုလ် အမှတ်တရကတော့ ကျောင်းတက်တယ်၊ ကျောင်း တက် မမှန်ဘူး၊ မမှန်ဘူးဆိုတာ ဒီလိုပါ။ ချစ်ငယ် က အဆိုတော်ပေါက်စဆိုတော့ ခရီးတွေထွက် ရ၊ နယ်တွေ သွားရတာပေါ့နော်။ အဲဒီအခါကျရင် ကျောင်းမတက်တဲ့နေ့တွေ ရှိပါတယ်။ ကျောင်း မတက်ရပေမယ့် သူငယ်ချင်းတွေက စာတွေ၊ ကျောင်းခေါ်ချိန်တွေ ဝိုင်းလုပ်ပေးကြတယ်။ အနုပညာနဲ့ပတ်သက်ပြီး သွားတာကို သိတဲ့ အတွက် ဆရာမတွေကလည်း နားလည် ခွင့်ပေး ထားတယ်။ သို့သော်လည်း စာမေးပွဲကို အောင်အောင် ဖြေရတာပေါ့။
အမှတ်တရအများကြီးပါ။ ဝိဇ္ဇာဆိုတော့ တောင်ငူဆောင်မှာ အချောအလှတွေလည်း အများကြီးရှိတယ်။ ကွင်းဖြစ်တဲ့ အမျိုးသမီး တွေကို ဒီနေ့အထိ အားကျခဲ့တာပါ။ ဒီနေ့ အထိ မျက်လုံးထဲမှာ မြင်ယောင်နေဆဲပါ။ နောက်ပြီး သိပ္ပံဘက်မှာရှိတဲ့ ကွင်းတွေကို သွားသွား ကြည့်ပါတယ်။ ယောက်ျားလေး တစ်ယောက်လိုပေါ့။ ဘာရယ်လို့မဟုတ်ဘူး။ သူတို့အလှတွေ သွားငေးတာ။ ကန်ပေါင် ဘက် ဘူးသီးကြော်ဆိုင်ဘက်ကို သိပ်မသွား ဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့အတူ နို့သစ်ခွနဲ့ ဘူးသီးကြော်ကို တစ်ခါတစ်ရံ သွားစား တယ်။ အဆောင်တွေမှာ သူငယ်ချင်းတွေရှိတဲ့ အခါ အဲဒီအဆောင်တွေမှာ သွားလည်တာ တို့၊ အဲဒီမှာ သီချင်းလေးသွားအော်ဆိုတာတို့ ရှိခဲ့ဖူးတယ်။ နောက်ပြီးတော့ မြန်မာစာ အတန်းထဲမှာ သူငယ်ချင်းတွေစုပြီးတော့ ဆရာမလာခင် သီချင်းတွေဝိုင်းဆိုကြတာတို့၊ ချစ်ငယ်ကို မုန့်တွေကျွေးပြီးတော့ သီချင်းဆို ခိုင်းတာတို့ အဲဒါတွေက အမှတ်တရတွေပါ။
ပြားချပ်ချပ်က အလွန်ပေါက်
ချစ်ငယ်က အဲဒီတုန်းက အတော်ပိန် တယ်။ ချစ်ငယ်လမ်းလျှောက်ရင် ဝိုင်းစ တယ်။ ဦးဘိုဘိုဟန်သီချင်း ပြားချပ်ချပ်က အလွန်ပေါက်တာကိုး။ အဲဒီယောက်ျားလေး အုပ်စုကိုလိုက်ပြီး ချစ်ငယ်တစ်ယောက် တည်း လိုက်ပြီးရန်တွေ့တာ၊ အဲဒါတွေက တော့ အမှတ်တရတွေရှိတာပေါ့။ အခုကျ တော့ ဒီသူငယ်ချင်းတွေ အကုန်လုံးကလည်း အဘိုးကြီးတွေဖြစ်ကုန်ကြပြီ။ အဲဒါတွေ ပြန်ပြီး သတိရတယ်။ ကိုယ်က ပိန်ပိန်ခြောက်ခြောက် သူတို့မျက်လုံးထဲမှာ မိန်းကလေးကိုယ်လုံး မဟုတ်ဘူးလေ။ သူတို့အနေနဲ့ စ စရာ နောက် စရာပေါ့။ အပူအပင်ကင်းမဲ့တဲ့ ဘဝပါ။ ဆရာ တွေ ဆရာမတွေက ချစ်ငယ်ကို အတော်ချစ် တယ်။ ကျောင်းမတက်တာ သိတယ်။ မေခလာနော်ဆိုပြီး လက်ညှိုးထိုးပြီးတော့ အော်သွားတယ်။ ပြီးရင် ဆရာမတွေက စာပြန်သင်ပေးတယ်။ အဲဒီလိုမျိုးတွေရှိခဲ့ တယ်။ သူငယ်ချင်းတွေကလည်း ချစ်ငယ် အပေါ် အများကြီးကောင်းတယ်။
ဒီလို တက္ကသိုလ် နှစ် ၁၀၀ ကို ကြုံဖို့ဆို တာ မလွယ်ပါဘူး။ ချစ်ငယ်တို့ကံကောင်း တယ်ပဲခေါ်ရမှာပေါ့။ နောင်နှစ် ၁၀၀ ဆိုရင် လည်း ချစ်ငယ်တို့မရှိတော့ဘူး။ ဒီလိုမျိုး နှစ် ၁၀၀ မှာ ကြုံတွေ့ရတဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာတွေ ဆရာမတွေအားလုံး ဒီနေရာက နေပြီး ကန်တော့ပါတယ်။ တက္ကသိုလ်ရာပြည့် အတွက် လှုပ်ရှားမှုကတော့ ပြီးခဲ့တဲ့ တစ်ပတ် တုန်းကတော့ သီချင်းတစ်ပုဒ်ဆိုခဲ့တယ်။ ကိုမင်းအောင်ရဲ့ “အနိုင်မယူသူအရှုံး”
တက္ကသိုလ်ကျောင်းသူဖြစ်တာကြာတော့ ဆိုတဲ့သီချင်း ဆိုခဲ့တယ်။ နိုဝင်ဘာ ၂၀
ရက်မှာလည်း ချစ်ငယ်တို့ပြန်ဆိုရမှာပါ။ Success အဖွဲ့နဲ့ပါ။ ချစ်ငယ်ရယ်၊ မဆွေရယ်၊ ကိုကိုင်ဇာရယ်၊ ဟေမာတို့ ပါမယ်ထင်တယ်။ အမှတ်တရအဖြစ် ပါဝင်ဆိုမယ်။ ချစ်ငယ်က နှစ်ပုဒ်ပါမယ်။ ချစ်ငယ်စီးရီးထဲမှာ ဆိုခဲ့တဲ့ “တစ်ချိန်တုန်းက တက္ကသိုလ်” ချစ်ငယ်ရဲ့ သီချင်းလေးပဲ ပြန်ဆိုမှာပါ။ နောက်တစ်ပုဒ် က “ကျောင်းဖွင့်ချိန်” ၊ ကျောင်းဖွင့်ရင် ရည်း စားလေးကိုခေါ်ပြီး ဦးချစ်လက်ဖက်ရည်သွား သောက်မယ်။ အဲဒါကိုတော့ ချစ်ငယ်နဲ့ ကိုညီနဲ့ ပြန်ဆိုမှာပါ။
ငှက်ပျောကြော်(လူရွှင်တော်၊
ရုပ်ရှင်သရုပ်ဆောင်)
ကျွန်တော်က ၁၉၈၂ ခုနှစ်မှာ ဗဟန်း အထက(၁) ကနေ ဆယ်တန်းအောင်တယ်။
m စာမျက်နှာ ၉ မှ
တက္ကသိုလ်မှာ မြန်မာစာမေဂျာရတယ်။ အဲဒီ အတွက် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ နှစ်နှစ်တက်ခဲ့တယ်။ တတိယနှစ်ကျတော့ ရန်ကုန်တက္ကသိုလ်ထဲ ရောက်တယ်။ ဘီအေ မြန်မာစာနဲ့ ဘွဲ့ရတယ်။ တက္ကသိုလ်ကျောင်း သားဘဝ အမှတ်တရကတော့ ကျွန်တော်နဲ့ အနီးဆုံးက ကင်းကောင်ပဲ ရှိတာပေါ့။ ကျန်တဲ့သူငယ်ချင်းတွေလည်း အများကြီးရှိ တယ်။ ကျွန်တော်တို့ မြန်မာစာမှာ အုပ်စုတွေ ရှိတယ်။ ယောကျ်ားလေးအုပ်စု၊ မိန်းကလေး အုပ်စုတွေရှိကြတယ်။ လှိုင်တက္ကသိုလ်မှာ ကတည်းက အုပ်စုတွေရှိကြတယ်။ လှိုင် တက္ကသိုလ်ထဲက မိန်းကလေးအုပ်စုဆိုလည်း လေး၊ ငါး၊ ခြောက်ယောက်ရှိတယ်။ ယောကျ်ား လေးအုပ်စုဆိုလည်း ကင်းကောင်နဲ့ပတ်သက် ပြီး ကျွန်တော်တို့အုပ်စုတွေရှိတယ်။ ဒီဘက် ရောက်တော့လည်း အဲဒီလို အတွဲလိုက်ရှိနေ တယ်။ သံယောဇဉ်ကြီးကြတယ်။
ကျွန်တော်ဆို တစ်နှစ်ကျလိုက်တာမို့ ငါးနှစ်တက်ရတာပေါ့။ ငါးနှစ် သံယောဇဉ်က တော်တော်ကို မလွယ်ဘူး။ ကျောင်းပြီးသွား တော့လည်း မပြီးနိုင်ကြဘူး။ အပြင်မှာ မတွေ့ဘူး။ ကျောင်းထဲပဲ ချိန်းကြတယ်။ အခုထက်ထိလည်း တစ်ခါတလေ ကျောင်း ထဲပဲ ချိန်းကြတာ။ ဒီသံယောဇဉ်က နည်းနည်းနောနော သံယောဇဉ်မဟုတ်ဘူး။ အဲဒါ အမှတ်တရပေါ့။ ကျွန်တော့်ရဲ့ ကျောင်းသား ဘဝ အမှတ်တရဆိုရင် ဒီအငြိမ့်စကတာက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ ပါမောက္ခ ဒေါ်စီစီဝင်းက မြန်မာစာဌာနရဲ့ မောင်မယ်သစ် လွင်ကြိုဆိုပွဲမှာ မြန်မာစာကျောင်းသားတွေ အငြိမ့်ခန်းလေးကို တခြားပြဇာတ်တို့၊ သီချင်း တို့ သီဆိုဖျော်ဖြေမှုတွေထက် နောက်ဆုံး အငြိမ့်ခန်းလေးနဲ့ ပိတ်လိုက်ပါလား။ ကိုယ်က မြန်မာစာကျောင်းသူ ကျောင်းသားတွေဆိုတော့ ရိုးရာယဉ်ကျေးမှုနဲ့လည်း ကိုက်ညီတယ်ဆိုပြီး အငြိမ့်ခန်းလေး ကခိုင်းတယ်။ အဲဒီမှာ အမှတ် တရက ကျွန်တော့် လူရွှင်တော်နာမည် မပေးရ သေးဘူး။ ငှက်ပျောကြော်ဆိုပြီး ကြုံတဲ့နာမည် ကိုပေးပြီး တက်ကလိုက်တာ အဲဒီပွဲမှာ ကျွန်တော်တောင်ရှည်ကျွတ်ပြီး အမှတ်တရ တွေ ဖြစ်သွားတာပေါ့။ တောင်ရှည်ကျွတ်ပြီး ကုန်းကောက်လိုက်တော့ အဲဒီမှာ ရှုပ်ကုန်တာ ပေါ့ဗျာ။ အဲဒီမှာ ရယ်စရာတွေဖြစ်ပြီး ရန်ကုန် တက္ကသိုလ်ဝိဇ္ဇာခန်းမက စင်ပေါ်မှာ တောင်ရှည် ကျွတ်သွားတာ အမှတ်ရပါတယ်။ အဲဒီအချိန်မှာ ငှက်ပျောကြော်ဆိုပြီး ပိုပြီးသိလာတာ။ ကျွန်တော် က ပျက်လုံးကြောင့်မဟုတ်ဘဲ တောင်ရှည် ကျွတ်တာနဲ့ ဝိုင်းရယ်ကြတာ။ ကျွန်တော် ထွက်လာရင် ရယ်တာတွေက ပြက်လုံးကြောင့် မဟုတ်ဘဲ အဲဒါက အမှတ်တရပါ။
အနုပညာလှုပ်ရှားမှု နောက်ဒုတိယ ခြေလှမ်းက ရန်ကုန်တက္ကသိုလ် အနုပညာ အသင်း ရန်ပုံငွေဆိုပြီး ကိုဇာဂနာ၊ ကိုအရိုင်း တို့နဲ့ ကတယ်။ အဲဒါက ကိုဇာဂနာတို့၊ ကိုအရိုင်း တို့က အတော်လေး အောင်မြင်နေပြီလေ။ သူတို့က Professional ဖြစ်နေပြီ။ ကျွန်တော် တို့ ကျောင်းသားတွေ ကျွန်တော်၊ ကင်းကောင်၊ ဖိုးဖြူ၊ ညောင်ညောင်တို့နဲ့ကတော့ ပွဲက အောင်မြင်တယ်။ ရန်ပုံငွေပွဲဖြစ်တဲ့အတွက် အပြင်က တေးသံရှင်တွေလည်း ပါတယ်။ လွှမ်းမိုး ၊ ရီရီသန့် ၊ ဦးမင်းနောင်၊ နှင်းရည်သန့်တို့ အကုန်ပါကြတယ်။ အဲဒီပွဲက ဒုတိယအောင်မြင် တယ်။ ကျွန်တော့်အတွက် ဒုတိယခြေလှမ်း အောင်မြင်တယ်။
နောက်ရုပ်မြင်သံကြားမှာ မြပုဏ္ဏမာဆိုပြီး ကိုဇာဂနာဦးစီးပြီး ရိုက်တဲ့အချိန်မှာ ရုပ်မြင် သံကြားကနေ ဗုဒ္ဓဟူးနေ့တိုင်းလွှင့်တဲ့အခါ တစ်တိုင်းပြည်လုံး သိသွားတာပေါ့။ အဲဒီကစပြီး ငှက်ပျောကြော်ဖြစ်တယ်။ တစ်က တက္ကသိုလ် ကြောင့် ငှက်ပျောကြော်ဖြစ်တယ်။ နှစ်က ရုပ်မြင်သံကြားကြောင့် တိုင်းပြည်က သိတယ်။ ငှက်ပျောကြော်ဆိုတဲ့ နာမည်နဲ့ပဲ ယနေ့ထိ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး အကုန် ရပ်တည်နေတာပါ။
တက္ကသိုလ်ရာပြည့်က ကြုံတောင့်ကြုံခဲမှာ ကိုယ်ကိုယ်တိုင် ဂုဏ်ပြုဖျော်ဖြေပွဲကို ရာပြည့်နဲ့ ပတ်သက်ပြီးတော့ သောကြာနေ့တိုင်း မြန်မာ့ ရုပ်မြင်သံကြားကနေ တင်ဆက်နေတဲ့ တက္ကသိုလ်ရာပြည့် Live Show ကို တက္ကသိုလ် နဲ့ပတ်သက်တဲ့ တေးသီချင်းအပုဒ် ၁၀၀ ဖျော်ဖြေတဲ့အစီအစဉ်မှာ ကျွန်တော်က Presenter လုပ်ခွင့်ရတဲ့အတွက် ကျွန်တော့် အတွက် အမှတ်တရပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ရော၊ နှစ် (၁၀၀) ပြည့်အနေနဲ့ရော၊ ငှက်ပျောကြော် ဆိုတဲ့ လူရွှင်တော်တစ်ယောက်အနေနဲ့ရော အတော်ကျေနပ်ပါတယ်။ အားရပါတယ်။ ဂုဏ်ယူပါတယ်။
နှစ် (၁၀၀)ပြည့်တဲ့နေ့မှာ ဘာလုပ်မလဲ ဆိုတာတော့ ဘာမှမပြောသေးဘူး။ ဒါပေ မယ့် တစ်ခုခု လုပ်ပေးပါဆိုရင်တော့ လုပ်ပေး ရမှာပေါ့။ ကိုယ်က တက္ကသိုလ်ကျောင်းသား ဟောင်းလည်းဖြစ်နေတော့လေ ခိုင်းရင် လုပ်ပေးမှာပါ။ ဘယ်နေရာ၊ ဘယ်ဖြစ်ဖြစ် အဆင်ပြေမယ်ဆိုရင် လုပ်ပေးမှာပါ။ နှစ် (၁၀၀) ပြည့်ကြီးကို ကြုံတောင့်ကြုံခဲ ကျွန်တော့်သူငယ်ချင်း ကင်းကောင်ဆို မရှိ တော့ဘူး။ သူရှိရင် သူနဲ့ ကျွန်တော်နဲ့ မြန်မာ့ရုပ်မြင်သံကြား ရိုက်ကူးရေးမှာ သူနဲ့ ကျွန်တော် ပိုလှတာပေါ့ဗျာ။ သူငယ်ချင်းကို လည်း သတိရတယ်။ တက္ကသိုလ်ကြီး
နှစ်(၁၀၀)ပြည့်အတွက် အမှတ်တရ
ကိုယ်ကိုယ်တိုင်ပါဝင်ပြီးတော့ ဖျော်ဖြေခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်။ နောင်ကို လည်း တက္ကသိုလ်နဲ့ပတ်သက်ရင် ဘာပဲ ဖြစ်ဖြစ် ပခုံးပေါ်ကျလာတဲ့ အနုပညာနဲ့ ပတ်သက်တဲ့အလုပ်မှန်သမျှ ကျွန်တော် မငြင်းပါဘူးလို့ ပြောပါရစေ။
- Log in to post comments