ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများအတွက် ပြင်ဆင်

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်လာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှုဦးစီးဌာနက  ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း၊   သဘာဝအခြေခံ  ခရီးသွားလုပ်ငန်းများနှင့် သင့်လျော်သည့် ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီး တွင် ကွဲပြားခြားနားပြီး ရှုမငြီးဖွယ် တောတောင်ရေမြေသဘာဝ အလှအပများစွာရှိသကဲ့သို့       အသွေးအရောင်စုံလင်လှသော တိုင်းရင်းသားလူမျိုးစုများစွာတို့၏ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ် များစွာတို့ကလည်း   စိတ်ဝင်စားဖွယ်လေ့လာ၍  မကုန်အောင် ရှိနေရာ ရှာဖွေဖော်ထုတ်နိုင်သည်နှင့်အမျှ ခရီးစဉ် ဒေသအသစ် များစွာတို့ ထပ်မံပေါ်ထွက်လာမည်ဖြစ်သည်။

 

ခရီးသွားလုပ်ငန်း   အတွေ့အကြုံနှင့်  ကျွမ်းကျင်မှုတို့တွင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများက များစွာရှေ့သို့ ရောက်နေကြပြီး နိုင်ငံအတွက် အဓိကကျသော ဝင်ငွေအဖြစ် ဖန်တီးထားနိုင်ကြပြီး ဖြစ်ရာ မိမိတို့နိုင်ငံသည်လည်း လိုအပ်ချက်များကို ဖြည့်ဆည်း၍ ကြိုးပမ်းကြရမှာဖြစ်သည်။ ခရီးသွားလုပ်ငန်းကျယ်ပြန့်စွာ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပြည်သူလူထုပါဝင်နိုင်မှုက လွန်စွာအရေးပါ သည့်အလျောက်    ရပ်ရွာလူထုအခြေပြု  ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ကို မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်အကောင်အထည်ဖော်ခဲ့သည်။ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို အရှေ့တောင်အာရှဒေသ တွင်း  နိုင်ငံအချို့က မြန်မာနိုင်ငံထက် စောစွာကပင် လုပ်ကိုင်နေ ကြပြီးဖြစ်ရာ ဈေးကွက်တွင် မိမိတို့က နောက်မှလိုက်ပြိုင်ကြရ မည်ဖြစ်သည့်အလျောက် သင့်တင့်လျောက်ပတ်သည့်ဈေးနှုန်း၊ အကောင်းဆုံးဝန်ဆောင်မှုနှင့် ကြော်ငြာအားကောင်းကောင်းနှင့် ဈေးကွက်မြှင့်တင်မှုကို စဉ်ဆက်မပြတ် ပြုလုပ်သွားကြရမည်ဟု ယူဆမိသည်။

 


ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများသည် ဒေသခံ ကျေးရွာပြည်သူထူထုကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း ကြောင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပြီး ဆင်းရဲ နွမ်းပါးမှု    လျော့ကျစေနိုင်သည်။    ဒေသခံပြည်သူများနှင့် လာရောက်လည်ပတ်သည့်  ခရီးသည်အကြား အပြန်အလှန် ရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်ပြီး အတွေ့အကြုံနှင့် ယဉ်ကျေးမှု များ ဖလှယ်နိုင်ကြသည်။ လုပ်ငန်းမှ ရရှိသောဝင်ငွေကို ရပ်ရွာနှင့် ပြည်သူလူထုတို့ တိုက်ရိုက်ရရှိခြင်းကြောင့် လက်ငင်းအကျိုးဖြစ် ထွန်းကြရာ CBT လုပ်ငန်းလုပ်ကိုင်နိုင်သည့်ကျေးရွာဖြစ်လာစေ ရန် ဒေသခံကျေးရွာသူ ကျေးရွာသားတို့၏ အားထုတ်ကြိုးပမ်းမှု များ လိုအပ်သည်။ CBT ကျေးရွာတစ်ခုဖြစ်လာစေရန်မှာ မိရိုး ဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တည်ရှိခြင်း၊ ရိုးရာ ဓလေ့ထုံးစံများ ပီပီပြင်ပြင် ခိုင်ခိုင်မာမာရှိခြင်း၊ သဘာဝပတ်ဝန်း ကျင် ရေမြေတောတောင်များ   သာယာလှပခြင်းတို့အပြင်   ရပ်ရွာ အခြေပြု   ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန်  ကျေးရွာနေပြည်သူ အားလုံးက  လိုလားခြင်းနှင့်  တညီတညွတ်တည်း အကျိုးတူ  ပူးပေါင်းလုပ်ကိုင်နိုင်သည့်   အရည်အချင်းရှိရန်လည်း  လိုအပ် မည်ဖြစ်သည်။

 


ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပေါ်လာချိန် တွင်  ဦးစွာထိခိုက်ခံစားကြရသည့်   စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းများက   ရှေ့ဆုံးမှ  ပါဝင်သည်။ ကပ်ရောဂါကူးစက်မှုလှိုင်းများ တစ်ခုပြီးတစ်ခု ဆက်၍ဖြစ်ပေါ်နေ မှုများကြောင့် ခရီးသွားလာမှု အကန့်အသတ်အတားအဆီးများ လပေါင်းများစွာ ဆက်လက် ကန့်သတ်တားဆီးနေရသည့်အတွက်   လည်း ထိခိုက်ဆုံးရှုံးမှုတို့ ကြီးမားကြသည်။

 

ကိုဗစ်အလွန်ကာလ တွင် အလျင်မြန်ဆုံး စတင်လည်ပတ်နိုင်မည့် ခရီးသွားလုပ်ငန်း များတွင်  ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း  CBT များက ရှေ့ဆုံးမှဖြစ်မည်ဟု ရှုမြင်မိသည်။ ပြည်တွင်းခရီးသွားဈေးကွက် ဖြင့်  စတင်ကာ  အားယူနိုင်ပြီး  တစ်ကမ္ဘာလုံး ခရီးသွားလုပ်ငန်း များ   ပြန်လည်လည်ပတ်ချိန်တွင်     ပြည်ပခရီးသည်များအား ဖိတ်ခေါ်သွားနိုင်မည်ဟု ယုံကြည်မိပါကြောင်း။      ။