ရသ၊ သုတစာပေ ရှာဖွေဖတ်ရှု အကျိုးပြု

 

စာတတ်ပါလျက်နှင့် စာမဖတ်သူတို့ များပြားနေခြင်းသည် ကာယ ကံရှင်တို့အဖို့ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတို့ရှိသည်။ စာတတ် ပါလျက် စာမဖတ်ခြင်းက ကျောင်းနေ၍ စာပေသင်ကြားခဲ့ရခြင်း၏  အနက်အဓိပ္ပာယ်ကိုလည်း  သေးသိမ်ကျဉ်းမြောင်းသွားစေသည်။ သေစာရှင်စာမျှသာ ဖတ်တတ်သူအဖြစ်သို့ ရောက်ရှိသွားစေသည်။


စာပေတွင် ရသစာပေနှင့် သုတစာပေဟူ၍ရှိရာ လူတို့၏ နှလုံးသားအာဟာရ၊ ဦးနှောက်အာဟာရတို့အတွက် စာပေတို့ကို ဖတ်ရှုသင့်ကြသည်သာဖြစ်သည်။ ရသအဖွဲ့စာပေတို့ကို ဖတ်ရှု ရသည့်အခါ စာပေ၏အစွမ်းကြောင့် စာဖတ်သူသည် မိမိပတ်ဝန်း ကျင်နှင့် သတ္တလောက၊ ဩကာသလောကတို့ကို သတိပြုလာစေ ပြီး ကြည့်တတ်၊ မြင်တတ်လာစေသည်။ လောကတို့၏ သဘာဝ နှင့်   အလှအပတို့အပေါ်   နားလည်ခံစားမှုတို့မှတစ်ဆင့်   အပြု သဘောအမြင်များ၊ ချစ်ခင်တွယ်တာမှုများ၊ စိတ်ကောင်းနှလုံး ကောင်းများ  စသည်တို့  ဖွဲ့တည်လာသည်။  ထိုအခါ  တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တို့မှာလည်း စာဖတ်သူ၏ စိတ်သန္တာန် တွင် ကိန်းအောင်းလာသည်။ ဘဝအောင်မြင်ရေးအတွက် အရေး ပါသည့် အရည်အသွေးများဖြစ်သော အီးကျူ(EQ: Emotional Intelligence) ခေါ် စိတ်နှလုံးခံစားမှုအရည်အသွေး၊ စီကျူ (CQ: Culture Intelligence)ခေါ် မတူကွဲပြားသည့် ယဉ်ကျေးမှုများ၊ လူ့အဖွဲ့အစည်းများအပေါ်     နားလည်လက်ခံနိုင်စွမ်းရှိသည့် အရည်အသွေးစသည်တို့ကိုလည်း    ရသစာပေကောင်းများကို ဖတ်ရှုရာမှ ရရှိနိုင်သည်။


သုတစာပေကမူ အသိပညာဗဟုသုတတို့ တိုးပွားစေသည့် စာပေမျိုးဖြစ်ပြီး အသိအမြင်၊ အတွေးအခေါ်တို့ကို ကျယ်ပြန့်စေ သည်။   စာပေမှရရှိသည့်   ဘဝအတွေ့အကြုံတို့ကြောင့်   ပိုမို ရင့်ကျက်သူဖြစ်စေသည်။   လူ့အဖွဲ့အစည်းတွင်    ဉာဏ်ပညာ ဗဟုသုတ ပြည့်စုံသူ၊ စောင့်စည်းမှုရှိသူ၊ ရင့်ကျက်တည်ငြိမ်သူတို့ မှာ   ရှေ့တန်းမှ  ဦးဆောင်တာဝန်ရယူကြရသည်။  သို့ဖြစ်သည့် အလျောက် သုတဖြစ်စေ၊ ရသဖြစ်စေ စာကောင်းပေမွန်တို့ကို ငယ်စဉ်ကာလကပင် စွဲစွဲမြဲမြဲဖတ်ရှုသည့် အလေ့အထတို့ရှိကြဖို့ လိုသည်။ ကလေးသူငယ်၊ လူငယ်လူရွယ်များ အရွယ်လိုက် စာပေ ကို ဖတ်ရှုကြရန် ပျိုးထောင်ပေးဖို့လည်း လိုအပ်သည်။ “ယနေ့ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရွာတစ်ရွာကဲ့သို့ ဖြစ်နေပြီး Global Village ဟု တင်စားပြောဆိုကြသည်မှာ မှန်ပါကြောင်း၊ သို့သော် ရုပ်ဝတ္ထုပစ္စည်းများ မည်မျှပင် တိုးတက်ပါစေ၊ အဆိုပါ ရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးပြုကြသည့် လူသားများ၏ စိတ်ဓာတ်များသည် မတိုးတက်၊ မမှန်ကန်၊ အားနည်းနေမည်ဆိုပါ က ကောင်းကျိုးထက် ဆိုးကျိုးများနှင့်လည်း ကြုံရနိုင်ခြေများ ကြောင်း၊ အရာရာတွင် စိတ်ကဦးဆောင်သည်ဖြစ်သဖြင့် အသိ ဉာဏ်ပညာပြည့်ဝကြမှသာ ကောင်းကျိုးပြည့်ဝသည့် ပတ်ဝန်း ကျင်ကို ဖန်တီးနိုင်ကြမည်ဖြစ်ကြောင်း။” နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည့် အခမ်းအနား၌     အမှာစကားပြောကြားရာတွင်     ထည့်သွင်း ပြောကြားခဲ့သည်။  ပညာပြည့်ဝနှလုံးလှရန်အတွက်  လူတိုင်း မိမိကိုယ်ကိုမြှင့်တင်ရန် မဖြစ်မနေလုပ်ရမည့်အလုပ်မှာ  စာတတ် သူတိုင်း စာဖတ်ကြရန်ပင်ဖြစ်သည်။ စာအုပ်ဝယ်ဖတ်ရန် ငွေကြေး မရင်းနှီးလိုသူများ၊ လူငယ်လူရွယ်၊ ကျောင်းသား ကျောင်းသူများ ငွေကုန်ကြေးကျမရှိ စာဖတ်နိုင်သည့်နေရာမှာ စာကြည့်တိုက် များပင်ဖြစ်သည်။


မြန်မာနိုင်ငံတစ်ဝန်းတွင်      ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ပေးနေသည့် ခရိုင်နှင့် မြို့နယ်အဆင့် စာကြည့် တိုက်ပေါင်း ၄၀၀ ကျော်ရှိသလို ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်နေ သည့်   စာကြည့်တိုက်ပေါင်း  ၃၅၀၀  ကျော်ရှိသည်။   အဆိုပါ စာကြည့်တိုက်များသည် သုတ၊ ရသစာပေတို့ကို ရှာဖွေဖတ်ရှု လိုသူတို့အား ဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုနေကြသည်။ စာကြည့်တိုက်များ၏ လုပ်ငန်းယန္တရားလည်ပတ်မှုသည် စာဖတ် သူတို့ များပြားစည်ကားသည်နှင့်အမျှ ပိုမိုသွက်လက်လှုပ်ရှား လာနိုင်မည်လည်းဖြစ်ရာ စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာ၊ ဗလငါးတန်တို့ ပြည့်စုံရေးအတွက် လူငယ်လူရွယ်တိုင်း စာကောင်း ပေမွန်များ ဖတ်ရှုနိုင်ရေး အနီးဆုံးစာကြည့်တိုက်များသို့ စဉ်ဆက် မပြတ် သွားရောက်ဖွေရှာ ဖတ်ရှုကြရပါမည့်အကြောင်း။          ။