
မော်စကို အောက်တိုဘာ ၂၀
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် စကော့တလန်နိုင်ငံ ဂလက်စဂိုးမြို့၌ ကျင်းပမည့် COP26 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း ကရင်မလင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
အဆိုပါ ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ ရုရှား သမ္မတပူတင် မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မည်သည့်အကြောင်းပြချက်မျှပေးခဲ့ခြင်းမရှိသော် လည်း ရာသီဥတုပြောင်းလဲမှုသည် ရုရှားနိုင်ငံအတွက် အရေးကြီး သည့် ဦးစားပေးကိစ္စတစ်ရပ်ဖြစ်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောကြားသည်။
ယင်း COP26 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးကို စကော့တလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဂလက်စဂိုးမြို့တွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်ဖွယ်မရှိ
အဆိုပါ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံခေါင်းဆောင်များအား အပြင်းအထန်တိုက်တွန်းခဲ့ကြောင်း နှင့် ယင်းထိပ်သီးအစည်းအဝေးသို့ ခေါင်းဆောင် ၁၂၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ COP26 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ဖွယ်မရှိကြောင်း သိရသည်။
ကိုးကား-ဘီဘီစီ
ဘာသာပြန်-အလင်းသစ်