
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကမြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ဖြန့်ချိ
===================================================================================================
နေပြည်တော် နိုဝင်ဘာ ၁၁
ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့် အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှ မက လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလို သော အဓိကအကြောင်းအရာကို စောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။
ယခုအခါ မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ငယ်ဘဝမှသည် ကျဆုံးရချိန်အထိ ဖြစ်ပျက်တွေ့ကြုံခဲ့သော အဖြစ်အပျက် များကို အသက်အပိုင်းအခြားအလိုက်၊ ခေတ်အပိုင်းအခြား အလိုက် ခွဲခြား၍ တာဝန်ယူကာ အဂတိကင်းစွာ သုတေ သနပြုစု ရေးသားခဲ့ကြပါသည်။ ခေတ်ပြိုင် အထောက်အထား မှတ်တမ်းများကိုသာမက ခေတ်ပြိုင်ဖြစ်သော သက်ရှိ ထင်ရှားလည်းရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံမေးမြန်း၍ ရရှိသောအချက်အလက်များကို ကိုးကားအသုံးပြု၍လည်း ရေးသားပြုစုခဲ့ကြပါသည်။ အခါခါပြန်ဖတ်၊ အခါခါဖြည့်စွက်၊ အခါခါပြုပြင်၍ ရေးသား ပြီးခဲ့သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
အပြည့်အစုံဆုံး အကောင်းဆုံးဟု မဆိုနိုင်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ၏ အကြောင်းနှင့်ပတ်သက်၍ကား အတော်အတန်ပြည့်စုံ သော စာအုပ်ဖြစ်ပြီဟူ၍ကား ဆိုနိုင်ပါသည်။ သို့ပါ၍ ဤစာအုပ်ကို ဖတ်ရှုပြီး စာဖတ်သူ ရဟန်းရှင်လူတို့၊ ပြည်တွင်းပြည်ပ ပညာရှင်သုတေသီအပေါင်းတို့ ဝေဖန် ဆန်းစစ်ကြပါဟု ပြောလိုပါသည်။ မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင် သမိုင်းပညာရှင်ကြီးများ ရေးသားပြုစုပြီး စာအုပ် ဖြစ်မြောက်ရေးအတွက် သမိုင်းသုတေသနဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်ယူရပါသည်။ ထိုမျှမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လေ့လာသုတေသနပြုစုသူများ မလွဲမသွေ ဖတ်မှတ်ရမည့် စာအုပ်တစ်အုပ် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
စာအုပ်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန နေပြည်တော် ရုံးအမှတ် (၃၅) ဖုန်း ၀၆၇-၄၀၈၃၈၄၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ကုမုဒြာကြာပန်းဝိုင်းအနီး ဖုန်း ၀၆၇-၄၁၈၄၂၆နှင့် ရန်ကုန်မြို့ ပြည်လမ်း အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဖုန်း ၀၁-၃၉၅၁၉၀၊ ၃၉၅၁၉၂ တို့တွင် တန်းဖိုးငွေကျပ် ၇ဝဝဝ ဖြင့် ဖြန့်ချိ သည်။
သတင်းစဉ်