သာတူညီမျှခြင်းနှင့် သူနိုင် ကိုယ်နိုင်

Type

မျိုးငြိမ်းငယ်

 

တစ်ဖက်သတ်ဆုံးဖြတ်ခြင်း


လူမှုဝန်းကျင်တွင် ဓမ္မနှင့် အဓမ္မ ပြောဆိုကြ၊ ရှာဖွေ ကြရာတွင် ယင်း ဓမ္မနှင့် အဓမ္မကို မည်သို့ ဆုံးဖြတ် ကြသည်ဆိုသည်က ပို၍စဉ်းစားဖွယ် ဖြစ်ပါသည်။ ထိုသို့ မဟုတ်ပါက လူတိုင်းသည် မိမိလိုလားချက်နှင့်  မိမိအကျိုးစီးပွားဦးတည်နေခြင်းကို ဓမ္မဟု ဆိုကြ ပေလိမ့်မည်။   အထူးသဖြင့်   လူများဖြင့်စုပေါင်း နေထိုင်ကြသော အသိုက်အဝန်းတွင် လူအမျိုးမျိုး ရှိကြသကဲ့လို့  လိုလားချက်များ၊  အမြင်သဘော ထားများ၊ အယူအဆများနှင့် ရှုထောင့်များ အမျိုး မျိုးရှိတတ်ကြသည်။ 
ထိုမတူညီမှု အမျိုးမျိုးတွင် သူတစ်လူ ငါ တစ် မင်းဖြင့် ကိုယ်သာလျှင်အမှန်၊ ကိုယ့်ဘက်သာလျှင် ဓမ္မဟု ဆိုနေကြမည်ဆိုပါက ယင်းသည်ပင် ပဋိ ပက္ခအသွင်ဓမ္မ ဖြစ်သွားပေလိမ့်မည်။ ဓမ္မ ဆိုသည် က အင်အားဖြင့် ဆုံးဖြတ်ခြင်းလား၊ အနိုင်အရှုံးဖြင့် ဆုံးဖြတ်ခြင်းလား၊ စံနှုန်းများဖြင့် တိုင်းတာခြင်း လား ချင့်ချိန်ကြရန် လိုအပ်လာပါသည်။


လူ့လောကတွင် အင်အားဆိုသည့်အရာများစွာ ရှိနေပါသည်။ ထိုအင်အားတို့တွင် လူ၊ လက်နက်၊ ဥစ္စာဓန၊ အာဏာ၊ နည်းပညာ စသည်တို့ ပါဝင်သည်။ သတ္တဝါလောကတွင်  တရားခြင်း၊  မတရားခြင်း မရှိ။ ကျိုးကြောင်းဆင်ခြင်မှု မရှိ။ ကိုယ်ချင်းစာ တရားမရှိ။ ကျင့်ဝတ်မရှိ။ ဥပဒေမရှိ။ အင်အားဖြင့် ဆုံးဖြတ်ကြသည်။  လူ့ဝန်းကျင်ဆိုသည်က သတ္တဝါ လောကလို မဟုတ်။ တရားမှု/ မတရားမှုရှိသည်။ ကျိုးကြောင်း ဆင်ခြင်မှု ရှိသည်။ အကြင်နာတရားရှိ သည်။ ဗြဟ္မစိုရ်တရားရှိသည်။ ကျင့်ဝတ်ရှိသည်။ ဥပဒေများရှိသည်။   သို့ဖြစ်ရာ   ပိုင်ဆိုင်သော အင်အားများဖြင့် ဓမ္မနှင့် အဓမ္မကို ပိုင်းခြား ဆုံးဖြတ် မည်ဆိုပါက မှန်ကန်သောအဆုံးအဖြတ်ဟု ဆိုနိုင် မည် မဟုတ်ဘဲ တစ်ဖက်သတ် ကောက်ယူသော ဆုံးဖြတ်ချက်သာ ဖြစ်ပေလိမ့်မည်။ 
သို့ဖြစ်လျှင်  တရားမှုနှင့်  မတရားမှု၊  ဓမ္မနှင့် အဓမ္မ ဆိုသည်က တစ်ဖတ်သတ် ဆုံးဖြတ်ရမည့် အကြောင်းအရာတစ်ရပ်မဟုတ်။ တိုင်းတာရမည့် စံနှုန်းများနှင့် အခြေအနေများ ရှိနေပါသည်။


လူမှုတရားမျှတမှု


လူမှုတရားမျှတမှုသည် လူ့အဖွဲ့အစည်းတစ်ခု အတွင်း ကြွယ်ဝချမ်းသာမှု၊ အခွင့်အလမ်းများနှင့် ရပိုင်ခွင့်များ ဖြန့်ဝေခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ လူမှုတရားမျှတမှုတွင် လူ့အခွင့်အရေးများ၊ ရပိုင်ခွင့် များ၊ ပါဝင်ဆောင်ရွက်ခွင့်များနှင့် တန်းတူညီမျှမှု တို့လည်း ပါဝင်ပါသည်။ လူမှု တရားမျှတမှုသည် နိုင်ငံများ အချင်းချင်းအကြားနှင့် နိုင်ငံများအတွင်း ငြိမ်းချမ်းစွာနှင့် ကြွယ်ဝချမ်းသာစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အခြေခံ သဘောတရားတစ်ရပ် ဟု ကုလသမဂ္ဂက ဖွင့်ဆိုပါသည်။ လူမှုတရားမျှတမှု သည် လူ့အဖွဲ့အစည်းအတွင်း ပါဝင်နေသူအားလုံး၏ တန်းတူညီမျှ ဘုံအကျိုးစီးပွားများအပေါ် အခြေခံ သည်။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အတွက် ရည်ရွယ်လိုခြင်း မဟုတ်ချေ။
တရားမျှတမှုဆိုပါက အားလုံးပါဝင်ခြင်းနှင့် မျှတမှုဖြစ်ရန်  လိုအပ်သည်။  သို့မှသာ အားလုံး အကျုံးဝင်သော  အမှန်တရား  ဖြစ်ပေလိမ့်မည်။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်း၏ တရားမျှတမှု ဆိုသည်က အားလုံးအကျုံးဝင်သည့် အမှန်တရားဟု ဆိုရန် ခက်ခဲပါသည်။ ယင်းသည် တစ်ဖက်သတ် လိုလားချက်ဟု ဆိုရပါမည်။ ထိုလိုလားချက်သည် လူမှု တရားမျှတမှုနှင့် သဟဇာတဖြစ်ရန် ခက်ခဲ ပေလိမ့်မည်။ 


မတူကွဲပြားမှုများဖြင့်


နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းများ ဆိုသည်က မတူကွဲပြားမှုများဖြင့် ပေါင်းစည်းထား တတ်ကြပါသည်။ မြန်မာနိုင်ငံတွင် မတူညီသော တိုင်းရင်းသားများ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ  ကဲ့သို့သော  မတူကွဲပြားမှု များစွာဖြင့် စုစည်းနေထိုင်ကြပါသည်။ မြန်မာနိုင်ငံ အတွင်း မတူကွဲပြားမှုနှင့် စုစည်းနေထိုင်သော အခြေအနေသည် ယခုမှဖြစ်တည်လာသည့် အခြေ အနေမဟုတ်။ မိမိတို့ ဘိုးဘွား ဘီဘင်များလက် ထက်ကပင်   ထိုမတူကွဲပြားမှုများနှင့်   ယှဉ်တွဲ နေထိုင်လာကြသည်မှာ  ယနေ့ထက်ထိပင်  ဖြစ် သည်။ ထို မတူကွဲပြားမှုများနှင့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် ရှိရင်းစွဲ မတူကွဲပြားမှုများ အပေါ်ထားရှိသည့် အခြေခံသဘောထားသည် များစွာ အရေးကြီးပါသည်။
မတူညီသော  လူမျိုးများ၊  အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုများ၊ ဘာသာတရားများအပြင် နိုင်ငံ ရေး  အယူအဆ ကွဲပြားမှုများဖြင့်   လူမှုအသိုက် အဝန်းတစ်ခုအတွင်း အတူတကွ ပူးတွဲတည်ရှိနေ ခြင်းသည် နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများ အတွက် ပြဿနာတစ်ရပ်အဖြစ် မကြာခဏ ရှုမြင် လေ့ရှိတတ်ကြသည်။  လူမှုအဖွဲ့အစည်း  တစ်ခု အတွင်းရှိ အမျိုးမျိုးသော မတူညီမှုများသည် နိုင်ငံ ၏ အစိုးရတစ်ရပ်အပေါ် မတူညီသော အကျိုး တရားများ  သက်ရောက်လျက်ရှိတတ်ကြသည်။ ယင်း မတူကွဲပြားမှုများအပေါ် ရှုမြင်ပုံ၊ ခံယူပုံနှင့် လက်တွေ့ ကိုင်တွယ်   ဆောင်ရွက်ပုံများအလိုက် အကျိုးသက်ရောက်မှုများလည်း ကွဲပြား ခြားနား နေမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အနှစ်သာရ တစ်ခုမှာ  မတူညီမှုများဖြင့်  ပေါင်းစည်းခြင်းဖြစ် သည်။  ယင်းသို့  ပေါင်းစည်းခြင်းဖြင့်  လူမှုအဖွဲ့ အစည်းအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည် တည်ဆောက်ရန် ရည်ရွယ်လိုရင်းပင် ဖြစ်သည်။


သာတူညီမျှမှုနှင့် သူနိုင် ကိုယ်နိုင်


ထိုမတူကွဲပြားမှုများကို  ပေါင်းစည်းရာတွင် တရားမျှတမှုသည် အခြေခံ လိုအပ်ချက်တစ်ရပ် ဖြစ်ပေသည်။ လူမှုတရားမျှတမှုနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုး၊   သဘောတရားအမျိုးမျိုး၊ အမြင်အမျိုးမျိုး  ကွဲပြားမှုများ  ရှိနေသော်လည်း equality and equity သဘော၊ win – win သဘော သည် ပါဝင်ပတ်သက်နေသည့် ပုဂ္ဂိုလ်တစ်ဦးချင်း အတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ နှစ်ဦး နှစ်ဖက်အကျိုးရှိစေသဖြင့် မူလ ရည်ရွယ်ချက်ဖြစ် သည့် လူမှုအဖွဲ့အစည်းတစ်ရပ်လုံး တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် နိုင်မည်ဖြစ်သည်။


သူနိုင် ကိုယ်နိုင် သဘောသည် တစ်ဖက်တည်း ၏လိုလားချက်အပေါ် မရပ်တည်ဘဲ နှစ်ဦး နှစ်ဖက် ၏သဘောတူညီမှုအပေါ် ရပ်တည်သဖြင့် တရား မျှတသော  အခြေအနေကို  ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။  သူနိုင်  ကိုယ်နိုင်၏  ဆန့်ကျင်ဘက် သဘောသည် သူနိုင် ကိုယ်ရှုံး သို့မဟုတ် ကိုယ်နိုင် သူရှုံး သဘောဖြစ်သည်။ တည်ငြိမ် အေးချမ်းသော လူ့အသိုက်အဝန်း တည်ဆောက်ရာတွင် ကစားပွဲ တစ်ခု၊ ပြိုင်ပွဲတစ်ခုကဲ့သို့ အနိုင်အရှုံးဖြင့် ဆုံးဖြတ်၍ ရနိုင်မည် မဟုတ်ချေ။ 
သူနိုင်ကိုယ်နိုင် သဘောဖြင့်သာ အတူယှဉ်တွဲ နေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် နားလည်မှုတို့ တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ သူ့ဘက် ကိုယ့်ဘက် လိုလားချက် များ သို့မဟုတ် ကိုယ်နိုင်သူရှုံးသဘောကို ကျား ကန်ဆုပ်ကိုင်ထားခြင်းသည်  ရေရှည်တည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု၊ နိုင်ငံ ရေးစနစ်တစ်ရပ် ထူထောင်ရာတွင် ပဋိပက္ခအသွင် ဖြင့် ကောင်းကျိုးထက်  ဆိုးကျိုးများကိုသာ ပေါ် ထွက်လာစေနိုင်သည်ကို သတိပြုကြရပါမည်။  
အထူးသဖြင့် နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံ ရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တစ်ဦး ချင်းစီ၏ အကျိုးစီးပွားများထက် ပြည်သူလူထု အကျိုးကိုလည်း ထည့်သွင်းစဉ်းစားကြရန် လိုအပ် ပါသည်။ နိုင်ငံတည်ဆောက်ရေးတွင် မိမိတို့သည် သာ အမှန်ဆိုသည့် အယူအဆဆိုသည်ထက် သာ တူညီမျှ ဘုံအကျိုးစီးပွားအပေါ်ရပ်တည်၍ အား လုံး ပါဝင်သော  သူနိုင်  ကိုယ်နိုင်အခြေအနေကို ဖော်ဆောင်ခြင်းဖြင့်သာ နိုင်ငံတည်ဆောက်ရေး အတွက်ဖြစ်စေ၊   လူထုအကျိုးအတွက်ဖြစ်စေ အထောက်အကူ ဖြစ်စေနိုင်ပါသည်။


ဒီမိုကရေစီခြေလှမ်းအစ


၂၀၁၁  ခုနှစ်က  မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို အရှိန်အဟုန်ဖြင့် ပြောင်းလဲနိုင်ခဲ့ပါ သည်။ လွှတ်တော်ပထမသက်တမ်း ၅ နှစ်အတွင်း အားလုံးပါဝင်သော နိုင်ငံရေးအခင်းအကျင်းဖြင့် နိုင်ငံရေးပါတီများအားလုံးကို ပါဝင်စေခဲ့ပါသည်။ ငြိမ်းချမ်းရေးတွင်လည်း တိုင်းရင်းသားလက်နက် ကိုင်များ၊  နိုင်ငံရေးပါတီများနှင့်  အရပ်ဘက်အဖွဲ့ အစည်းများပါဝင်၍ လက်ရည်တစ်ပြင်တည်း ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ကြသဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အသွင်သစ်ငြိမ်းချမ်းရေးအုတ်မြစ် NCA ကို စတင် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ 


အလားတူပင် ပထမအကြိမ် လွှတ်တော်သည် သက်တမ်းအားဖြင့် နုနယ်သေးသော်လည်း နိုင်ငံ ရေး အသွေးအရောင်အားဖြင့်ဖြစ်စေ၊ တိုင်းရင်းသား လူမျိုးအားဖြင့်ဖြစ်စေ မတူကွဲပြားမှုများဖြင့် ပေါင်း စပ်လုပ်ဆောင်နိုင်ခဲ့သည်ကို လွှတ်တော်မှတ်တမ်း များတွင် တွေ့မြင်နိုင်သည်။ ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင်လည်း ဒီမိုကရေစီ အခြေခံသဘော များနှင့်အညီ ရွေးကောက်ပွဲကျင်းပခြင်း၊ အာဏာ လွှဲပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သဖြင့် အသွင် ကူးပြောင်းရေး ဒုတိယခြေလှမ်းကို လက်ဆင့်ကမ်း နိုင်ခဲ့ပေသည်။
အသွင်ကူးပြောင်းရေး ပထမ ၅ နှစ်အတွင်း ဗဟိုဦးစီးစနစ်တစ်ရပ်မှ  ဒီမိုကရေစီ  အသွင် ကူး ပြောင်းရေးသို့ကူးပြောင်းရာတွင် အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲနိုင်သည်များ ရှိသကဲ့သို့ အချိန်ပေး ဆောင်ရွက်ရသည်များလည်း ရှိနေသဖြင့် ပထမ အကြိမ် အစိုးရသက်တမ်းကာလအတွင်း  လိုအပ် ချက်များရှိခဲ့ပါသည်။ သို့သော်လည်း ဒီမိုကရေစီ အရွေ့နှင့် တိုင်းတာမည်ဆိုပါက အသွင်ကူးပြောင်း ရေးကို အောင်အောင်မြင်မြင် ခြေလှမ်းနိုင်ခဲ့သည် မှာ  အရှိတရားတစ်ခုအဖြစ်  တွေ့ကြရမည် ဖြစ် သည်။ 
တစ်ပါတီအုပ်စိုးရေး
သို့သော်လည်း အသွင်ကူးပြောင်းရေး ဒုတိယ သက်တမ်းတွင် အနိုင်ရပါတီတစ်ခုတည်းက အလုံး စုံ အုပ်စိုးနိုင်ရေး  ခြေလှမ်းများကို  တွေ့မြင်လာရ သည်။ လွှတ်တော်အတွင်း တိုင်းရင်းသားများ၏အသံ ပျောက်သွားခြင်း၊  လူနည်းစုပါတီများ၏အသံ ပျောက်သွားခြင်း၊ အားလုံးပါဝင်သော ပူးပေါင်း ဆောင်ရွက်မှုထက် တစ်ပါတီတည်းကြီးစိုးသော လွှတ်တော် ဖြစ်လာခြင်းများသည် အားလုံးပါဝင်မှု၊ တန်းတူညီမျှမှုနှင့် ဘုံအကျိုးစီးပွား ဦးတည်ချက် ထက် မိမိပါတီအကျိုးစီးပွားသည်သာ ထိပ်တန်းသို့ ရောက်ရှိလာသည်ကို တွေ့ခဲ့ကြရသည်။ လွှတ်တော် အတွင်း မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းမှု၊ မဲခွဲ ဆုံးဖြတ်မှုတို့တွင် အထင်အရှား တွေ့မြင်ရမည်ဖြစ် သည်။
မြန်မာနိုင်ငံ၏  ငြိမ်းချမ်းမှုနှင့်  တည်ငြိမ်မှု ဆိုသည်မှာ မျှတမှုဆိုသည့် ဟန်ချက်အပေါ် တည်မှီ ပါသည်။ နိုင်ငံ၏ဟန်ချက်များကို ထိန်းကျောင်းနိုင် သည့်  နိုင်ငံ၏မဏ္ဍိုင်များ  မခိုင်မာသေးချိန်တွင် ယင်းမဏ္ဍိုင်များကို ပါတီမှ လွှမ်းမိုးချယ်လှယ်ခြင်း များသည် ဒီမိုကရေစီအရွေ့အတွက် အဟန့်အတား များပင်ဖြစ်သည်။ ယင်းသို့ တစ်ပါတီထဲမှချုပ်ကိုင် ရေး ကြိုးပမ်းမှု၏ နောက်ဆက်တွဲအကျိုးဆက်မှာ နိုင်ငံရေးအကျပ်အတည်းများဆီသို့ တွန်းပို့လိုက် ခြင်းပင်ဖြစ်သည်။


တရားမျှတလွတ်လပ်ခြင်းနဲ့ ခွင့်တူညီမျှ


မြန်မာ့နိုင်ငံရေး    သမိုင်းတစ်လျှောက်တွင် အားလုံးပါဝင်သော  သူနိုင်ကိုယ်နိုင် အခြေအနေ တည်ဆောက်ခြင်းထက်   နိုင်သူအကုန်ယူစနစ် ဖြင့်သာ ဖြတ်သန်းခဲ့ကြရသည်။ ၁၉၄၇ ခုနှစ် စက်တင် ဘာလ ၂၂ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် တတိယညီလာခံ ဆဋ္ဌမမြောက်အစည်းအဝေးတွင် နိုင်ငံတော်သီချင်းအဖြစ် အတည်ပြုခဲ့သည့် ကမ္ဘာ မကျေသီချင်းတွင်   တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ၊ တို့ပြည်၊ တို့မြေ၊ များလူခပ်သိမ်း၊ ငြိမ်းချမ်း စေဖို့၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်၊ တို့ပြည်၊ တို့မြေ၊ ပြည်ထောင်စု အမွေ၊ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြု ပေ၊  ထိန်းသိမ်းစို့လေဟု  ရေးသားထားပါသည်။ ယင်းစာသားများမှာ    နိုင်ငံတော်၏   မျှော်မှန်း ချက်၊   ဦးတည်ချက်များဟုလည်း  ခေါ်ဆိုနိုင်ပါ သည်။
သို့သော်လည်း ယင်းမျှော်မှန်းချက်၊ ဦးတည် ချက်တို့ကို လက်တွေ့အားဖြင့် အကောင်အထည် ဖော်နိုင်မှု အားနည်းခဲ့သည်မှာ ယနေ့အထိပင်ဖြစ် သည်။ ယနေ့ကဲ့သို့  နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန် လိုအပ်နေချိန်တွင်ပင် ငါတို့သည်သာ လျှင်ဓမ္မ၊  ငါတို့မဟုတ်လျှင်အဓမ္မဆိုသည့်  အယူ အဆများနှင့်   လုပ်ဆောင်မှုများသည်   နိုင်ငံ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များနှင့် ဆန့်ကျင်နေပါ သည်။ 


နိုင်ငံအား  ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခရီး အောင်မြင်ရန်နှင့် နိုင်ငံတည်ဆောက်ရန်ဆိုပါက ငါတို့သည်သာအမှန်ဆိုသည့် အယူအဆထက် သာ တူညီမျှမှုသဘော၊ သူနိုင်ငါနိုင် သဘောတရားဖြင့်  ဆောင်ရွက်မှသာ တရားမျှတမှု၊ လွတ်လပ်မှု၊ ခွင့် တူညီမျှမှု၊ ငြိမ်းချမ်းမှုတို့ဖြင့် အနာဂတ် ဒီမိုကရေစီ ခရီး ရှေ့ဆက်လှမ်းနိုင်မည်ဖြစ်သည်။     ။