SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

(၁၈-၃-၂၀၂၂) ရက်နေ့


၁။    ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်း”များကို   စဉ်ဆက်မပြတ်   ဆောင်ရွက်လျက်ရှိရာ  မြန်မာနိုင်ငံသို့  ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများ၊  မြန်မာနိုင်ငံအတွင်း အစုလိုက်ကူးစက်ဖြစ်ပွားမှုများနှင့် ပြည်တွင်းကူးစက်မှုများမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေး လျက်ရှိပြီး Omicron (အိုမီခရွန်) အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများ  နှင့် ပတ်သက်၍   ကျန်းမာရေးဝန်ကြီးဌာနမှ   အချိန်နှင့်တစ်ပြေးညီ  သတင်းထုတ်ပြန်ပေးလျက်ရှိပါ သည်။  

 

၂။    ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၁) ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်တွင် (၁၅-၃-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး  BA.2 ကို ဓာတ်ခွဲ နမူနာ (၃၁) ခုတွင် တွေ့ရှိရပါသည်။

 

၃။    Omicron (အိုမီခရွန်) ရောဂါပိုး BA.2 တွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြု ခဲ့စဉ်ကပင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး  ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိပါသည်။ 

 

၄။    နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု ပိုမိုမြန်ဆန် သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။ 

 

၅။    သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန