မြန်မာ့အလင်းအယ်ဒီတာအာဘော်
နှစ်ဆယ်ရာစုအကုန်ကစ၊ နှစ်ဆယ့်တစ်ရာစုအဝင်ကာလတွင် ဆူနာမီ၊ ငလျင်၊ တောမီးကြီးများ၊ နာဂစ်ကဲ့သို့သော မုန်တိုင်းကြီးများ၊ ရေကြီး ရေလျှံမှုများ၊ မိုးခေါင်ရေရှား ခြောက်သယောင်းကန္တာရများက တစ်ခုပြီးတစ်ခု မွှေနှောက်ရိုက်ခတ်သွားသည်မှာ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ ဖြစ်ခဲ့လေသည်။
သဘာ၀ပတ်ဝန်းကျင်ကို ဂရုတစိုက်မထိန်းသိမ်းခဲ့သမျှ သဘာ၀ ဘေးဒဏ်တို့ ဆက်တိုက်ဆိုသလို ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် ကမ္ဘာတစ်ဝန်းက ပြည်သူအများ အလန့်တကြားဖြစ်ကာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတို့ကို ဒရောသောပါးဖြင့် နားလည် အောင် အမီလိုက်နေကြရသည်။ အထူးသဖြင့်မူ ပညာရှင်များအကြား တွင် အရေးပေါ် အချက်ပေးခေါင်းလောင်းသံတို့ ဆူညံမြည်ဟည်း သွားပါသည်။
အမှန်စစ်စစ်မှာ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ကြဖို့လိုပြီ၊ ပတ်ဝန်းကျင်ပျက်စီးမှုများကို ကာကွယ်ကြရန်လိုပြီ၊ သဘာ၀ပတ်ဝန်းကျင်ကိုဂရုမထားဘဲ၊ အမြော်အမြင်ကြီးကြီးမရှိဘဲ၊ ရှေ့ရေးနောက်ရေးမကြည့်ဘဲ ထုတ်နုတ်ယူငင်သုံးစွဲမှုများကို ချင့်ချင့် ချိန်ချိန် ပြုကြရန်လိုပြီ စသည်ဖြင့် ပညာရှင်တို့က နှိုးဆော်သတိပေး နေကြသည်မှာ ကြာပြီဖြစ်ပါသည်။
ပညာရှင်တို့၏ စကား၊ ပညာရှင်တို့၏ သတိပေးမှုများက ကမ္ဘာသူကမ္ဘာသားတို့အကြား တိုးမပေါက်နိုင်။ သဘာ၀သယံဇာတ တူးဖော်ထုတ်လုပ်သုံးစွဲမှုက စီးပွားရေးအရ အကြီးကျယ်ဆုံးလုပ်ငန်း ကြီးများဖြစ်နေသလို သဘာ၀က ထုတ်လုပ်သည့် စွမ်းအင်တို့၏ အရေးပါအရာရောက်မှု အခန်းကဏ္ဍက ထိပ်တန်းရောက်လာနေ သည်။ ယင်းနှင့်အပြိုင် စွမ်းအင်ထုတ်လုပ်မှုသည် အကြီးကျယ်ဆုံး သော လုပ်ငန်းကြီးများဖြစ်လာသည်။ စွမ်းအင်သုံးစွဲမှုတို့ ပိုမိုလာ သည်နှင့်အမျှ ကာဗွန်ထုတ်လုပ်မှုများပြားမှု၊ သဘာ၀ပတ်ဝန်းကျင် ကို ထိခိုက်စေမည့်အရေးတို့ကလည်း များသည်ထက်များလာ လေသည်။
ယခုလို သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာကွယ် စောင့် ရှောက်ရေးတို့၏ အရေးပါမှုကို အလန့်တကြားသိမြင်လာရသည့် အခါတွင် ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးကို အလေးဂရုပြုကာ ကမ္ဘာ့အရေးအဖြစ် နှိုးဆော်လာကြသည်။ ကမ္ဘာ့နိုင်ငံတိုင်းက ပါဝင် ပူးပေါင်းကြကာ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးကို တညီတညွတ် တည်း ဝိုင်းဝန်းကြရန် နိုင်ငံတကာသဘောတူညီမှုများရယူရေး၊ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးကာ ဆောင်ရွက်အကောင် အထည်ဖော်ရေးတို့ကို အားထုတ်ကြိုးပမ်းနေကြပါသည်။
ကမ္ဘာနှင့်အဝန်း ဖြစ်ပေါ်နေသည့် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းနှင့် စိန်ခေါ်မှုများကို မြန်မာနိုင်ငံကလည်း ရင်ဆိုင် နေရသည်သာ။ မြန်မာနိုင်ငံက စက်မှုလုပ်ငန်းများ၊ စက်ရုံများ များများစားစား ကျယ်ကျယ်ပြန့်ပြန့် ရှိလှသည်မဟုတ်သည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု များပြားသည်ဟု ယေဘုယျ အားဖြင့် မဆိုနိုင်သော်လည်း အတတ်ပညာ အားနည်း၊ ဓနငွေကြေး အားနည်း၊ ရင်းမြစ်အားနည်း၊ အခြေခံအဆောက်အအုံနှင့် ထိန်းသိမ်း ကာကွယ်ရေးစနစ်တို့က အားနည်းလာခဲ့သည်ဖြစ်လေရာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်သော သဘာ၀ဘေးဒဏ်များကို ခုခံ နိုင်စွမ်း တွန်းလှန်နိုင်စွမ်း အားနည်းလွန်းလှသည့်နိုင်ငံဟု ဆိုရ ပါမည်။
ထို့ကြောင့်ပင် ရှိနေသည့် အခြေအနေအတွင်းမှနေ၍ ထိရောက် သည့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခြေလှမ်းတို့ကို စတင်ရန်လိုပါမည်။ လတ်တလောအရမူ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကလည်း ကမ္ဘာနှင့်အမီ လိုက်ပါပူးပေါင်းကြရန် လိုအပ်သည်ဟု နားလည်ထားပါသည်။
ထိုလိုအပ်ချက်နှင့်အညီ လွန်ခဲ့သော ဒီဇင်ဘာ ၁၂ ရက်က အွန်လိုင်းပေါ်က ကျင်းပခဲ့သော သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက် ကြောင့် ကြုံတွေ့နေရသည့် အထွေထွေပြဿနာများကို တုံ့ပြန် ဖြေရှင်းရန် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ထုတ်ဖော်ပြောဆို ကြေညာလိုက်ပါသည်။ ထိုကတိကဝတ်များပါ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ လိုက်လျောညီထွေဖြစ်ရေး၊ ကာဗွန်အသားတင် ထုတ်လုပ်မှုကို လျှော့ချခြင်းမှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု ပမာဏကို လျော့ကျစေရေး စသည့်လုပ်ငန်းစဉ်များက သဘာ၀ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို ထိန်းသိမ်းကာကွယ်ရေး အတွက် အရေးပါသော ခြေလှမ်းများ ဖြစ်လာမည်ဟု ယုံကြည် ပါကြောင်း။ ။