သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဒီထက်မဖြစ်စေလိုပါ

သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဒီထက်မဖြစ်စေလိုပါ

မြန်လင်းမောင်

 

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် မကြုံစဖူး သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ခံစားလာရလျက်ရှိသည်။  သဘာဝဘေးဆိုသည်မှာ ရာသီဥတု ပြောင်းလဲမှုအရ အချိန်တိုကာလတစ်ခုအတွင်း အရပ်ဒေသတစ်ခု သို့မဟုတ် တစ်ခုထက်ပိုမိုသော အရပ်ဒေသများဆီသို့ အလျင်အမြန် ကျရောက်တတ်သည့် သဘောသဘာဝမျိုးလည်းရှိသည်။ 

 

သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင် သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ်  ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊  မြေပြို ခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊  ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ မကြာခဏတိုက်ခတ်ခြင်း၊ ရေခဲများ အရည်ပျော်ခြင်းနှင့် ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်ခြင်း၊  အစားအစာနှင့် သောက်သုံးရေ ရှားပါးလာခြင်းနှင့် ရောဂါဘယများ  ထူပြောလာခြင်း  စသည်တို့ ပါဝင်သည်။

 

လူပေါင်း ၂ ဒသမ ၅ ဘီလီယံနီးပါးကို ထိခိုက်

 

ကပ်ဘေးများဆိုင်ရာ  သုတေသန စင်တာ(CRED)၏  အချက်အလက်များအရ ၁၉၉၄  ခုနှစ်မှ  ၂၀၁၃ ခုနှစ် ကြားကာလ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ တစ်ဝန်းတွင် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်ပေါင်း ၆၈၇၃  ကြိမ် ဖြစ်ပေါ်ခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှလူ့အသက်ပေါင်း ၆၈၀၀၀  နှုန်းဖြင့် နှစ်ပေါင်း  ၂၀  ကာလအတွင်း ပျမ်းမျှ လူ ၂၁၈ သန်းကို ထိခိုက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ကပ်ဘေးဖြစ်စဉ်များအနက် အဆိုပါကာလအတွင်း ရေကြီးရေလျှံမှုသည် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ၏ ၄၃ ရာခိုင်နှုန်းရှိပြီး လူပေါင်း ၂ ဒသမ ၅ ဘီလီယံနီးပါးကို ထိခိုက်ခဲ့သည်။ ထို့အတူ မုန်တိုင်း တိုက်ခတ်မှုများသည် ဒုတိယအဖြစ်အများဆုံး ဘေးအန္တရာယ်အမျိုးအစားဖြစ်ပြီး လူပေါင်း ၂၄၄၀၀၀ ကျော် သေဆုံးခဲ့မှုနှင့်အတူ ပျက်စီးဆုံးရှုံးမှု တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၉၃၆ ဘီလီယံအထိ ရှိခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် ကမ္ဘာတစ်ဝန်း စုစုပေါင်း ဘေး အန္တရာယ်ဖြစ်စဉ် ၃၉၉ ခုကို မှတ်တမ်းတင် ခဲ့သည်။ အဆိုပဖြစ်ရပ်များကြောင့် သေဆုံးသူ ၈၆၄၇၃ ဦးနှင့် လူ ၉၃ ဒသမ ၁ သန်းကို ထိခိုက်ခဲ့သည်။ စီးပွားရေးဆုံးရှုံးမှု မှာ အမေရိကန်ဒေါ်လာ ၂၀၂ ဒသမ ၇ ဘီလီယံဖြစ်သည်။

 

အလားတူပင် မိမိတို့နိုင်ငံတွင်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ အဆမတန် တိုးပွားလာခဲ့သည်။ ဤသည်မှာ မိုးသည်းထန်စွာရွာသွန်းမှုအကြိမ်ရေ တိုးလာခြင်း၊ အမြင့်ပိုင်းဒေသ များတွင် မြေယာအသုံးပြုမှု ပြောင်းလဲလာမှုနှင့် ရေလွှမ်းမိုးမှုအန္တရာယ်ရှိသော ဒေသများတွင် လူဦးရေနှင့် ပိုင်ဆိုင်မှုများ အဆက်မပြတ် တိုးပွားလာခြင်း၏ အကျိုးဆက်များလည်းဖြစ်သည်။

 

၂၀၁၅ ခုနှစ် ရေကြီးမှု

 

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အကြီးမားဆုံးနှင့် လူအသေအပျောက် အများဆုံးဖြစ်စဉ်များအနက် ၂၀၁၅ ခုနှစ် ရေကြီးမှုသည် တစ်နိုင်ငံလုံးရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုရှိ ပြည်သူများထိခိုက် ခံစားခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရွာသွန်းခဲ့သော မိုးကြောင့် လယ်ယာများ၊ လမ်းများ၊ ရထား လမ်းများ၊ တံတားများ၊ ရပ်ရွာလူနေအိမ် များ၊ မြို့ပေါ်ရပ်ကွက်များကို ရေနစ်မြုပ် စေခဲ့သည်။ အဆိုပါ ရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် လူ ၁၀၀ ကျော် သေဆုံးပြီး အိမ်ထောင်စု ၄၀၀၀၀ ကျော်နှင့် လူဦးရေ ၁၆ သိန်း ကျော် ဘေးဒုက္ခကြုံခဲ့ရသည်။ ထို့ပြင် နိုင်ငံ တစ်ဝန်း လယ်မြေဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ကာ လုံးဝပျက်စီးသွားသည့် လယ်ယာမြေမှာ ဧကခုနစ်သိန်းကျော်ရှိပြီး ရေဘေးကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၆၅ ဘီလီယံထိ ရှိခဲ့သည်။

 

၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ

 

အလားတူ ဆိုးရွားပြင်းထန်သည့် သဘာဝဘေးဖြစ်စဉ် တစ်ခုဖြစ်သည့် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်က မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော အလွန့် အလွန်အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA) ကြောင့် ထိခိုက်သေဆုံးသူ ၁၄၈ ဦးနှင့် ဒဏ်ရာရရှိ သူ ၁၃၂ ဦး ရှိခဲ့ကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာ အမှတ်စဉ် (၆၁) တွင် ဖော်ပြခဲ့သည်။ အခြားသော လူမှုစီးပွားဆိုင်ရာ ထိခိုက်ပျက်စီးမှုများအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဘေးသင့်လူဦးရေ ၂၈၇၈၇၉၃ ဦး၊ နေအိမ် ၂၇၁၃၃၅ လုံး၊ စာသင်ကျောင်း အဆောက်အအုံ ၁၆၂၇ လုံး၊ ဘာသာရေးအဆောက်အအုံ ၃၅၄၀၊ ဆေးရုံ/ဆေးခန်း အဆောက်အအုံ ၅၀၉ ခု၊ တာဝါတိုင် ၂၈ တိုင်၊ ဓာတ်တိုင် ၇၂၄၇ တိုင် ထိခိုက် ပျက်စီးခဲ့မှုနှင့်အတူ တိရစ္ဆာန်သေဆုံးမှု ၇၇၉၂၃ ကောင်အထိ ရှိခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးမှုများကို ယခုအချိန်အထိ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲပင် ဖြစ်သည်။

 

တိုင်ဖွန်း “ရာဂီ”နှင့်ဆက်စပ်သည့် ရေဘေး

 

ယခုလတ်တလောတွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်း “ရာဂီ” နှင့် ဆက်စပ်ဖြစ်ပွားသည့် ရေဘေးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုရှိ မြို့နယ် ၅၄ မြို့နယ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက် က ထုတ်ပြန်သည့် စာရင်းများအရ အဆိုပါရေဘေးကြောင့် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးသင့်ခဲ့ပြီး ၃၈၄ ဦး သေဆုံးမှုအနေဖြင့် နေပြည်တော်တွင် ၁၆၄ ဦး၊ ကရင်ပြည်နယ်တွင် ငါးဦး၊ ပဲခူး တိုင်းဒေသကြီးတွင်နှစ်ဦး၊ မန္တလေး တိုင်းဒေသကြီးတွင် ၁၃၄ ဦး၊ ရှမ်းပြည်နယ် တွင် ၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်း သိရသည်။ ထို့ပြင်လူမှုစီးပွား ထိခိုက်ပျက်စီးမှုများအနေဖြင့် လုံးဝပျက်စီးသွားသည့် အဆောက်အအုံပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့သည့် အဆောက်အအုံ ပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၄၃၅ ခု၊ လမ်းတံတား ၅၃၃ ခု၊ လျှပ်စစ်မီး တိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့သည်။ အဆိုပါရေဘေးသည် ယခုလက်ရှိအချိန်အထိ ဒေသအချို့တွင် ဆက်လက်ဖြစ်ပေါ်နေပြီး အများပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို ခြိမ်းခြောက်လျက်ပင်ရှိသေးသည်။

 

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် အများပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်အတူ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရေးအတွက် နိုင်ငံ့အသားတင် ထုတ်ကုန် (ဂျီဒီပီ) နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်မှုများ ဖြစ်ပေါ်စေလျက်ရှိပေရာ သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်အန္တရာယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ဆုံးရှုံးခြင်းများ ဒီထက်မဖြစ်ပေါ်စေလိုသော်လည်း သဗ္ဗေသတ္တာ ကမ္မသကာ- သတ္တဝါအပေါင်းတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဖြစ်ပေတော့သည်။ ။

 

ကိုးကား -

(၁)  The human cost of natural disasters: a global perspective Centre for Research on the Epidemiology of Disasters (CRED)

(၂)  အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထုတ်ပြန်ချက်များ။

(၃) ၂၂-၉-၂၀၂၄ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာ။