
လင်းလက်ကြယ်
မိုး ခေါင်ခြင်း၊ မြေအောက်ရေ ခန်းခြောက်လာခြင်း၊ မြေဆီလွှာ ခန်းခြောက်လာခြင်းတို့သာမက ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ် ခြင်း၊ ရေခဲမြစ်တွေ အရည်ပျော်ခြင်း၊ အင်အားပြင်းတဲ့ မုန်တိုင်းတွေ၊ ငလျင်တွေ ဖြစ်ပေါ်လာ ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ တောမီး လောင်ကျွမ်းခြင်း စတဲ့ရာသီဥတုဖောက် ပြန် ပြောင်းလဲမှုဖြစ်စဉ်တွေက လောက လူသားတွေအပေါ် ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ်။
အခက်အခဲဖြစ်ပွားလျက်ရှိ
လတ်တလောမှာ အရှေ့အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ဆူဒန်နိုင်ငံ မှာ ရေကြီးရေလျှံမှု ဖြစ်ပွားမှုတွေကြောင့် ငတ်မွတ်ခေါင်းပါးသူတွေထံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ထောက်ပံ့ရေးမှာ အခက်အခဲဖြစ်ပွား လျက်ရှိပါတယ်။ တောင်ဆူဒန်နိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အရှေ့အာဖရိကဒေသမှာ တည်ရှိပါ တယ်။
လမ်းများပြတ်တောက်
တောင်ဆူဒန်နိုင်ငံ အထူးပီဘာ အုပ်ချုပ်ရေးနယ်မြေ (ဂျီပီအေအေ) မှာ ဖြစ်ပေါ်လျက်ရှိတဲ့ ငတ်မွတ်ခေါင်းပါးတဲ့ သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ ဟာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး လမ်းများ ပြတ်တောက်လျက်ရှိတဲ့အတွက် အဟန့် အတားဖြစ်နေတယ်လို့ တောင်ဆူဒန် နိုင်ငံဆိုင်ရာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ အိုလေယို အက်ခူရာက ဩဂုတ်လ ဒုတိယပတ်မှာ ပြောကြားထားပါ တယ်။
ထောက်ပံ့ကူညီမှုအပေါ်မှီခို
ပီဘာ၊ ဂူမူရက်ခ်၊ လက်ခန်းဂိုးလီ၊ ဗားတက်သ်၊ ဂျိုဘဲ ဘွန်မာ၊ ပိုချဲယ်လာ စတဲ့ ဒေသခြောက်ခုရှိ ခန့်မှန်း လူဦးရေ ၃၆၅၃၄၂ ဦးရဲ့ ၉၀ ရာခိုင်နှုန်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုအပေါ် မှီခိုအားထား နေရတယ်လို့ ဂျီပီအေအေရှိ သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေးဝန်ကြီး အိုလေယို အက်ခူရာက ပြောပါတယ်။
စားရေရိက္ခာပြတ်တောက်
လက်တလောမှာ ပီဘာရုံးချုပ်အပါ အဝင်နဲ့ ဂျိုဘဲ ဘွန်မာ၊ ပိုချဲယ်လာတို့ကဲ့သို့ ဝေးလံခေါင်သီတဲ့ နေရာဒေသ အများ အပြား စားရေရိက္ခာပြတ်တောက်မှု ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံပြည်သူ တွေဟာ စိတ်ပျက်နေကြတယ်လို့ ဆင်ဟွာသတင်းဌာနဲ့ အင်တာဗျူးတစ်ခု မှာ ပြောကြားထားတယ်။
လူပေါင်း ၃၀ ခန့် အသက်ဆုံးရှုံးခဲ့ရ
လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ ငတ်မွတ် ခြင်းကြောင့် လူပေါင်း ၃၀ ခန့် အသက် ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် တောင်ဆူဒန်နိုင်ငံရဲ့ မြို့တော် ဂျူဘာနဲ့ ပီဘာဒေသအကြား ဆက်သွယ် ထားတဲ့ လမ်းကွန်ရက်တွေကလည်း ဆိုးရွားလွန်းတာကြောင့် ငတ်မွတ် ခေါင်းပါးမှုဒဏ် ခံစားနေရသူတွေထံ ရောက်ရှိဖို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေရဲ့ ဆက်လက်ကြိုးပမ်း အားထုတ်မှုတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စားသောက်ကုန်တွေ ပြတ်တောက်
မိုးရာသီစတင်တဲ့ချိန်မှာ လမ်းတွေ ပြတ်တောက်သွားပြီး အထူးပီဘာဒေသ မှာရှိတဲ့ အဓိကဈေးတွေမှာလည်း စားသောက်ကုန်တွေ ပြတ်တောက်သွား ပြီး အခြေအနေဆိုးရွားနေတယ်လို့ အက်ခူရာက ပြောပါတယ်။ စားရေရိက္ခာ ထောက်ပံ့မှုလည်း မရှိဘူးလို့ ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့ဖြစ်တဲ့ Oxfam အဖွဲ့က ယခုလ အစောပိုင်းက ပီဘာဒေသမှာ လူ ၁၂ ဦးခန့် ငတ်မွတ် ခြင်းကြောင့် သေဆုံးခဲ့ရတယ်လို့ ဩဂုတ်လ ပထမပတ်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
တောင်ဆူဒန်နိုင်ငံရှိ Oxfam အဖွဲ့ ဒါရိုက်တာ မာနန်းဂျီ မန်ဂွန်းဒူက ယခု သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာ ချက်မှာ ပီဘာအထူးဒေသရဲ့ အခြေ အနေက ကြေကွဲဝမ်းနည်းဖွယ်ကောင်း ပြီး လူပေါင်းထောင်ချီမှာလည်း ငတ်မွတ် ခေါင်းပါးမှုဘေးနဲ့ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။
ပြင်းထန်အာဟာရချို့တဲ့မှုဖြစ်ပွား
ဒါ့အပြင် ကလေးငယ်အများစုမှာ ရက်ပေါင်းအတန်ကြာ စားသောက်စရာ မရှိတဲ့အတွက် ပြင်းထန်တဲ့ အာဟာရ ချို့တဲ့မှုဖြစ်ပွားနေကြောင်း မန်ဂွန်းဒူက ပြောပါတယ်။ လူပေါင်း ၇၉၀၀၀ နီးပါး စားရေရိက္ခာ မလုံလောက်မှုအဆင့်နဲ့ ရင်ဆိုင်နေရမှုအပါအဝင် တောင်ဆူဒန် နိုင်ငံမှာ လူပေါင်း ခုနစ်သန်းကျော် အလွန်အမင်း ငတ်မွတ်ခြင်းဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ၎င်း က ဆက်ပြောပါတယ်။ ယင်းအရေ အတွက်မှာ ယမန်နှစ်ကထက် နှစ်ဆ ကျော် ပိုများပြားတယ်လို့ ဆိုပါတယ်။
ထောက်ပံ့ကူညီပေးနိုင်ရေး
စက်တင်ဘာလမှစတင်ကာ တောင် ဆူဒန်နိုင်ငံမှာ ရေကြီးရေလျှံမှုဒဏ်ခံစား နေရတဲ့ လူပေါင်း ၃ ဒသမ ၃ သန်းအနက် ၂ ဒသမ ၄ သန်းကို ထောက်ပံ့ကူညီပေးနိုင် ရေး စီစဉ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့က ဇူလိုင်လ နောက်ဆုံးပတ်မှာ ပြောကြားထားပါတယ်။ ကုလသမဂ္ဂနဲ့ ၎င်း၏ မိတ်ဖက်တို့ဟာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု အတွက် တောင်ဆူဒန်အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ပံ့ပိုးပေးလျက်ရှိ ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (အိုစီအိတ်ချ်အေ) က ပြောပါတယ်။
အကူအညီလိုအပ်မှုဆိုးရွားနေ
ဒါ့အပြင် အိုးအိမ်စွန့်ခွာခဲ့ရသူများ အတွက် ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ ဝန်ဆောင်မှုတွေ၊ အမိုးအကာတွေနဲ့ စားရေရိက္ခာ ထောက်ပံ့ကူညီပေးမယ်လို့ လည်း အိုစီအိတ်ချ်အေက ပြောပါတယ်။ အိမ်နီးချင်း ဆူဒန်နိုင်ငံမှာ ပဋိပက္ခဖြစ်ပွား မှုနဲ့တခြား စိန်ခေါ်မှုတွေက တောင်ဆူဒန် နိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှုကို ပိုမို ဆိုးရွားစေတယ်လို့ အိုစီအိတ်ချ်အေက သတိပေးပြောကြားထားပါတယ်။
ဆူဒန်နိုင်ငံမှာ ပဋိပက္ခဖြစ်ပွားတဲ့ ယမန်နှစ် ဧပြီလကတည်းက နေရပ်ပြန်နဲ့ ဒုက္ခသည်ပေါင်း ၇၇၀၀၀၀ ကျော်ဟာ နယ်စပ်ကို ဖြတ်ကျော်ကာ တောင်ဆူဒန် နိုင်ငံထဲသို့ ထွက်ပြေးလာကြတယ်လို့ လည်း အိုစီအိတ်ချ်အေက မှတ်ချက်ပြု ပြောကြားထားပါတယ်။
ကိုးကား - ဆင်ဟွာ