သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေခေါင်းစဉ်ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဩဂုတ် ၂၅


မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း အောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာ၏ လျာထားအခန်း (၆)ခန်း အနက် အခန်း(၅) ဖြစ်သည့် သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးအား ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အမှာစကားပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူးဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက အစည်းအဝေးခေါ်ယူရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက အုပ်စုဖွဲ့ဆွေးနွေး ခြင်းများပြုလုပ်ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့ပြီး သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီဝင်များ၊ အခြားဆပ်ကော်မတီ (၈) ခုမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ကော်မတီဝင်များနှင့် UNICEF (မြန်မာ)မှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်