မြန်မာနိုင်ငံတည်ရှိရာ အရှေ့တောင်အာရှဒေသသည် ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုဒဏ်ကို အခံစားရဆုံး၊ အထိခိုက်လွယ်ဆုံးဒေသ ဖြစ်သည့်အပြင် တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းခြောက်သွေ့ လာနေသည်ဟုလည်း ပညာရှင်များက ဆိုသည်။ အရှေ့တောင် အာရှဒေသသည် လူနေထူထပ်များပြားခြင်း၊ ကမ်းခြေဒေသများ တွင် လူနေထိုင်မှုများပြားခြင်း၊ သစ်တောနှင့် သဘာဝသယံဇာတ များကို အများအပြားထုတ်ယူနေခြင်း စသည့်အချက်များက ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုဒဏ်ထိခိုက်လွယ်စေသည့် အခြေအနေ သို့ ရောက်ရှိခဲ့ရသည့် အကြောင်းရင်းများဖြစ်သည်ဟုလည်း ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံနှင့်တကွ အိမ်နီးချင်းနိုင်ငံများ၌ပါ အပူချိန်များပြင်းထန်စွာ မြင့်တက်လျက်ရှိရာ မုတ်သုံရာသီ နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံမှ မြို့အချို့၏နေ့အပူချိန်များမှာ သဲကန္တာရနိုင်ငံများထက်ပင် ကျော်လွန်ကာ ကမ္ဘာ့အပူဆုံးစာရင်း ၏ထိပ်ဆုံးပိုင်း၌ ရောက်ရှိနေသည်။ အပူဒဏ်ကို အလွန်ပြင်းထန် စွာ ခံစားရသည့် ကမ္ဘာ့ဧရိယာများသည် ဆယ်စုနှစ်တစ်ခုပြီး တစ်ခု ကြာမြင့်ခဲ့ပြီးနောက် ပိုမိုကျယ်ပြန့်လာသည့်အပြင် အပူချိန်မှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။ မုတ်သုံမိုးမှာလည်း အဝင်နောက်ကျပြီး အထွက်စောလာကာ မိုးရွာရက်များလည်း သိသိသာသာလျော့နည်းလာခဲ့သည်။ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်ရန်၊ ယခုထက် အပူချိန်ကို ပို၍တိုးမလာစေရန် လူသားတို့က လေထုအတွင်းသို့ ထုတ်လွှတ်နေသည့် ကာဗွန် ပမာဏကို သိသာစွာလျှော့ချနိုင်ရန် လိုအပ်သည်။
လေထုထဲသို့ ကာဗွန်ထုတ်လွှင့်နေသည့် အရင်းအမြစ်များ တွင် သစ်တောများပျက်စီးပြုန်းတီးခြင်းသည် အဓိကအချက် တစ်ရပ်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်း ၏ ၁၈ ရာခိုင်နှုန်းရှိပြီး သယ်ယူပို့ဆောင်ရေးသုံး ယာဉ်ယန္တရား များမှ ထုတ်လွှတ်သည့် ကာဗွန်ပမာဏထက် ပိုမိုများပြားနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ကာဗွန်ပမာဏ အမြောက်အမြား ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေသည့် သစ်တောများ ပျက်စီးပြုန်းတီး မှုကို လျှော့ချနိုင်ရန်နှင့် သစ်တောများကို စနစ်တကျ ထိထိ ရောက်ရောက် ကာကွယ်ရန် လိုအပ်သည်။
‘‘သစ်တောများ တည်ရှိရှင်သန်နေခြင်းသည် ‘အတိတ်ကာလ ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ ဖွံ့ဖြိုး မှု’ ဖြစ်သည့်အတွက် စနစ်တကျပြုစုထိန်းသိမ်းရန် အလွန်အရေး ကြီးပါကြောင်း၊ တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်ပြီး စိုက်ပျိုးသမျှ အောင်မြင်အောင် ပြုစုထိန်းသိမ်းကြရမည် ဖြစ်ပါကြောင်း၊ သစ်ပင်သစ်တောများကို စိုက်ပျိုးပြုစုခြင်းသာမက သဘာဝ သစ်တောသယံဇာတများကိုလည်း ရေရှည်တည်တံ့စေရေး ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း”ယမန်နှစ် ဒုတိယအကြိမ် နိုင်ငံအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့ နိုင်ငံတွင် သစ်တောပြုန်းတီး မှုများ လျှော့ချရေးနှင့် သစ်တောများကို စနစ်တကျကာကွယ် နိုင်ရေးတို့အတွက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း ကို သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေးနှင့် ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေ များအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ နိုင်ငံသားတိုင်းက နိုင်ရာတာဝန်ကို ထမ်းဆောင်၍ ပါဝင် ဆောင်ရွက်ကြရန်လိုသည်။
ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွင် ဖြစ်ပေါ်လာ သည့် သဘာဝဘေးအန္တရာယ်များကို မည်သူမျှ ရှောင်လွှဲ၍ မရနိုင်။ သစ်တောသစ်ပင်များ ဖုံးလွှမ်းနေသည့် တောင်ကုန်း၊ တောင်တန်း၊ မြေပြန့်လွင်ပြင်များက ရေကြီး၊ ရေလျှံခြင်း၊ တောင်ပြို မြေပြိုခြင်း၊ အပူလွန် အအေးလွန်ကဲခြင်း စသည့် သဘာဝဘေးအန္တရာယ်လျော့နည်းစေခြင်း၊ လျော့ပါးသက်သာ စေခြင်း စသည့်အကျိုးရလဒ်များကို ရရှိစေနိုင်သည့်အလျောက် သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးတို့ကို လူသားတို့ အပါအဝင် သက်ရှိဇီဝမျိုးစုံတို့၏ ရှင်သန်ဖြစ်ထွန်းရေး အကျိုးအလို့ငှာ အားထုတ်လုပ်ဆောင်ကြရေး နှိုးဆော်လိုက်ရ ပါကြောင်း။ ။