
သတင်းဆောင်းပါး
============
သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ(၅)
===========================================================
စုစည်းတင်ပြသူ - သီသီမင်း၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
=====================================
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ဖေဖော်ဝါရီ ၁ ရက် မှ ၇ ရက်အထိ ကျင်းပနေသည့် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ '' ပွဲတော်ကြီးသည် ပွဲတော် ကာလပြီးဆုံးရန် နီးကပ်လာသည်နှင့် အမျှ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ပြခန်းများသို့ လာရောက်လေ့လာသူ များ၊ ညပိုင်းတွင် တိုင်းရင်းသားများ၏ ကပြဖျော်ဖြေ တင်ဆက်မှုများနှင့် နာမည်ကျော် တေးသံရှင်များ၏ သီဆို ဖျော်ဖြေမှုများကို လာရောက်ကြည့်ရှု သူများ၊ ရိုးရာအစားအစာများ၏ ထူးခြားကောင်းမွန်သော အရသာများ ကို လာရောက်စားသုံးသူများဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကား လျက်ရှိသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်း
ပြခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် တောင်ပေါ်ဒေသတွင် နေထိုင်သည့် ကိုးကန့်လူမျိုးတို့ နေထိုင်ရာအိမ်ကို ပုံစံတူ ဆောက်လုပ်ထားသည့် တဲအိမ် ထဲတွင် လာရောက်လည်ပတ်ကြည့်ရှု သူများအား လက်ဖက်ရည်ကြမ်းဖြင့် ဧည့်ခံခြင်း၊ ကိုးကန့်ရိုးရာတေးသီချင်း များ သီဆိုတီးမှုတ်ကပြဖျော်ဖြေသည့် အချိန်တွင် လာရောက်လည်ပတ်သူ များကိုယ်တိုင် ပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲနေခြင်းတို့ကြောင့် ကိုးကန့် ရိုးရာယဉ်ကျေးမှုပြခန်းမှာ စည်ကား လျက်ရှိသည်။
''ဒီအဆောက်အအုံက တောင်ပေါ် မှာဆောက်တဲ့ အဆောက်အအုံတွေ အတိုင်း ဝါးနဲ့ဆောက်ထားတာ။ အမိုးလေးတွေလည်း ဒီပုံစံပဲ။ တောင် ပေါ်မှာ လေအလွန်တိုက်တဲ့အခါကျ တော့ လေမတိုးအောင် ရွှံ့ရယ်၊ နွားချေး ရယ်ရောပြီး နံရံတွေကို လုပ်ထားတာ။ ဘိလပ်မြေထက်ခိုင်တယ်။ ဒီအိမ်တွေ က နှစ်ရှည်ခံတယ်၊ ဒါလေးကို ပြချင် လို့ပါ'' ဟု ကိုးကန့်တိုင်းရင်းသား ယဉ်ကျေးမှုပြခန်း တာဝန်ခံ ဦးသိန်းဇော်ထွေးက ပြောသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရိုးရာယဉ်ကျေးမှုပြခန်းတွင် ကိုးကန့်ဒေသ၏ နာမည်ကြီး ထုတ် ကုန် လက်ဖက်ခြောက်အပါအဝင် မုန်ညင်းချဉ်၊ တို့ဟူးချဉ်၊ သစ်ကြားသီး စသည့် ဒေသထွက် စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင်ပစ္စည်းများကို လည်း ခင်းကျင်းပြသထားသည်။
တူရိယာပစ္စည်းများ အနေဖြင့် နှစ်သစ်ကူးပွဲတော်များ၊ သာရေးနာရေး နှင့် ပျော်ပွဲရွှင်ပွဲများတွင် တီးခတ်လေ့ရှိ သည့် ဘင်ဂျိုများ၊ နှဲနှင့် ၁၉၆၀ ပြည့် နှစ်ကတည်းက ပစ္စည်းဖြစ်သော ရှန်မယ်ဟုခေါ်သည့် ဝါးဖြင့် ပြုလုပ် ထားသော ကိုးကန့်လူမျိုးတို့၏ ရိုးရာ တူရိယာတစ်ခုကိုပါ ထူးခြားစွာ တွေ့မြင်ရမည်ဖြစ်သည်။
''ရှန်မယ်လို့ခေါ်တယ်။ ဝါးနဲ့လုပ် ထားတာ။ လေနဲ့ မှုတ်ရတာ။ တစ်ယောက်တည်း ညအချိန် တီးမှုတ် လို့ရှိရင် ပိုပြီးတော့မှ အသံလွင်လွင်လေး ကြားရတယ်။ ဟိုအရင်တုန်းက လူပျို လှည့်ရင် မိန်းကလေး အိမ်တွေမှာ သွားပြီးတီးကြတာ။ ရိုးရာပစ္စည်းပေါ့။ အခုလက်ရှိမှာ တီးမှုတ်တတ်တဲ့သူ နည်းနည်းလေးရှားပါးလာပြီ'' ဟု ဦးသိန်းဇော်ထွေးက ပြောသည်။
ပြခန်းအတွင်း ကိုးကန့်လူမျိုးတို့ မိုးရာသီ၊ ဆောင်းရာသီတို့တွင် လား များ ဝန်စည်စလယ်များဖြင့် ကူးသန်း သွားလာရာတွင် ချမ်းအေးမှုဒဏ်ခံ နိုင်ရန် ချုပ်လုပ်ထားသော ထန်းမိုးကာ၊ တောင်ထန်းအိပ်ရာခင်း၊ ကောက်ရိုး၊ အဝတ်စများဖြင့် ပြုလုပ်ထားသည့် ကိုးကန့်ရိုးရာ ယောက်ျားစီးဖိနပ်ပုံစံ အမျိုးမျိုးနှင့် ရှေးခေတ် ကိုးကန့် မိန်းကလေးများ ဝတ်ဆင်ခဲ့သည့် ဖိနပ်တို့ကိုလည်း ပြသထားသည်။
ပြခန်းအတွင်း ကိုးကန့်နယ်မြေ လောက်ကိုင်ဒေသ၌ ယနေ့တိုင် တွေ့ရှိ နိုင်သော နှစ်ပေါင်း ၂၀၀ ကျော်က တည်ဆောက်ခဲ့သည့် ကိုးကန့်ဒေသ နှင့်ပတ်သက်သော ကျောက်ထုစာပေ၊ စော်ဘွားအဆက်ဆက်၏ မှတ်တမ်း ဓာတ်ပုံများ၊ ကိုးကန့်ဒေသ၏ ပထဝီ အနေအထား၊ ကိုးကန့်တိုင်းရင်းသား တို့၏ လူမျိုးနှင့် ယဉ်ကျေးမှုသမိုင်း မှတ်တမ်းများ၊ ကိုးကန့်တိုင်းရင်းသား စာအုပ်များ၊ ကိုးကန့်ဒေသကို ပဒေ သရာဇ်စနစ်ဖြင့် အုပ်ချုပ်စဉ်က ယန် မျိုးနွယ်အုပ်ချုပ်သူ အာဏာပိုင်များ အသုံးပြုခဲ့သော ရုံးတံဆိပ်တုံးတို့ကို ဖော်ပြထားသည့်အပြင် ထူးခြားချက် အနေဖြင့် ကိုးကန့်စော်ဘွားခေတ်က အသုံးပြုခဲ့သည့် နိုင်ငံသားမှတ်ပုံတင် တစ်ခုကို စိတ်ဝင်စားဖွယ် ပြသထား သည်။
စော်ဘွားခေတ်က အသုံးပြုခဲ့သည့် နိုင်ငံသားမှတ်ပုံတင်
''စော်ဘွားတွေခေတ်က သုံးခဲ့တဲ့ မှတ်ပုံတင်က အဲဒီတုန်းက ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်ရတယ်။ ကိုယ့် စော်ဘွားနဲ့ကိုယ် အုပ်ချုပ်တော့ မှတ်ပုံတင်မရှိရင် ကျွန်တော်တို့ ပြည်မ နဲ့ ဆက်သွယ်ဖို့ခက်တယ်။ လာဖို့ခက် တယ်။ ကိုးကန့်နယ်အတွက်၊ ကိုးကန့် လူမျိုးတွေအတွက် သီးသန့်ဆိုပြီး စော်ဘွားကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပေးထားတာပါ'' ဟု ဦးသိန်းဇော် ထွေးက ပြောသည်။
ကိုးကန့်တိုင်းရင်းသားများ နှစ်သစ် ကူးချိန်တွင် မိန်းမပျိုလေးများအား ချစ်ခွင့်ပန်ရန် ပြုလုပ်သည့် ပန်းပေါက် ပွဲ(တာပေါင်)တွင် အသုံးပြုသည့် ပေါင်း ဟုခေါ်သည့် ပန်းဖွားလုံးလေး များ၊ နှစ်သစ်ကူးရက် နှစ်ဆန်း ၁ ရက် မှ ၁၅ ရက်တွင် ကစားလေ့ရှိသည့် ဂျင်ပေါက်ပွဲတွင် အသုံးပြုသည့် ဂျင်၊ ကြိုး၊ အတံ အစုံများကိုလည်း ပြသ ထားပြန်ရာ စိတ်ဝင်စားဖွယ်ကောင်း လှသည်။
''လူကြီး၊ လူငယ်တွေ တော်တော် ကစားကြတယ်။ လောက်ကိုင်နဲ့ ချင်း ရွှေဟော်တို့မှာ ပေါက်တယ်။ ပေါက်ပုံ ပေါက်နည်းကလည်း ဂျင်တစ်လုံးကို ပေါက်လိုက်မယ်၊ အလယ်မှာ လည်နေ မယ်၊ သူက တည်ကြက်ပေါ့။ နောက်တစ်လုံးကို ဂျင်ပေါက်ပြီးရင် ဘယ်လောက် ကြာကြာလည်နိုင်မလဲ၊ ကောင်းတဲ့ဂျင်တွေဆိုရင် နာရီနဲ့ ချီပြီး ကြာတယ်။ လည်နေတာ။ လူကို မထိ ရဘူး၊ ကြာတဲ့အချိန်ကို ဆုပေးတာ'' ဟု ဦးသိန်းဇော်ထွေးက
ပြောသည်။
ပြခန်းအတွင်း ဆန်၊ ပဲ၊ ပြောင်းနှင့် တိရစ္ဆာန်အစာများ အမှုန့်ကြိတ်ရာ တွင် အသုံးပြုသည့် ကျောက်ကြိတ်ဆုံ၊ ဆန်ဖွပ်၊ မောင်းထောင်း၊ စပါးရိတ်ရာ တွင် သုံးသည့်ပစ္စည်းကိရိယာများ၊ ကူးသန်းသွားလာရာတွင် သုံးသည့် နွား၊ မြင်းကုန်းနှီးများ၊ ဝန်စည်စလယ် တင် ကုန်းနှီးများ၊ ကောက်ရိုးထိုင်ခုံ များ၊ ဆန်နှင့် ဟင်းသီးဟင်းရွက်များ ဆေးကြောသန့်စင်ရာတွင် အသုံးပြု သည့် ဆန်ဆေးပလုံးများ၊ တိရစ္ဆာန် အစာထည့်သည့် တောင်းများ၊ တောင်ပေါ်ဒေသတွင် သုံးသည့် ကလေးပုခက်များ၊ ဝါးဖြင့် ပြုလုပ်ထား သည့် ရိုးရာဆေးလိပ်သောက်သည့် ပြောင်းများနှင့် တံစဉ်၊ ဓားစသည့် ရှေး ယခင် ကိုးကန့်ဒေသ၌ အသုံးပြုခဲ့သည့် တောင်ယာသုံးပစ္စည်းများနှင့် လောက် လေးဂွ၊ ဒူးလေး စသည်တို့ကို ခင်းကျင်းပြသထားသည်။
ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်း
ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်း အဝင်ဝတွင် ကြီးမားလှသည့် ပင့်ကူရုပ်တုကြီး တစ်ခုက ပြခန်းသို့ လာရောက်ကြည့်ရှု လေ့လာသူတို့အတွက် စိတ်ဝင်စား စရာပင်ဖြစ်သည်။
''ပင့်ကူရုပ်တုကြီးရဲ့ သမိုင်းကို ပြန်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပင်းတယမြို့ဟာ ပင့်ကူရ၊ ပင့်ကူကို အောင်နိုင်သွားတဲ့ မြို့တော်ပေါ့။ သုဓနုမင်းသားက ပင့်ကူရန်ကို လေး၊ မြားနဲ့ ပစ်ခွင်းပြီးတော့မှ ရန်ကို နှိမ်နင်းခဲ့တယ်။ ပင့်ကူကို အောင်နိုင် ခဲ့တာကို အစွဲပြုကာ ပင်းတယလို့ ခေါ်ခဲ့ တာဖြစ်လို့ ဒါကို ပြသထားတာဖြစ် ပါတယ်'' ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရိုးရာယဉ်ကျေးမှုပြခန်းမှ ကိုကျော်မျိုးထွေးက ပြောသည်။
ပြခန်းအတွင်း မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများပါ အထူး စိတ်ဝင်စားသည့် ဓနုတိုင်းရင်းသား များ၏ လက်မှုလုပ်ငန်းဖြစ်သည့် ထီးကြမ်းလုပ်ငန်းနှင့် ပတ်သက်၍ လက်တွေ့ လုပ်ဆောင်နေမှုများနှင့် အတူ ထီးလုပ်ငန်း ပြုလုပ်ရာတွင် သုံးသည့် ပစ္စည်းများ၊ မိုင်းကိုင်စက္ကူဖြင့် ပြုလုပ်ထားသည့် ထီးကြမ်းများကို အရွယ်စုံ၊ အရောင်အသွေးစုံ မြင်တွေ့ နိုင်သည်။
''လက်မှုရိုးရာ ထီးကြမ်းလုပ်ငန်း ဟာဆိုရင် မျိုးဆက်သုံးဆက်လောက် ရှိသွားပါပြီ။ ဒီထီးလေးတွေလုပ်ပြီး တော့ တောင်ယာမှာ မိုးတွင်းမှာသုံး တယ်။ မိုင်းကိုင် စက္ကူနဲ့လုပ်တာ။ ဓနုတိုင်းရင်းသားတွေရဲ့ နာမည်ကြီးတဲ့ ရိုးရာထီးလုပ်ငန်းပါ'' ဟု ကိုကျော်မျိုး ထွေးက ပြောသည်။
ဓနုရိုးရာ အသုံးအဆောင်ပစ္စည်း များဖြစ်သည့် ဓနုတိုင်းရင်းသားများ မြေပဲ၊ နေကြာဆီကြိတ်ရာတွင် သုံးသည့် သစ်သားဆီဆုံ၊ ရိုးရာပွဲတော် များတွင် ချက်ပြုတ်သည့် ပေါင်းအိုး၊ ခရီးသွား လာသည့်အခါ နွားများကိုယ်ပေါ် သို့တင်၍ ပစ္စည်းထည့်သည့် ဝန်တင်တောင်း၊ ဆွမ်းတော်တင်ရာ တွင်လည်းကောင်း၊ မိသားစု ထမင်း စားသည့်အခါတွင် လည်းကောင်း အသုံးပြုသည့် နှီးဒေါင်းလန်းများ၊ ဝါးဖြင့် ရက်လုပ်ထားသော တောင်း အမျိုးမျိုး၊ ပြည်တောင်း၊ ချိန်ခွင်၊ ဝါးခလောက်များ၊ မီးကင်းစောင့်သည့် အခါ တီးသည့် ခလောက်များ၊ မိုင်းကိုင်စက္ကူဖြင့် ရေးထားသည့် စာပေများ၊ မိခင်မေတ္တာကို ရည်ညွှန်း သည့် ရုပ်တုတို့ကို ဗဟုသုတဖြစ်ဖွယ် မြင်တွေ့နိုင်သည်။
'' ဒေါင်းလန်းဆိုရင် မိသားစုတွေ ထမင်းစားတဲ့အခါသုံးတယ်။ တာတက် ပွဲမှာ ဆွမ်းတော်တင်တဲ့အခါသုံးတယ်။ ထမင်းတွေ၊ ဟင်းတွေ တင်လှူပြီး ဆုတောင်းကြတာပေါ့။ အခုပြထားတာ သေးသေးလေး၊ အကြီးလည်းရှိတယ်'' ဟု ကိုကျော်မျိုးထွေးက ပြောသည်။
ဓနုတိုင်းရင်းသား တူရိယာပစ္စည်း များဖြစ်သည့် အိုးစည်၊ မောင်း၊ လင်းကွင်း၊ ဝါးလက်ခုပ်၊ ဓားသိုင်း ကရာတွင် သုံးသည့် ဓားများ၊ မိုင်းကိုင် စက္ကူဖြင့် ပြုလုပ်ထားသည့် မီးပုံးများ ကိုလည်း ပြသထားသည်။
ထို့ပြင် ဓနုတိုင်းရင်းသားများ နေထိုင်ကြသည့် ပင်းတယ၊ ရွာငံ၊ နောင်ချို၊ ရပ်စောက်ဒေသများရှိ ပင်းတယလိုဏ်ဂူ၊ မိန်းမရဲတောင်၊ ရေပြာအိုင်စသည့် နာမည်ကျော် အထင် ကရနေရာများ၊ အထင်ကရ ဆရာ တော်ကြီးများ၊ ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များ၊ နာမည်ကျော် လက်ဖက်နှင့် ကော်ဖီစိုက်ခင်းများကို ဗီနိုင်းဖြင့် ပြသထားသည်ကို လေ့လာ ခွင့်ရမည်ဖြစ်သည့်အပြင် ဓနုရိုးရာ အဝတ်အထည်များ၊ အမှတ်တရ ပစ္စည်းများကိုပါ ဝယ်ယူရန် ဆိုင်ခန်း များလည်း ဖွင့်လှစ်ထားသည်။
''သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှာ အခုလို လာပြခွင့်ရတာ တိုင်းရင်းသား ယဉ်ကျေးမှုတွေလည်း အချင်းချင်း ဖလှယ်လို့ရတယ်။ တခြား သွေးချင်း တိုင်းရင်းသားတွေ ဖျော်ဖြေတာ လည်း သဘောကျတယ်။ ပျော်လည်း ပျော်ပါတယ်'' ဟု ရိုးရာယဉ်ကျေးမှု ပြခန်းမှ ကိုကျော်မျိုးထွေးက ပြောသည်။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြခန်း
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြခန်းတွင် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်း များတွင် သင်ကြားနေသည့် တိုင်းရင်း သားဘာသာ ၆၄ မျိုး၏ အမည်များ၊ တိုင်းရင်းသားဒေသ သင်ရိုးညွှန်းတမ်း စာအုပ်များ၊ တိုင်းရင်းသား ပုံပြ၊ ပုံပြင် စာအုပ် ၆၆ မျိုး၊ တိုင်းရင်းသားလူမျိုး များ၏ အမျိုးသားနေ့နှင့် နေ့ထူး နေ့မြတ်များ ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းစာအုပ်များ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့ပုံပြင်များ၊ စကားထာများ၊ ဆိုရိုးစကားများနှင့် ပတ်သက်သည့် စာအုပ်များ၊ တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ စာအုပ်များ၊ တိုင်းရင်းသား လူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် နည်းဥပဒေစာအုပ်များကို ခင်းကျင်းပြသထားသည်။
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြခန်းမှ ရန်ကုန်တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုဌာန ဦးစီး အရာရှိ ဒေါ်နီနီမင်းရှိန်က ''ပြီးခဲ့တဲ့ နှစ်က ပြခန်း မပြဖြစ်ခဲ့ဘူး။ ဒီနှစ်မှ လုပ်ဖြစ်တာပါ။ ပြည်သူအများစုက ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့ တိုင်းရင်းသားရှစ်မျိုးပဲ သိကြတာ။ သူတို့ရဲ့ မျိုးနွယ်စုတွေကို မသိကြဘူး။ အခုဆို ညဘက်မှာ အမှတ်တရ ဓာတ်ပုံရိုက်တဲ့သူတွေရှိတယ်။ ပြခန်း ကို နိုင်ငံခြားသားတွေ လာတဲ့အခါမှာ လည်း စိတ်ဝင်စားတာတွေ့ရတယ် '' ဟု ပြောသည်။
အဆိုပါ ပြခန်းအတွင်း မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား ၁၃၅ မျိုး၏ အမည်စာရင်းများ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း ၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားများအပါအဝင် ၎င်းတို့ မျိုးနွယ်စုများ၏ ဝတ်စား ဆင်ယင်ပုံများ၊ နေထိုင်စားသောက်မှု ပုံစံများ၊ ဖြစ်ပေါ်လာသော သမိုင်း ကြောင်းများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားမှုများ၊ တိုင်းရင်းသားဒေသ အသီးသီးရှိ ထင်ရှားကျော်ကြားသော နေရာများ၊ ယဉ်ကျေးမှု အဆောက်အအုံများကိုပါ ပြသထားသည့်အပြင် လာရောက် ကြည့်ရှုလေ့လာသူများအား တိုင်းရင်း သားများနှင့်ပတ်သက်သည့် အချက် အလက်များကို ဖြေကြားပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ပေးလျက်ရှိရာ ဗဟုသုတ တိုးပွားစေသည့် ပြခန်းဖြစ်သည်။
မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ပြခန်း
သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ကြီး ဖြစ်မြောက်ရန် ကြီးမှူးဆောင် ရွက်ခဲ့သည့် မြန်မာနိုင်ငံ တိုင်းရင်းသား
လုပ်ငန်းရှင်များ အသင်းကလည်း ပြခန်းဖွင့်လှစ်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ တအာင်း(ပလောင်)၊ ဓနု၊ ကိုးကန့်၊ ဝ၊ နာဂ စသော တိုင်းရင်းသား များ၏ သမိုင်းဆိုင်ရာ အချက်အလက် များ၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ဖြစ်ပေါ်လာပုံနှင့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် မှတ်တမ်းများ၊ မြန်မာ နိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း စတင်ဖြစ်ပေါ်လာပုံနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်း သားလုပ်ငန်းရှင်များ၏ ဆောင်ရွက်မှု မှတ်တမ်းများကို ဓာတ်ပုံမှတ်တမ်း များဖြင့် ပြသထားရာ ယခုနှစ်ကျင်းပ သည့် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀'' ပွဲတော်ကြီးသည် ပြည်ထောင်စု ဖွား တိုင်းရင်းသားအားလုံး၏ ရိုးရာ ဓလေ့စရိုက်များ၊ စာပေယဉ်ကျေးမှု များ၊ အစားအသောက် နေထိုင်မှုပုံစံ များကို တစ်နေရာတည်း ကြည့်ရှု လေ့လာခွင့်ရသည့် တိုင်းရင်းသား ကမ္ဘာကြီးတစ်ခု ဖြစ်နေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ။