
နေပြည်တော် ဩဂုတ် ၁၅
သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ကျောင်းသားများ၏ စိတ်ခွန်အား နှင့် လေ့လာစူးစမ်းလိုစိတ်များကို မြှင့်တင်ပေးနိုင်ကာ ထွန်းသစ်စ နျူကလီးယား နည်းပညာဆိုင်ရာ လူငယ်ပညာရှင်များကို အရည် အသွေးပြည့်မီစွာ ပေါ်ထွန်း လာစေပြီး နိုင်ငံတော်တွင် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုကဏ္ဍ ဖွံ့ဖြိုးမှုမှသည် ရေရှည်အကျိုး စီးပွားများ တိုးတက်လာစေရေး အထောက်အကူပြုနိုင်ရန် အဓိက ရည်ရွယ်လျက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) တို့ပူးပေါင်းဆောင်ရွက်သော သိပ္ပံ ပွဲတော် ၂၀၂၄ (Science Festival 2024) ကို ယခုလ ၁၅ ရက်နေ့မှစ၍ ရန်ကုန်မြို့ရှိ နျူကလီးယား နည်းပညာ သတင်းအချက် အလက်စင်တာ၊ ရန်ကုန်နည်း ပညာတက္ကသိုလ်နှင့် စင်ကာပူ မြန်မာ သက်မွေးပညာသင်တန်း ကျောင်းတို့တွင် ရက်အလိုက် အစီအစဉ်များခွဲ၍ အသီးသီး ကျင်းပလျက်ရှိသည်။
ပွဲတော် အစီအစဉ်အရ HackAtom ပြိုင်ပွဲ ပထမရက်တွင် National Research Nuclear University (Moscow Engi-neering Physics Institute) မှ ပါမောက္ခများဦးစီး၍ ပြိုင်ပွဲဆိုင်ရာ မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပ ရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိ သူများနှင့်အတူ တက်ရောက် သည်။
ရှင်းလင်းပွဲတွင် Moscow Engineering Physics Institute မှ ပါမောက္ခများက နျူကလီးယား နည်းပညာနှင့် စွမ်းအင်ဆိုင်ရာ ဗဟုသုတများ၊ ပြိုင်ပွဲစည်းမျဉ်း များ၊ ပြိုင်ပွဲဝင်များ ဖြေရှင်းရမည့် ပြဿနာပုစ္ဆာနှင့် ဖြေဆိုတင်ပြမှု တွင် ပါဝင်ရမည့် အချက်အလက် များကို အသေးစိတ်ရှင်းပြကြပြီး ကျောင်းသားများက သိလိုသည် များကို မေးမြန်းကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားပြီး တာဝန်ရှိသူများနှင့်အတူ ပင်မ ဆောင်ရှိ အခန်းများအလိုက် ကျောင်းသား ကျောင်းသူများ ဆွေးနွေးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။
HackAtom ပြိုင်ပွဲကို နည်း ပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ ခြောက်ဦးစီ ပါဝင် သော အသင်း ၁၂ သင်းတို့ ပါဝင် ယှဉ်ပြိုင်ကြပြီး နိုင်ငံတွင်း နျူကလီးယား စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိတ်ကူး သစ်များကို (၂၄) နာရီအတွင်း ဆွေးနွေးကြပြီး IT နည်းပညာကို အသုံးချကာ တွေ့ရှိချက်အဖြေများ ကို Power Point Presentation ဖြင့် အသင်းလိုက် ယှဉ်ပြိုင်ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်