သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာလို့ လူမှုစီးပွားအဆင်ပြေစေဖို့ စားသုံးဆီကို လျှော့စားကြစို့

Type
1

ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာခြင်း၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ခန္ဓာကိုယ်တွင် ရောဂါဘယကင်းရှင်း၍ ကိုယ်၏ကျန်းမာရေးကောင်းမွန်ခြင်း၊ စိတ်၏ကျန်းမာရေးကောင်းမွန်ခြင်း၊ လူမှုဘဝအသိုင်းအဝိုင်းတွင် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစွာဖြင့် နေထိုင်နိုင်ခြင်းဟူသည့် အခြေခံအချက်(၃)ချက် ပြည့်စုံသည့်အခါမှသာ ကျန်းမာခြင်းနှင့်ပြည့်စုံသည်ဟု သတ်မှတ်ထားပါသည်။ လူတစ်ဦးတစ်ယောက်အနေဖြင့် ခန္ဓာကိုယ်တွင် ရောဂါမျိုးစုံဖြစ်ပွားခံစားနေရပါက ထိုသူအနေဖြင့် စိတ်လည်းချမ်းသာမည်မဟုတ်ဘဲ လူမှုစီးပွားဘဝ အဆင်ပြေစွာနေထိုင်နိုင်ရေးကိုပါ အဆင့်ဆင့် ဆက်လက်ထိခိုက်စေမည် ဖြစ်ပါသည်။

 

အစာအာဟာရနှင့်ကျန်းမာရေး


ကိုယ်၏ကျန်းမာခြင်းကောင်းမွန်စေရန်အတွက် ကျန်းမာရေး နှင့်ညီညွတ်သော စားသောက် နေထိုင်မှုများကို နေ့စဉ် ပြုမူကျင့်ကြံ ဆောင်ရွက်ရန်လိုအပ်ပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် အစား အသောက်များနှင့် စားသောက်မှုပုံစံများကို ရှောင်ကြဉ်ရမည်ဖြစ် ပါသည်။ ကျန်းမာရေးကောင်းမွန်စေရန်အတွက် အစာအာဟာရကို သင့်တင့်မျှတစွာဖြင့် အစာအုပ်စုစုံလင်အောင် စားသုံးခြင်းသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ လူသားတို့၏ သဘာဝ အရသော်လည်းကောင်း၊ မြန်မာလူမျိုးတို့၏ နေ့စဉ် စားသောက်မှုပုံစံ အရလည်းကောင်း အစာအာဟာရ စားသုံးမှုပြုခြင်းကို နံနက်စာ၊ နေ့လယ်စာ၊ ညစာ  စသည်ဖြင့်  နေ့စဉ်  တစ်ရက်လျှင်  အနည်းဆုံး သုံးကြိမ်ခန့်စားသုံး၍  ကြားတွင်  အဆာပြေအဖြစ်  စားသုံးခြင်း၊ အချိုပွဲအဖြစ် စားသုံးခြင်း၊ သရေစာအဖြစ် စားသုံးခြင်း စသည့် အစား အစာကို ထပ်မံ၍  စားသုံးသည့်အချိန်များ  ရှိပါသည်။  အဆိုပါ စားသောက်ချိန်တိုင်းတွင် ခန္ဓာကိုယ်မှ လိုအပ်သည်ထက် အစား အစာကို လွန်ကဲစွာပိုမိုစားသုံးခြင်းနှင့် ကျန်းမာရေးကိုထိခိုက်စေသည့် အစားအသောက်များကို စားသုံးမိပါက ခန္ဓာကိုယ်အတွင်းသို့ ရောဂါ ဖြစ်စေမည့် အကြောင်းအရင်းများနှင့် အဆိပ်အတောက်များ နေ့စဉ် ထည့်သွင်းနေသကဲ့သို့ဖြစ်နေ၍ ကာလမကြာမီအတွင်း ခန္ဓာကိုယ် တွင်  ရောဂါများဖြစ်ပွားခံစားရစေ၍   လူ့သက်တမ်းစေ့မနေရဘဲ စောစီးစွာ အသက်သေဆုံးနိုင်ပါသည်။ ထို့အပြင် နာတာရှည်ရောဂါ များ၏ သဘာဝအရ ဆေးကုသမှုစရိတ်မြောက်မြားစွာကို ကာလ တာရှည် ကုန်ကျရခြင်း၊ ရောဂါကြောင့် ဘဝနေထိုင်မှုအရည်အသွေး ကျဆင်း၍ စိတ်ချမ်းသာမှုမှ ကင်းဝေးစေခြင်း၊ ထို့အပြင် သက်ဆိုင်ရာပုဂ္ဂိုလ်ကိုယ်တိုင်နှင့် မိသားစု၏ လူမှုစီးပွားဘဝကိုပါ ထိခိုက် စေခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ 

 


စားဆီနှင့်ကျန်းမာရေးပြဿနာ


မည်သူမဆို မိမိတို့၏ အစားအသောက်တွင် ပါဝင်သည့်အာဟာရ ဓာတ်များကို    ခန္ဓာကိုယ်မှ    ရယူသုံးစွဲ၍    ခန္ဓာကိုယ်၏စနစ်များ လည်ပတ်ကာ အသက်ရှင်သန်နေထိုင်ရသောကြောင့် အစာအာဟာရ ကို ခန္ဓာကိုယ်၏လိုအပ်ချက်နှင့်အညီ သင့်တင့်မျှတစွာ  စားသုံးမှသာ လျှင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ  စားသုံးမှုပုံစံဟု ခေါ်ဆိုနိုင်ပါသည်။ အစားအသောက်ကို လွန်ကဲစွာ စားသောက်မိခြင်း ကြောင့် ဖြစ်ပွားလာသော ကျန်းမာရေးပြဿနာ၊ ခန္ဓာကိုယ်မှ လိုအပ် သည့်အတိုင်း  အာဟာရဓာတ်များ   ပြည့်စုံစွာမရရှိခြင်းကြောင့် အာဟာရဓာတ်ချို့တဲ့၍    ဖြစ်ပွားသော     ကျန်းမာရေးပြဿနာ ဟူ၍ အမျိုးမျိုးရှိပါသည်။ အစားအစာကို လွန်ကဲစွာ စားသောက် မိခြင်းကြောင့်     ဖြစ်ပွားသော   ကျန်းမာရေးပြဿနာများ၌ အဓိကပြဿနာတစ်ခုမှာ     စားသုံးဆီကို     လွန်ကဲစွာစားသုံးခြင်း ဖြစ်ပါသည်။ 

 


ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှု


စားသုံးဆီကို ခန္ဓာကိုယ်မှလိုအပ်သည့်အတိုင်း  အတိုင်းအဆ ပမာဏနှင့် စားသုံးရန် လိုအပ်သကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီကိုလည်း ရွေးချယ်စားသုံးတတ်ရန် လွန်စွာ အရေးကြီးပါ သည်။ ယနေ့ခေတ်ကာလတွင် စားသုံးဆီကို လွန်ကဲစွာ စားသုံးလာ ခြင်းနှင့် စျေးနှုန်းသက်သာသည့် တိရစ္ဆာန်မှရသည့်ဆီ၊ စက်မှုလုပ်ငန်း သုံးဆီ၊ ပြန်ကြော်ဆီ၊ အသွင်ပြောင်းဆီ စသည့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသုံးဆီများကို သုံးစွဲခြင်းအလေ့အထများ ကြောင့် စားသုံးသူများ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှု သည် အလွန်ကြီးမားလာလျက်ရှိသည်ကို တွေ့ရှိရပါသည်။ 

 


မြန်မာ့ဓလေ့အရလည်း စားသုံးဆီများစွာပါဝင်သည့်  ဆီပြန် ဟင်းများသည် ဟင်းကောင်းဟင်းလျာအဖြစ် ထမင်းစားပွဲဝိုင်းတွင် နေရာယူထားတတ်ပါသည်။ နံနက်စာ (သို့မဟုတ်) အဆာပြေအဖြစ် စားသုံးသော ပဲပြုတ်ဆီဆမ်း၊ ငါးခြောက်ဖုတ်၊ လက်ဖက်သုပ်၊ ချင်းသုပ် စသည့်အစားအသောက်များ၊ အလှူအတန်းများတွင် ပါဝင်လေ့ရှိသည့်  ငံပြာရည်ကြော်၊  ငါးခြောက်ကြော်  စသည့် အစားအသောက်များတွင် စားသုံးဆီ မပါလျှင် မဖြစ်၊ စားသုံးဆီ ရွှဲရွှဲပါမှဟူသည့်  အလေ့အထတို့ သည်  မိမိတို့ပြည်သူများအကြား စားသုံးဆီကို လွန်ကဲစွာစားသုံးဖြစ်နေ သည့် အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။  

 


အသင့်စားအစားအသောက်များ


ယနေ့ခေတ် လူသားများအကြားတွင် စားသုံးဆီကို လွန်ကဲစွာ စားသုံးခြင်း ဖြစ်ပေါ်လာခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ဆီဖြင့်ကြော်ထားသည့် အသင့်စား အစားအသောက် (Fast Food) များကို ပိုမိုစားသုံးလာခြင်းဖြစ်ပါသည်။ စားသုံးဆီဖြင့်ကြော်သော အစားအစာများကို လူအများ ပိုမိုနှစ်သက်စွဲလမ်းစေသည့် အခြေခံ အချက်များအနက် (၁) အသားဓာတ် ပရိုတင်းနှင့် ကစီ ဓာတ်ပါဝင်သော အစားအစာများကို    စားသုံးဆီဖြင့်       ကြော်လိုက်သည့်အခါတွင် ထိုအစားအစာတွင် မူလပါဝင်သည့်   သကြားဓာတ်များသည်   ပိုမို အရသာရှိစေသည့် သကြားဓာတ်များ (Glucose and Fructose) အသွင်သို့ ကူးပြောင်းသွားစေခြင်း၊ (၂) အစားအစာများကို စားသုံး ဆီဖြင့် ကြော်လှော်သည့်အခါတွင် အစားအစာများအတွင်းရှိ ရေဓာတ် များ အငွေ့ပျံ၍ထွက်သွားပြီး ထိုနေရာတွင် စားသုံးဆီက အစားထိုး ဝင်ရောက်လာခြင်းကြောင့် စားသုံးရာတွင် အစားအစာ၏ ကြွပ်ရွခြင်း အရသာကို ခံစားရစေခြင်းနှင့် (၃) စားသုံးဆီဖြင့်ကြော်သည့်အခါ သကြားဓာတ်များပြောင်းလဲမှု (Caramelization)ကြောင့် အစား အသောက်၏ အရောင်အဆင်းပြောင်းလဲ၍ စားချင်စဖွယ် ဆွဲဆောင်မှု ကို ဖြစ်စေခြင်းတို့ကြောင့်ဟု သိရှိရပါသည်။ 

 


အစားအစာများတွင် ပါဝင်သည့်စွမ်းအင်ဓာတ် (ကယ်လိုရီ) အပေါ် မူတည်၍  အခြေခံအားဖြင့်   အစာအုပ်စုများ   ခွဲခြားထားရာတွင် ကစီဓာတ် (Carbohydrate) နှင့် အသားဓာတ် (Protein) တို့သည် တစ်ဂရမ်လျှင် ၄ ကယ်လိုရီသာ ပါဝင်သော်လည်း အဆီဓာတ် (Fat) တစ်ဂရမ်လျှင် ၉ ကယ်လိုရီအထိ ပါဝင်၍ အဆီဓာတ်များပြားသောအစားအစာများကို လွန်ကဲစွာ စားသုံးပါက ခန္ဓာကိုယ်တွင် စွမ်းအင် ပိုလျှံမှုများဖြစ်စေပါသည်။ အဆိုပါပိုလျှံစွမ်းအင်များကို ခန္ဓာကိုယ်မှ အဆီဓာတ်အနေဖြင့် သိမ်းဆည်းထား၍  အဝလွန်ခြင်း  အပါအဝင် နောက်ဆက်တွဲရောဂါများစွာ ဖြစ်ပွားစေပါသည်။ 

 


ယနေ့ ၂၁ ရာစုခေတ် လူများ၏ ဘဝနေထိုင်မှုပုံစံအရ မြို့ကြီးများ တွင် နေထိုင်လာရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အထက် တွင်ဆိုခဲ့သည့် စားသုံးဆီကိုလွန်ကဲစွာ စားသုံးခြင်းနှင့် ကျန်းမာရေး နှင့်မညီညွတ်သော စားသုံးဆီများကို သုံးစွဲလာရခြင်းကြောင့် အဝ လွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများ ကပ်ခဲ ၍ သွေးကြောများကျဉ်းကာ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ များဖြစ်ပွားခြင်း၊ အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်ပွားခြင်း၊ သွေးတိုး ခြင်း၊ လေဖြတ်ခြင်းစသည့် မကူးစက်နိုင်သည့် နာတာရှည်ရောဂါ များဖြစ်ပွား၍ လူ့သက်တမ်းစေ့ မနေရဘဲ စောစီးစွာသေဆုံးနိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်။

 


သုတေသနတွေ့ရှိချက်များအရ Amino Acid Asparagine ပါဝင်သည့် အစားအစာများ (ဥပမာ- အာလူး စသည်...)ကို ဆီဖြင့် အပူချိန် မြင့်မားစွာကြော်သည့်အခါတွင် Acrylamide ခေါ် အဆိပ်ဓာတ် တစ်မျိုးထွက်ပေါ်လာပြီး    ၎င်းဓာတ်သည်   ကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေနိုင်သည်ဟု သိရှိရပါသည်။

 


အထက်ဖော်ပြပါ မကူးစက်နိုင်သောရောဂါများကြောင့် ယနေ့ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူဦးရေ ၄၁ သန်းကျော် အသက်ဆုံးရှုံးနေ ရပြီး တစ်ကမ္ဘာလုံး သေဆုံးမှုအားလုံး၏ ၇၁ ရာခိုင်နှုန်းအထိ ဖြစ်နေ သည်ကိုသိရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက် များအရ ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၃၀ နှင့် ၆၉ နှစ်ကြား သေဆုံးမှုအားလုံး၏ ၈၅ ရာခိုင်နှုန်းသည် မကူးစက်နိုင် သောရောဂါများကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာ နိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ်၌ ဆေးရုံတက်လူနာသေဆုံးမှု အားလုံး၏ ၄၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံး နေရကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန်ပြင်းထန်ရောဂါများ ထပ်မံဝင်ရောက်ဖြစ်ပွားပါကလည်း မကူးစက်တတ်သော  နာတာရှည်ရောဂါအခံရှိသူများသည်    ပိုမို ပြင်းထန်စွာခံစားရ၍ အသက်သေဆုံးနိုင်မှုအန္တရာယ် ပိုမိုများပြားပါ သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူအများစု မှာ အဆိုပါနာတာရှည်ရောဂါ အခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူ များ ဖြစ်သည်ကို တွေ့ရပါသည်။

 


မြန်မာနိုင်ငံ၏ဆီစားသုံးမှု


၁၉၉၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သုတေသနစာတမ်းတစ်ခုတွင် မြန်မာတို့၏ ပျမ်းမျှနေ့စဉ် စားသုံးဆီစားသုံးမှုသည် ၀ ဒသမ ၅၄ ကျပ်သားဖြစ်၍ တစ်နှစ်စားသုံးမှုအနေဖြင့် နှစ်ပိဿာခန့်သာဖြစ်ပါ သည်။ ၁၉၉၅ ခုနှစ်၏ သုတေသနစာတမ်းတစ်ခုတွင် လူတစ်ယောက် တစ်နေ့ဆီစားသုံးမှုမှာ ၁ ဒသမ ၇၂ ကျပ်သားဖြစ်၍ တစ်နှစ်စားသုံးမှု အနေဖြင့်  ခြောက်ပိဿာခန့် ရှိလာခဲ့ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လေ့လာရပါလျှင် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တန်ချိန် ၇၆၈၀၀၀ ကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်တွင် တန်ချိန်  ၃၇၀၀၀၀ ကျော်၊  ၂၀၁၈-၂၀၁၉  ခုနှစ်တွင်  တန်ချိန် ၈၅၅၀၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၈၈၈၀၀၀ ကျော်၊ ယခုနှစ်တွင် စက်တင်ဘာ ၁၇ ရက်အထိ တန်ချိန် ၇၉၀၀၀၀ ခန့် တင်သွင်းခဲ့ကြောင်း သိရှိရပါသဖြင့် မိမိတို့နိုင်ငံရှိ လူဦးရေနှင့် ပြန်လည်တွက်ချက်ကြည့်ပါက လူတစ်ဦးချင်းစီအနေဖြင့် တစ်နှစ်လျှင် စားသုံးဆီ  ၁၀ ပိဿာခန့်အထိ စားသုံးကြောင်းသိရှိလာရ၍ တစ်ဦးချင်းစီ၏ ဆီစားသုံးမှုနှုန်းမှာ ဆယ်စုနှစ် သုံးခုကာလခန့်အတွင်းတွင် ငါးဆခန့်အထိ သိသိသာသာ မြင့်တက်လာနေသည်ကို တွေ့ရပါသည်။ 

 


သတိပြုလျှော့ချသင့်


ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရလက်စွဲစာအုပ် (၂၀၁၃) ခုနှစ်တွင် ဖော်ပြထားချက် အရ အသက်အရွယ်အလိုက် နေ့စဉ်စားသုံးရန်သင့်လျော်သည့် စားသုံး ဆီပမာဏမှာ  အသက် တစ်နှစ်မှ  သုံးနှစ် အုပ်စုအတွက်  ၁ ဒသမ ၂၅ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၁ ဇွန်းခွဲခန့်)၊ အသက် လေးနှစ်မှ ခြောက်နှစ် အုပ်စုအတွက် ၁ ဒသမ ၅၀ ကျပ်သား(စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခန့်)၊ အသက် ခုနစ်နှစ်မှ ကိုးနှစ် အုပ်စုအတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခွဲခန့်)၊ အသက် ၁၀ နှစ်မှ ၁၂ နှစ်  အုပ်စု အတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခွဲခန့်)၊ အသက် ၁၃ နှစ်မှ ၁၉ နှစ်  အုပ်စုအတွက် ၃ ဒသမ ၅၀ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၄ ဇွန်းခွဲခန့်)၊ အမျိုးသား(လူကြီး) အတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်း ဖြင့် ၂ ဇွန်းခွဲခန့်)၊ အမျိုးသမီး(လူကြီး) အတွက် ၁ ဒသမ ၅၀ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခန့်)၊ ကိုယ်ဝန်ဆောင်မိခင်လောင်းအတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခွဲခန့်)၊ နို့တိုက်မိခင်အတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်းဖြင့်၂ ဇွန်းခွဲခန့်)ဖြစ်သည့်အတွက် မိမိအသက် အုပ်စုနှင့် သင့်လျော်သည့် ဆီပမာဏကိုသာ စားသုံးသင့်ပါသည်။
ဆီစားသုံးမှုလွန်ကဲခြင်းအားဖြင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ ၏ ကျန်းမာရေးကို ရေရှည်တွင် ထိခိုက်စေ၍ ဘဝနေထိုင်မှုအရည်အသွေးနိမ့်ကျစေခြင်း၊ ကျန်းမာရေးချို့တဲ့စေ၍ ကိုယ်တိုင် အလုပ် မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေနည်းပါးစေခြင်းများ ခံစားရစေသကဲ့သို့ မိသားစုဝင်များအနေဖြင့်လည်း ရောဂါလက္ခဏာခံစားနေရသူအတွက် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်စကများ ကုန်ကျရစေခြင်းကြောင့် လူမှုစီးပွားဒုက္ခများ ခံစားရစေပါသည်။ သို့ဖြစ်ပါ၍ လူတိုင်း/မိသားစု တိုင်းအနေဖြင့် ဆီစားသုံးမှုကို သတိပြု၍လျှော့ချရန် အချိန်အခါ သင့်ပြီဖြစ်ပါသည်။ 
ပြည်တွင်း၌ ဆီစားသုံးမှုများကိုလျှော့ချ၍ စားသုံးဆီကို ပြည်တွင်း ၌ပင် ဖူလုံစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်း မှုများကို လျှော့ချနိုင်ပြီး နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲ ကုန်ကျနေရမှု များကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်သူများ၏ လူမှုစီးပွားတိုးတက် စေရေးကိုလည်း ကောင်းစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ 

 


အချုပ်အားဖြင့်ဆိုရသော် လူတိုင်း/မိသားစုတိုင်းအနေဖြင့် စားသုံး ဆီကို သင့်လျော်သည့် ပမာဏအတိုင်းသာ ချင့်ချိန်စားသုံးခြင်းဖြင့် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို ကောင်းစွာအထောက်အကူပြုမည် ဖြစ်သကဲ့သို့ မိသားစုအတွင်း လူမှုစီးပွားဒုက္ခများ ခံစားရနိုင်မှုကိုလည်း ကောင်းစွာလျှော့ချနိုင်မည်ဖြစ်ပါသည်။ ထိုအခါ မိဘပြည်သူတိုင်း အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဖွင့်ဆိုသည့် ကျန်းမာခြင်းအနက် အဓိပ္ပာယ်နှင့်အညီ ကျန်းမာစွာနေထိုင်နိုင်မည်ဖြစ်ပြီး “အာရောဂျံ၊ ပရမံ၊ လာဘံ”ဟူသည့်  ကျန်းမာခြင်းဆုလာဘ်ကြီးကိုလည်း လက်ဝယ် ပိုင်ပိုင် ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း စားသုံးဆီ တင်သွင်းရသည့်အတွက် ကုန်ကျရသည့် နိုင်ငံခြားငွေများကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ အခြေခံကျန်းမာရေးကောင်းမွန်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့် အညီ နေထိုင်ခြင်း၊ အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံမှု ခံယူထားခြင်းတို့ဖြင့်  ယခုအချိန်ကဲ့သို့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ  ဖြစ်ပွားနေချိန်တွင် ရောဂါဝင်ရောက်ကူးစက်မှုနှင့် ရောဂါပြင်းထန်စွာ ခံစားရမှုများကို ကောင်းစွာလျှော့ချနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ “သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာလို့  လူမှုစီးပွား  အဆင်ပြေစေဖို့ စားသုံးဆီကို လျှော့စား ကြပါစို့”ဟု  တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။      ။