သမ္မာအာဇီဝ မျှတဖို့လို

 

 

ဈေးနှုန်းမြှင့်တင် ဈေးကစားသည့်အလုပ်ကို ဝိသမလောဘသား စီးပွားရေးသမားအချို့က လုပ်လေ့လုပ်ထရှိသည်။ ပုံမှန်ရောင်း ဝယ်၍ ပုံမှန်အကျိုးအမြတ်ရနေခြင်းကို အားမရနိုင်ဘဲ ဈေးကွက် တွင် ဝယ်လိုအားမြင့်လာအောင် လှုပ်ခတ်စေကာ ပုံမှန်ထက် များစွာအမြတ်တင်၍ အချိန်တိုတိုအတွင်း အချီကြီးအပွကြံကြ ခြင်းဖြစ်သည်။ ဈေးကွက်ကို ချုပ်ကိုင်နိုင်သူ လူလက်တစ်ဆုပ်စာတို့ ခေါင်းချင်းဆိုင်ညှိနှိုင်းတိုင်ပင်ကြကာ တစ်နံနက်စာမျှ ဈေးကစား လိုက်ရုံမျှဖြင့် ၎င်းတို့အဖို့ ဓနဥစ္စာပိုင်ဆိုင်မှုအဆများစွာတိုးပွား နိုင်သည်ဖြစ်ရာ  ဆန်၊  ဆီ၊ ငရုတ်၊ ကြက်သွန် စသော အခြေခံ စားသောက်ကုန်လောက၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလောက၊ ဆေးနှင့်ဆေးပစ္စည်းလောကတို့မှ    ဝိသမလောဘသမားတို့၏ ဈေးကစားမှုများစွာကို   တွေ့ရလေ့ရှိသည်။  ကိုဗစ်-၁၉  ရောဂါ အပြင်းအထန် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေချိန်တွင် ယင်းရောဂါနှင့် ဆက်စပ်သည့် ဆေးဝါးများနှင့် ဆေးပစ္စည်းကိရိယာများအပေါ် ဈေးကစားခဲ့မှုများက   ဝိသမလောဘသားတို့၏    ကျင့်ဝတ် ကင်းမဲ့မှု သာဓကတစ်ခုပင်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူအများစု စားသုံးနေကြသည့် စားအုန်းဆီနှင့်   စပ်လျဉ်း၍   ပြည်တွင်းဈေးကွက်တွင်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်   ဝန်ဆောင်မှုဥပ‌ဒေအရ   အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  စားအုန်းဆီတင်သွင်းသိုလှောင်  ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကုမ္ပဏီက   အသိပေးထုတ်ပြန်ထားသည်။   ကမ္ဘာ့ စားအုန်းဆီဈေးနှုန်းဖြစ်ပေါ်မှုကို     အခြေခံတွက်ချက်ရရှိသည့် ရည်ညွှန်းလက်ကားဈေးနှုန်း အပတ်စဉ်ထုတ်ပြန်ချက်အရ ယခု အပတ် ရန်ကုန်အထိုင်ဈေး တစ်ပိဿာလက်ကားဈေးနှုန်း ၅၆၂၀ ဖြစ်ပြီး စားသုံးသူများ၏ လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်   ၆၀၀၀  မှ  ၇၅၀၀ ဝန်းကျင် ရောင်းချလျက်ရှိသည်။ ယင်း ဈေးနှုန်းသည်ပင်လျှင် ဝင်ငွေနည်းအခြေခံလူတန်းစား ပြည်သူ များအဖို့ ထောင်းလှပြီဖြစ်ရာ ကမ္ဘာ့စားအုန်းဆီသတင်းများကို ချဲ့ကား၍    ထုတ်လွှင့်ပြီး   ပြည်တွင်းစားသုံးဆီဈေးကွက်တွင်  ပွဲလှန့်၍   ဖျာခင်းရန် ကြံစည်ကြိုးပမ်းခြင်းက  စားသုံးသူပြည်သူ လူထုကို ညှဉ်းပန်း၍ မိမိအတွက်  အကျိုးအမြတ်ကြီးကြီးရှာခြင်း ပင်ဖြစ်သည်။
လတ်တလောကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်တို့မှာ  ကမ္ဘာ့နိုင်ငံကြီးများအကြား  ဖြစ်ပွားနေသည့် ဖြစ်ရပ်များနှင့် ဆက်စပ်ကာ နိုင်ငံအသီးသီးတို့ ရိုက်ခတ်ခံနေရ ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် စက်သုံးဆီနှင့် စားသုံးဆီတို့ကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ရာ ကမ္ဘာ့နိုင်ငံရေးအခြေအနေ များ၏ ဂယက်ရိုက်ခတ်မှုတို့ အထိုက်အလျောက်ရှိသော်လည်း ဝယ်ယူတင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် အကျိုး အမြတ်လည်း    သင့်မြတ်အောင်ရယူ     ပြည်သူလူထုကိုလည်း စာနာထောက်ထားခြင်းဖြင့် သမ္မာအာဇီဝဖြစ်ကြဖို့လိုသည်။
ပြည်တွင်းရှိ  စားအုန်းဆီသိုလှောင်ကန်များတွင်  ရှိနေသော ဆီလက်ကျန်၊ အနယ်နယ်အရပ်ရပ်သို့ နေ့စဉ်ပုံမှန်ဖြန့်ဖြူးရောင်းချ ပေးနေမှု၊ ပြည်ပမှ စားအုန်းဆီသင်္ဘောများ ပုံမှန်ဝင်ရောက်နေမှု တို့မှာ  ပြည်တွင်းစားသုံးသူများ  စိုးရိမ်ပူပန်စေရန် အခြေအနေ မဟုတ်သကဲ့သို့ ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ ဈေးကွက်တည်ငြိမ်ရေး နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူများဝယ်ယူ ရရှိရေးအတွက် သက်ဆိုင်ရာက စဉ်ဆက်မပြတ် ကြပ်မတ်ဆောင် ရွက်လျက်ရှိသည်ကို ကြိုဆိုအပ်ပါကြောင်း။     ။