ဒုတိယသမ္မတအဖြစ် ဒေါ်နန်းနီနီအေး အား ရွေးချယ်တင်မြှောက်
နေပြည်တော် မတ် ၃၁
သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသား လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အတည်ပြုချက်ရယူ
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ တွင်ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေစုစုပေါင်း ၁၅၇ ဦးရှိသည့်အနက် ယနေ့အစည်း အဝေးသို့ ၁၅၅ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်း အဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်း အဝေးပထမနေ့တွင် ဒုတိယသမ္မတလောင်းအဖြစ် ကိုယ်စားလှယ်များ အဆိုတင်သွင်း ထားသည့် ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်နန်းနီနီအေး နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါက်တာမနာမ်တူးဂျာ တို့၏ အမည်စာရင်းနှင့် ဒုတိယသမ္မတလောင်း နှစ်ဦး၏ အဆိုပြုလွှာ များကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်း ဥပဒေ(၁၃)အရ စိစစ်ရာ ပြည့်စုံမှုရှိသည်ကို တွေ့ရှိရကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲပေးရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆန္ဒမဲလက်မှတ်များကို ရေတွက်ပြီး လျှို့ဝှက်ဆန္ဒမဲပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အစုအဖွဲ့ကိုယ်စားလှယ်များသည် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူ နှစ်ဦးအနက်မှ တစ်ဦးကို ရွေးချယ်တင်မြှောက်နိုင်ရန် ဆန္ဒမဲလက်မှတ်များကို အမျိုးသား လွှတ်တော် ရုံးဝန်ထမ်းများထံမှ လက်မှတရေးထိုးထုတ်ယူကြကာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လျှို့ဝှက်ဆန္ဒမဲပေးကြသည်။
စိစစ်ရေတွက်
ဆန္ဒမဲပေးပြီးနောက် အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ (ဋ) အရ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဆန္ဒမဲပုံးများကို ဖွင့်လှစ်ပြီး သက်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ စိစစ်ရေတွက်သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၁၅၅ မဲဖြစ်ပြီး ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်သည် ၁၅၅ မဲဖြစ်သည့်အတွက် ကိုက်ညီမှုရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင် မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ဋ)၊ နည်းဥပဒေခွဲငယ် ၅ အရ ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရှေ့မှောက်၌ ဒုတိယသမ္မတလောင်းတစ်ဦးစီရရှိသည့် ဆန္ဒမဲလက်မှတ်များကို သီးခြားစီခွဲ၍ ရေတွက် ပြီး ဒုတိယသမ္မတလောင်းများ ရရှိသည့် ထောက်ခံဆန္ဒမဲ အနည်းအများအလိုက် အမည်စာရင်းကို ပုံစံ(၈)တွင် ဖြည့်စွက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြသည်။
ဒုတိယသမ္မတအဖြစ် ရွေးချယ်
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတလောင်းများ၏ တစ်ဦးချင်း ထောက်ခံဆန္ဒမဲ ရရှိမှုအခြေအနေမှာ ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်နန်းနီနီအေး ထောက်ခံဆန္ဒမဲ ၁၁၇ မဲနှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာ မနာမ်တူးဂျာ ထောက်ခံဆန္ဒမဲ ၃၈ မဲတို့ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့်ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၂ အရ ထောက်ခံ ဆန္ဒမဲ အများဆုံးရရှိသည့် ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံအမျိုးသား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ ကရင်ပြည်နယ်လွှတ်တော်(အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါ်နန်းနီနီအေး၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ဒုတိယနေ့အစည်းအဝေးပြီးဆုံးကြောင်း ကြေညာသည်။
သတင်းစဉ်