
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
===========================================================
နေပြည်တော် ဩဂုတ် ၃၁
သမဝါယမအသင်းများ ဥပဒေနှင့်အညီ လွတ်လပ်သော အသင်းအဖွဲ့များအဖြစ် ရပ်တည်လုပ်ဆောင်နေကြခြင်း အပေါ် သမဝါယမလုပ်ငန်းစဉ်များ၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရကို ပေါ်လွင်စေခြင်းဖြင့် ပြည်သူအများစု၏ စိတ်ပါဝင်စားမှုကိုရယူပြီး ပိုမိုဖွံ့ဖြိုးအောင်မြင်သော သမဝါယမကဏ္ဍကို တည်ဆောက်အကောင်အထည်ဖော်နိုင် ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ယနေ့ ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ၊ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးများ၊ အသင်းစုချုပ်ဥက္ကဋ္ဌများ ပါဝင်ဆွေးနွေးကြသည်။
ဗဟိုသမဝါယမအသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်သို့ ၁၉၉၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး လယ်ယာကုန်ထုတ်သမအသင်းပေါင်း ၂၇၃၉၈ သင်းနှင့် စိုက်ပျိုးမြေဧရိယာ ၃၃၄၁ ဧကတွင် Contract Farming ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ အသင်းသား ပြည်သူ ၄ ဒသမ ၂၁ သန်းဖြင့် ဖွဲ့စည်းထားကာ ကုန်ထုတ် လုပ်မှု သမဝါယမအသင်း ၃၂၅၂၄ သင်း၊ ဝန်ဆောင်မှု သမဝါယမအသင်း ၃၉၄၄ သင်းနှင့် ကုန်သွယ်မှု သမဝါယမ အသင်း ၃၁၂၂ သင်းရှိ၍ သမဝါယမအသင်းပေါင်း ၄၀၀၀၀ ခန့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းသားများ၏ အရင်း အနှီး မတည်ငွေရရှိရန် EXIM Bank of China မှ ချေးငွေများ ရယူပြီး လယ်ယာစိုက်ပျိုးရေးစရိတ်အဖြစ် အသေးစား အရင်းအနှီးချေးငွေ ထုတ်ချေးပေးခြင်း၊ လယ်ယာဝန်ဆောင် မှု သမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်း၊ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ချေးငွေများ ထုတ်ချေး ပေးခြင်း၊ မျိုးစေ့ထုတ် သမဝါယမအသင်း ၁၇၃ ဖွဲ့ ဖွဲ့စည်းပြီး မျိုးစေ့ထုတ် ၁၂၇၇၅ ဒသမ ၇၂ ဧကအတွက် မျိုးစေ့ထုတ် တောင်သူများအား ချေးငွေထုတ်ချေးပေးခြင်းတို့ကို ကျပ် ၂ ဒသမ ၁၆၄ ဘီလီယံအထိ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်