သံဃာ့အဖွဲ့အစည်း၏ ပဝါရဏာ

 

သီတင်းကျွတ်လသည် ရဟန်း၊ သာမဏေတို့ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မသွားဘဲ သီတင်းသုံးနေထိုင်ကြရာမှ ကျွတ်လွတ် သွားလာခွင့်ရသော   လဖြစ်သည်။   ‘‘မီးမြင်းမိုရ်နှင့်၊   ဝါဆို ကင်းလွတ်၊   သီတင်းကျွတ်မို့၊   ဘုံထွတ်ကယ်ဥကင်၊  ဖွင့်စံပယ် ရွှင်သောခါ၊ တိုင်းခွင်ကြီးအောင်ချာမှာ၊  ဆီမီးဝါ  ထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး”ဟူ၍ မဟာအတုလမင်းကြီးက ဖွဲ့ဆိုခဲ့သည် နှင့်အညီ လူတို့နေထိုင်ရာ ရပ်ရွာတို့တွင်မူ မီးမြင်းမိုရ်ပွဲ သို့မဟုတ်   မီးထွန်းပွဲကျင်းပကာ မြတ်စွာဘုရားကို ပူဇော်သည့်လ ဖြစ်သည်။


ရဟန်းတော်တို့အဖို့ သီတင်းကျွတ်သည်မှာ ပဝါရဏာပြုပြီးမှ ကျွတ်ကြရသည်။ ပဝါရဏာဟူသော ပါဠိစကား၏ အနက် အဓိပ္ပာယ်မှာ ‘‘ဖိတ်ကြားခြင်း”ဟူ၍ ဖြစ်ပြီး ပဝါရဏာပွဲ ဖြစ်ပေါ် လာရခြင်း၏ နောက်ခံသမိုင်းအကြောင်းအရာမှာလည်း စိတ်ဝင် စားဖွယ်ကောင်းသည်။ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း တော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလတိုင်း ဇနပုဒ်၌ ဝါဆို ကြသော ရဟန်းတို့သည် အတူတကွ သီတင်းသုံးနေကြစဉ်အတွင်း အငြင်းအခုံမရှိ  ညီညွတ်ချမ်းသာစွာ  နေနိုင်ကြစေရန်  ရည်ရွယ် ၍ အချင်းချင်းစကားမပြောဘဲ ဝါတွင်းကာလကို ဖြတ်သန်းကြ သည်။    သုံးလလွန်မြောက်၍    ဝါမှထကုန်ကြပြီးသောအခါ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ သွားရောက်ကြသည်။


မြတ်စွာဘုရားက ‘‘ရဟန်းတို့ ကျန်းမာကြ၏လော၊ မျှတကြ ၏လော၊ အညီအညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာ စွာ ဝါကပ်ခဲ့ကြကုန်၏လော၊ ဆွမ်းအတွက် မပင်ပန်းဘဲရှိကြကုန် ၏လော။” ဟု  မေးတော်မူသောအခါ  ကျန်းမာကြောင်း၊  မျှတ ကြောင်း စသည်ဖြင့် ရဟန်းတို့က ပြန်လည်လျှောက်ကြားကြသည်။ မြတ်စွာဘုရားက   ‘‘ရဟန်းတို့၊   အဘယ်သို့လျှင်   အညီအညွတ် ဝမ်းမြောက်ဝမ်းသာ  ငြင်းခုံခြင်းမရှိဘဲ   ချမ်းသာစွာ   ဝါတွင်း သုံးလပတ်  နေကုန်ကြသနည်း” ဟု ထပ်ဆင့်မေးခွန်းထုတ်သော အခါ ရဟန်းတို့က  အချင်းချင်းစကားမပြောမဆိုဘဲ   အညီအညွတ် ဝမ်းမြောက်ဝမ်းသာ     ငြင်းခုံခြင်းမရှိနေခဲ့ကြခြင်းဖြစ်ကြောင်း ပြန်လည်လျှောက်ကြားကြသည်။ 


အချင်းချင်းအတူတကွ နေထိုင်ကြပါလျက် စကားမပြောဘဲ ညီညွတ်စွာနေခဲ့ကြပါသည်ဆိုခြင်းကို       မြတ်စွာဘုရားသည် ပြင်းထန်စွာပြစ်တင်ရှုတ်ချလျက်   စကားမဆိုသောအကျင့်ကို မဆောက်တည်အပ်၊  ဆောက်တည်သောရဟန်းအား  ဒုက္ကဋ် အာပတ်သင့်၏ဟု သိက္ခာပုဒ်ပညတ်တော်မူသည်။ ဆက်လက်၍ ‘‘ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား ၍ဖြစ်စေ သုံးပါးသောအကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း(ပဝါရဏာ ပြုခြင်း)ငှာ ခွင့်ပြု၏။ ဤသို့ ဖိတ်ကြားခြင်းသည် သင်တို့အတွက် အချင်းချင်းလိုက်လျောခြင်း၊ အာပတ်မှထမြောက်စေခြင်း၊ ဝိနည်း ကို ရှေးရှုခြင်းဖြစ်လတ္တံ့”ဟု ပဝါရဏာကို ခွင့်ပြုတော်မူသည်။


ဤသည်မှအစပြု၍  ရဟန်းတော်တို့သည်  သီတင်းကျွတ် လပြည့်သည့်အခါ အညီအညွတ်စည်းဝေးကြ၍ ထေရ်စဉ်အလိုက် ‘‘သံဃံ ဘန္တေ ပဝါရေမိ  ဒိဋ္ဌေန ဝါ သုတေန ဝါ  ပရိသင်္ကာယ ဝါ ဝဒတုမံ  သံဃော  အနုကမ္မံ  ဥပါဒါယ ပဿန္တေ  ပဋိကရိဿာမိ။” - သံဃာတော်အရှင်မြတ်တို့အား တပည့်တော်ဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောပါ ကုန်လော့။ မြင်သည်ရှိသော် ကုစားပါအံ့” ဟု ပဝါရဏာပြုကြသည်။ ရဟန်းနှင့် မလျော်ညီသည့်အပြစ်ကို မြင်ခြင်း၊ ကြားခြင်း၊ သံသယ ဖြစ်ခြင်းတို့ ရှိပါက ထုတ်ဖော်ပြောဆိုဆုံးမပါရန်နှင့် မိမိ၏အပြစ်ကို  မိမိမြင်သည့်အခါတွင်   အပြစ်အားလျော်စွာ   ကုစားမည်ဖြစ် ကြောင်း ဖိတ်ခေါ်ခြင်းဖြစ်သည်။


လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓမြတ်စွာဘုရားရှင် သံဃာ့အဖွဲ့အစည်းအတွင်း ချမှတ်ပေးခဲ့သော ပဝါရဏာလမ်းစဉ် သည် မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းအတွက် ခေတ်ရှေ့ပြေး နေဆဲဖြစ်သည်။ အဖွဲ့အစည်းရှေ့မှောက်၌ မိမိအား ဝေဖန်သုံးသပ် ရန်၊ အကြံဉာဏ်ပေးရန်နှင့် ပြင်ဆင်ရန်လိုအပ်သည့်အခါ မိမိ ကိုယ်ကိုယ်ပြင်ဆင်မည်ဖြစ်ကြောင်း အနူးအညွတ်ဖိတ်ခေါ်နိုင်ရန် မှာ လွန်စွာလွတ်လပ်သော၊ ပွင့်လင်းသော၊ ဉာဏ်ပညာမြင့်မား သော အဖွဲ့အစည်းများဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး အဖွဲ့အစည်း ခိုင်မာအားကောင်းရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ဝေဖန်  ရေးကို  အားလုံးက  ရိုးသားစွာဖိတ်ခေါ်ခြင်းသည်  ဗုဒ္ဓဘာသာ  သံဃာ့အဖွဲ့အစည်း၏ ထူးခြားမွန်မြတ်သည့် ဝိသေသလက္ခဏာ တစ်ရပ်ဖြစ်ပါကြောင်း။         ။