သင်ခန်းစာယူအပ်ရာ လွတ်လပ်ရေးကြိုးပမ်းမှုမှသည် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့် တန်ဖိုးများ

Type
1

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

ဒေါက်တာမြတ်မိုး
 

 

နှစ်ပေါင်း   ၁၂၀  ကျော်   တစ်ပါးတိုင်းပြည် လက်အောက်ခံကျွန်သဘောက်ဘဝဖြင့်    ၁၈၂၄ ခုနှစ်ကတည်းက  ဆုံးရှုံးခဲ့ရသည့်    မြန်မာတို့၏ လွတ်လပ်ရေး၊  လုံးဝလွတ်လပ်ပြီး   အချုပ်အခြာ အာဏာကို ပြန်လည်ရရှိခဲ့တာ ၇၄ နှစ် ရှိခဲ့ပေပြီ။ 

 


သို့သော်   နိုင်ငံတော်ကား   အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင်     တည်ဆောက်နေရဆဲ ဖြစ်သည်။   အရွေ့တစ်ခုအတွက်    တွန်းအားများ ရပ်တန့်သွားတိုင်း တိုးတက်မှုက တုံ့နှေးသွားတတ် သည်။  နိုင်ငံသမိုင်း၊   လူမျိုးသမိုင်း၊  ယဉ်ကျေးမှု သမိုင်းများနှင့်  တန်ဖိုးများ  ခိုင်ခိုင်မာမာရှိခဲ့၍သာ အချုပ်အခြာအာဏာ     တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ စုစုစည်းစည်းတည်ဆောက်ထားသော စည်းလုံးညီညွတ်မှုကြောင့်သာ    ကမ္ဘာ့အလယ် တွင်  “မြန်မာ”  ဟူ၍   ထာဝရရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ အမြော်အမြင်ရှိသော ခေါင်းဆောင်များ နှင့်  မျိုးချစ်စိတ်များကြောင့်သာ တိုင်းပြည်မပြိုကွဲ သွားခြင်းဖြစ်သည်။ 

 


ဘုန်းမီးနေလတောက်ပခဲ့သည်ကို ကိုယ်စားပြုသည့်  “မြန်မာ” ဆိုသောအဓိပ္ပာယ် 


 “မြန်မာ”   ဆိုသည့်အဓိပ္ပာယ်ကိုက    ပြည့်စုံ ကျယ်ပြန့်သည်။ စစ်ချီတက်သည့်အခါ၊ အရေးကြုံ သည့်အခါ    ဉာဏ်ပညာနှင့်ကြံစည်တတ်ပြီး သတ္တိ နှင့်ပြည့်စုံခြင်းဆိုသည့်     “မြန်”     ဟူသော အဓိပ္ပာယ်ကို “မာ” ဆိုသည့်ထက်သန်သောဆန္ဒ၊ မလျှော့သောဝီရိယ၊     ဇာတိသွေးဇာတိမာန်၊ ခက်ထန်မာကျောသော    အဓိပ္ပာယ်များများဖြင့် ပေါင်းစပ်လိုက်သည့်အခါ      ဂုဏ်ထူးဝိသေသ ထူးခြားသည့် “မြန်မာ” ဟူသောအဓိပ္ပာယ်တစ်ခု ပေါ်လွင်ထင်ရှားလာပါသည်။ 

 


“မြန်မာ”   ဟူသည်      တိုင်းရင်းသားလူမျိုး အားလုံးကို    ကိုယ်စားပြုပြီး    ရှေးပဝေသဏီ ကတည်းကပင်  ဂုဏ်ရောင်ထွန်းပြောင်   ဘုန်းမီး နေလတောက်ပခဲ့သော အမျိုးကို ကိုယ်စားပြုသည်။  သမိုင်းအစဉ်အဆက် အဓိကကျသည်က ကာကွယ် ရေးအင်အားနှင့်        ခေါင်းဆောင်မှုဖြစ်သည်။ ကာကွယ်ရေးစွမ်းပကားကို               အခြေခံပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏    ဝန်းရံမှုနှင့် အတူ ခေါင်းဆောင်မှုအားကောင်းပါက နိုင်ငံတော် ကြီး   ခိုင်မာတောင့်တင်းပြီး    ပိုမိုတည်ငြိမ်ဖွံ့ဖြိုး တိုးတက်သည်ကို  တွေ့ရသည်။    ကာကွယ်ရေး စွမ်းပကားအားနည်းကာ ခေါင်းဆောင်မှုညံ့ဖျင်းပြီး စည်းလုံးညီညွတ်မှုမရှိသည့်         ခေတ်များတွင် သူတစ်ပါးကျူးကျော်စော်ကားမှုကို      ခံရစမြဲဖြစ် သည်။ မြန်မာ့လွတ်လပ်ရေးလည်း   ထိုအချက်များ နှင့် ပင်   ဆုံးရှုံးခဲ့ရသည်။      နန်းတွင်းရေးအရှုပ်တော်ပုံများ အောက်တွင် ကာကွယ်ရေးအင်အားကို တည်ဆောက် ရန်  ဉာဏ်အမြော်အမြင်နည်းပါးခဲ့ကြသည်။   စနစ် တကျရှိလှသော   နယ်ချဲ့တို့၏   လက်နက်အင်အားကို မယှဉ်နိုင်သည့်အခြေအနေတွင် ညီညွတ်မှုမရှိခြင်းက ထပ်ဆင့်လိုက်သည့် အကျိုးဆက်အဖြစ် တစ်မျိုးသား လုံး  သူ့ကျွန်ဘဝရောက်ခဲ့ရသည်ကို လေ့လာထားကြ စေလိုသည်။ 

 


လွတ်လပ်ရေးအတွက်ပေးဆပ်ခြင်းများစွာ


လွတ်လပ်ရေးဆိုတာ   အလွယ်တကူဆုံးရှုံးရ တတ်ပေမယ့်   ပြန်လည်ရယူရရှိရန်မှာ   နှစ်ပေါင်း များစွာ တော်လှန်တိုက်ပွဲဝင်ပြီးမှသာ ရရှိနိုင်သည်။ ဇွဲနပဲနှင့်           ခက်ခက်ခဲခဲတိုက်ယူခဲ့ရသည်ချည်း ဖြစ်သည်။ အသက်သွေးချွေးမြောက်မြားစွာ  စတေးခဲ့ ရသည်။    ပေးဆပ်မှုပေါင်းများစွာဖြင့်     ရင်းပြီးမှ  အောင်ပွဲများ ရယူခဲ့ရခြင်းဖြစ်သည်။ လယ်သမား၊ အလုပ်သမား၊       ကျောင်းသားအရေးတော်ပုံများ၊     အမျိုးသားရေးလှုပ်ရှားမှုများ    တရစပ်ဆင်နွှဲပြီး လူတန်းစားပေါင်းစုံ အကျဉ်းချခံ၊ အဖမ်းခံ၊ အသက် စွန့်ကြပြီးမှ ရရှိခဲ့သည့်ရလဒ်ဖြစ်သည်။ 

 


လွတ်လပ်ရေး       ခရီးလမ်းတစ်လျှောက် ကြမ်းတမ်းသောအရွေ့တိုင်းတွင်    မျိုးချစ်စိတ်နှင့် အမျိုးသားရေးဝိသေသလက္ခဏာများက    အဓိက တွန်းအားများဖြစ်သည်ကို    သတိပြုရန်လိုသည်။ ထိုအဓိကတွန်းအားများအပေါ်တွင်  ယုံကြည်ချက်နှင့် အမြော်အမြင်ကြီးမားသော        ခေါင်းဆောင်မှု၊ တောင်ပေါ်မြေပြန့်မခွဲခြား        တိုင်းရင်းသားလူမျိုး အပေါင်း၏  စည်းလုံးညီညွတ်မှု၊    လွတ်လပ်ရေးကို အရယူလိုသည့် ပြည်သူတစ်ရပ်လုံး၏ ပြင်းပြသော ဆန္ဒနှင့် သံမဏိစိတ်ဓာတ်၊ စည်းကမ်းရှိပြီး စနစ်ကျ သောတပ်မတော်တစ်ရပ်  ဖွဲ့စည်းနိုင်ပြီး   လက်နက် တပ်ဆင်နိုင်မှု   စသည့်အချက်များကြောင့်  နယ်ချဲ့ အင်္ဂလိပ်ကိုရော ဖက်ဆစ်ဂျပန်ကိုပါ  တိုက်ထုတ်နိုင် ခဲ့ပြီး           နောက်ဆုံးလွတ်လပ်ရေးပန်းတိုင်ကို အရောက် လှမ်းနိုင်ခဲ့သည်ကို တွေ့ရသည်။ 

 


အဆုံးအရှုံးမှသင်ခန်းစာယူ
အခွင့်အရေးကို မျက်ခြည်ပြတ်မခံပါနှင့် 


အဘက်ဘက်ကနောက်ကျ၍ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသော်လည်း   အနှိမ်မခံ၊     သူ့ကျွန်မခံလို သည့် စိတ်ဓာတ်နှင့်  တိုင်းတစ်ပါးလက်အောက်ခံ မနေလိုသူ တိုင်းရင်းသားအပေါင်း၏    တော်လှန် တိုက်ခိုက်လိုစိတ်ကိုမူ          နယ်ချဲ့တို့အနေဖြင့် လျစ်လျူ ရှု၍မရခဲ့သည်ကို     တွေ့ရသည်။     လူက    ချေမှုန်းခံခဲ့ရသော်လည်း စိတ်ဓာတ်ကိုမူ   ဦးနှိမ် ၍မရခဲ့။  သို့သော်   လက်နက်ကိုင်တော်လှန်ရေး တစ်ခုတွင်    စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်မှု  ကင်းမဲ့ခြင်းနှင့်  ခေတ်မီပြီး   စနစ်တကျရှိသော    လက်နက်အင်အားဖွဲ့စည်းနိုင်မှု  မရှိခြင်းဟူသော အချက်သည်      အောင်မြင်မှု မရရှိခြင်းအတွက်       အကြောင်းတရားတစ်ခုဖြစ်သည်ကိုမူ         မမေ့ အပ်ပေ။ 

 


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်  ခေတ်မမီလှသော  ကနဦးတိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးများကို      မြစ်ဖျားခံခဲ့၍သာ အဆက်ဆက်သော  အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာနိုင်ခဲ့ခြင်းဖြစ်၍          လွတ်လပ်ရေး ဆုံးရှုံးပြီးချင်း   တော်လှန်ခဲ့ကြသည့်     နယ်စွန် နယ်ဖျားက        တိုင်းရင်းသားခေါင်းဆောင်များ ကိုလည်း  မေ့ထား၍မရပါ။  ဆုံးရှုံးခဲ့မှုများ၊   အရင်း အနှီးများကို သင်ခန်းစာယူ၍  နယ်ချဲ့လက်အောက် မှ     လွတ်မြောက်ရေးကို      တစိုက်မတ်မတ် မျက်ခြည်ပြတ်မခံသည့်  မြန်မာခေါင်းဆောင်များ၏ အမြော်အမြင်ကြောင့်သာ   ဗြိတိသျှတို့ပါဝင်သည့် ဒုတိယကမ္ဘာစစ်ကြီးကိုအကြောင်းပြု၍    သမိုင်းဝင် လွတ်လပ်ရေးလှုပ်ရှားမှု       အခွင့်အလမ်းများကို        အမိအရဆုပ်ကိုင်နိုင်ခဲ့သည်ကိုလည်း       တွေ့ရှိ ရသည်။ 

 


ခေါင်းဆောင်ကောင်းနှင့် ညီညွတ်မှုသည်ပဓာန


လွတ်လပ်ရေးသမိုင်းတွင်      ခေါင်းဆောင်မှု သည်   အရေးပါသလို   ညီညွတ်ခြင်းသည်လည်း အဓိကကျသည်။ ခေါင်းဆောင်ကောင်းတို့မည်သည် စိတ်စေတနာကောင်းဖြင့် ကျယ်ပြန့်သောစည်းရုံးမှု ကိုဖော်ဆောင်နိုင်သော်လည်း   အတ္တမာနရှေ့တန်း တင်၍ အမြော်အမြင်နည်းသော ခေါင်းဆောင်များ ကြောင့်လည်း         ညီညွတ်မှုပြိုကွဲရတတ်သည်။  ဒုတိယကမ္ဘာစစ်အပြီး  ဖဆပလအဖွဲ့ချုပ်အတွင်း ပဋိပက္ခဖြစ်ပြီး   အကွဲအပြဲဖြစ်ခြင်းက    သာဓက ဖြစ်သည်။   နိုင်ငံရေးမကျေနပ်ချက်၊    ကိုယ်ရေး ကိုယ်တာမကျေနပ်ချက်တို့ကိုအခြေခံ၍ မိမိအကျိုး ကို   ရှေ့တန်းတင်လိုက်သည့်အခါ    ပြည်သူကို အကြည်ညိုပျက်သွားစေသည်။    ခေါင်းဆောင်များ အကြား   ညီညွတ်မှုကိုထိခိုက်စေပြီး    ပြည်သူတို့ လိုလားသော  လွတ်လပ်ရေးပန်းတိုင်     တုံ့ဆိုင်း မတတ်ဖြစ်ခဲ့ရသည်ကို တွေ့ရှိရသည်။ 

 


လွတ်လပ်ရေးရပြီးပြန်တော့လည်း  နိုင်ငံ၏ အချုပ်အခြာအာဏာကို ရေကုန်ရေခန်း ပြန်လည် ကာကွယ်စောင့်ရှောက်ခဲ့ရပြန်သည်။   မညီညွတ် ကြခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။   မညီညွတ် ခြင်းနှင့်  ပြည်ပ  ပယောဂဝင်ရောက်မှု  ဆက်စပ်နေ သည်။ ပြည်ပက  လမ်းညွှန်သော   “လွတ်လပ်ရေး ဆိုတာ  တိုက်ယူမှရသည်”  ဟူသော လက်ဝဲဝါဒနှင့် လမ်းစဉ်ကို ယုံကြည်၍  ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပတို့  တောခိုသွားခဲ့ရာမှစ၍   ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့သည်။     ငြိမ်းချမ်းရေးကို မလိုလားသည့် ဗကပတို့  သူပုန်မထခင် မြို့တွင်းဆန္ဒပြဆူပူသောင်းကျန်းမှုများ၊ လူထုအစည်းအဝေး များ၊ ဖျက်ဆီးမှုများ  ပြုလုပ်ခဲ့ကြခြင်းက အစိုးရနှင့် ပြည်သူကို ရန်တိုက်ပေးသကဲ့သို့ ဖြစ်သည်ကိုလည်း သတိမူရန်လိုအပ်ပါသည်။ 

 


ရင်ဆိုင်ခဲ့ရသည့် လွတ်လပ်ရေးအတွက်
ခြိမ်းခြောက်မှုများစွာ  


ကွန်မြူနစ်ကတောခို၊        တပ်ရင်းအချို့က ခွဲထွက်စဉ်မှာ  ပြည်သူ့ရဲဘော်    (ရဲဘော်ဖြူ)    နှင့် ပြည်ထောင်စုစစ်ရဲအဖွဲ့များကလည်း တောခိုသူပုန် ထကြပြန်သည်။   ကွန်မြူနစ်များ    ပုန်ကန်တော့ ကွန်မြူနစ်ကိုထောက်ခံသည့်          တက္ကသိုလ် ကျောင်းသားများလည်း   လိုက်ပါတောခိုကြပြန် သည်။   သမဂ္ဂအမည်ခံဝန်ထမ်းများက    သပိတ် မှောက်ကြသည်။    ကျောင်းများ၊     အစိုးရရုံးများ ဖရိုဖရဲဖြစ်ရသည်။    

 


ဒီမိုကရေစီတန်ဖိုးများ ပျက်ယွင်းစေသည်အထိ ဖိအားနှင့်သက်ရောက်မှုများ 


လွတ်လပ်ရေးရပြီး      နှစ်လကျော်ခန့်မှစ၍ နှစ်နှစ်ခန့်ထိကာလတစ်ရပ်သည်   နိုင်ငံအတွက် အလွန်ဆိုးရွားပြင်းထန်သော     ကာလတစ်ခုဟု ဆိုရမည်ဖြစ်သည်။  မြို့ရွာအများအပြား ရောင်စုံ သူပုန်များ  အစီးခံရပြီး အပြန်အလှန်သတ်ပွဲဖြတ်ပွဲ များဖြင့်   အပြစ်မဲ့ပြည်သူများ  အကာအကွယ်မဲ့ အားကိုးရာမဲ့ဖြစ်ခဲ့ကြရသည်။  ပါဝင်ပတ်သက်သူ သူပုန်အပါအဝင် ဂိုဏ်းဂဏအဖွဲ့တိုင်းတွင်   သူ့လူ ကိုယ့်လူ၊ သူ့အဖွဲ့ကိုယ့်အဖွဲ့  ထောက်ခံသူများဖြင့် ကွဲပြားသွားခဲ့ကြသည်။     နိုင်ငံရေးနှင့်   စစ်ရေး အပြန်အလှန်ဆက်စပ်နေရာ ပြည်တွင်းစစ်ဖိအား က   အစိုးရအပေါ်   ကြီးမားသော  သက်ရောက်မှုက ရှိပြန်သည်။ အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နုတ်ထွက် သွားသည်အထိဖြစ်ခဲ့ရသည်။    ဘေးကျပ်နံကျပ် အစိုးရတစ်ရပ်အနေဖြင့်  ရန်ကုန်အစိုးရဟု အခေါ် ခံရသည်အထိ မြန်မာနိုင်ငံတစ်ဝက်ကျော်ကျော်မှာ ရောင်စုံသူပုန်တို့  လက်အောက်    ကျရောက်ရသည့် ဘဝဖြစ်ခဲ့သည်။ 

 


ပြည်တွင်းစစ်မီးရန်က လွတ်ပြီးပြန်တော့လည်း မရင့်ကျက်သေးသည့်ဒီမိုကရေစီနှင့်       ပါလီမန် သက်တမ်းနုနုတွင် ပြဿနာများကို ကြိုးစားဖြေရှင်း ကြတိုင်း အဖြေမှန်ကို  ရှာရခက်ခဲနေတတ်ပြီး   အဖွဲ့   များအတွင်း  ရန်ငြိုးများသာ   ကြီးထွားလာသည်ကို တွေ့ရသည်။    နားလည်မှုလွဲ၍    ယုံကြည်မှုများ ပျောက်ဆုံးသွားဟန်ပေါ်သည်။ နောက်ဆုံးလမ်းခွဲ၍ တစ်ဖွဲ့နှင့်  တစ်ဖွဲ့ကွဲကြရာမှ   ဒီမိုကရေစီတန်ဖိုးများ လည်း ပျက်သုဉ်းရတော့သည်။  ပါတီတွေကွဲတော့ အုပ်ချုပ်ရေးယန္တရားကြီးလည်း ပျက်စီးယိုယွင်းရလေ တော့သည်။ 

 


ကိုလိုနီလှိုင်းတံပိုးအောက် ထပ်မရောက်ရန် အထူးသတိရှိရန်လို 


အကြမ်းဖက်ဖြစ်ရပ်များနှင့်  ငြိမ်းချမ်းရေးခရီး အနှောင့်အယှက်များသည်        ဒီမိုကရေစီကို တည်ဆောက်မည်ဆိုသော    နိုင်ငံတစ်နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ စိန်ခေါ်မှုများဖြစ်စေသည်။ ဒီမိုကရေစီတန်ဖိုးများ စံနှုန်းများကို  ကိုယ်ကျိုးကြည့် အတ္တနှင့်ရောထွေးခဲ့သည့်အတွက်  အနုတ်မှအပေါင်း၊ အဆိုးမှအကောင်းသို့ပြန်ဖြစ်ရန်  မနည်းကြိုးစားကြ ရမည်သာဖြစ်သည်။  တာဝန်ယူမှု၊  တာဝန်ခံမှုမရှိခဲ့ သောကြောင့်   အမှားနှင့်   အမှန်    ခပ်ပါးပါးကြားမှာ စည်းကမ်းမဲ့၊   အဆင်အခြင်မဲ့၊    တရားလက်လွတ် ပြုမူမှုများရှိနေသည့်  ပတ်ဝန်းကျင်တွင်    လွတ်လပ်မှု အရသာကို    ကောင်းစွာ  မခံစားကြရခြင်းမှာလည်း သဘာဝကျပါသည်။ 

 


နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးရန် လွယ်ကူသလောက် ပြန်လည်ရယူရန် ခက်ခဲတတ်ပြီး တိုးတက်ရန်ခက်ခဲသလောက် ကျဆုံးရန် လွယ်ကူလှ ပါသည်။  အုပ်ချုပ်မှုညံ့ဖျင်းခြင်း၊    ပဋိပက္ခများနှင့် တည်ငြိမ်မှုကင်းမဲ့ခြင်း၊    စီးပွားရေးဆက်တိုက် ကျဆင်းခြင်း၊  ညီညွတ်မှုမရှိခြင်း၊   စည်းကမ်းမဲ့ခြင်း၊ ရာဇဝတ်မှုထူပြောပြီး   တရားဥပဒေစိုးမိုးမှုမရှိခြင်း စသည့်အချက်များသည်  ဒီမိုကရေစီအမြစ်မတွယ် သေးသည့်   နိုင်ငံတစ်နိုင်ငံအတွက်    လွတ်လပ်ရေး ဆုံးရှုံးနိုင်ခြေများဖြစ်သည်ကို   ကမ္ဘာ့ဖြစ်စဉ်များမှ သင်ခန်းစာယူနိုင်ပါသည်။

 


ကမ္ဘာ့ဖြစ်စဉ်များကနေ     သင်ခန်းစာယူနိုင် သလောက်ယူ၊ လောလောဆယ် ကိုယ့်နိုင်ငံဝန်းကျင် ဖြစ်စဉ်ဖြစ်ရပ်များကိုလည်း      မျက်ခြည်မပြတ် သတိထားနေရန်လိုပါသည်။   အာရှပစိဖိတ်ကနေ   အင်ဒိုပစိဖိတ်အရွေ့မှာ  မဟာမိတ်အုပ်စုများ   အပြိုင် အဆိုင်ဖွဲ့နေခြင်း၊    ဒေသတွင်း  စိုးမိုးရန်  ကြိုးစားပြီး     စီးပွားရေးစားကျက်လုကြခြင်း၊ မနားတမ်း လက်နက် အပြိုင်အဆိုင်တပ်ဆင်နေကြခြင်း၊ လောင်စာလောင်း၊  တို့မီးရှို့မီးများဖြင့်      အကြမ်းဖက်ပြဿနာများ ဖန်တီးခြင်း၊ စစ်ရေးအရချုပ်ကိုင်ပြီး စီးပွားရေးအရ ဖိနှိပ်ခြင်း၊ မလျော်ဩဇာပေးခြင်း    စသည်ဖြင့်  သတိ ထား       ပြင်ဆင်ကာကွယ်ထားရမည့်အချက်များ      များစွာရှိနေပါ သည်။ ကိုလိုနီလှိုင်းတံပိုးအောက်မှာ ထပ်နစ်မြုပ်မခံရရန်   တစ်မျိုးသားလုံးနိုးကြား  သတိ ထားကြရန်  ဖြစ်ပါသည်။ 

 


သစ္စာမဖောက် သစ္စာရှိ ပြည်သူ၊ တပ်နှင့် တိုင်းရင်းသားများရှိခဲ့သည် 


သို့သော်    ခေတ်အဆက်ဆက်ကြီးမားသော အကျပ်အတည်းများအကြား    မြန်မာနိုင်ငံကား ကျရှုံးမသွားခဲ့ပါ။ ပြည်ထောင်စုကြီး    မပြိုကွဲသွား ခဲ့ပါ။ လွတ်လပ်ရေးလည်း  မဆုံးရှုံးခဲ့ပါ။    နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာဖောက်ခဲ့သူများရှိခဲ့သလို သစ္စာ မယွင်းသူများလည်းရှိခဲ့ကြသည်။   မုန်တိုင်းထန် သော   ပါလီမန်ဒီမိုကရေစီခေတ်ကာလအတွင်း     မြို့ရွာများကို ဝင်စီးသော  သူပုန်များကို ပြန်တိုက် ရန် ပြည်သူများကိုယ်တိုင်  အစိုးရထံမှ  လက်နက် များ    တောင်းခံခဲ့ကြသည့်   သစ္စာရှိပြည်သူများ အမြဲရှိခဲ့သည်။  အစိုးရကိုသစ္စာခံသော တပ်ရင်းများ၊  တပ်သားပေါင်းများစွာက      လွတ်လပ်ရေးနှင့်     ဒီမိုကရေစီအမြစ်တွယ်ရေးအတွက်   အသက်ပေး ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ 

 


တကယ်တမ်း  အရေးကြုံလျှင်    သစ္စာရှိရှိ ပြည်ထောင်စုကို        လိုလိုလားလားကာကွယ် စောင့်ရှောက်မည့်         တိုင်းရင်းသားများထဲမှ  တိုင်းရင်းသားများစွာရှိခဲ့သည်။           သူပုန်ကို ထောက်ခံသည့် တိုင်းရင်းသားအချို့ရှိသလို အစိုးရ ကိုထောက်ခံသည့်   တိုင်းရင်းသားများစွာလည်း ရှိခဲ့သည်။   အာဏာဇောမကပ်ဘဲ    နိုင်ငံတော်၊  ပြည်သူနှင့်   အစိုးရအပေါ်      သစ္စာစောင့်သိသော နိုင်ငံရေးသမားများစွာရှိခဲ့သည်ကိုလည်း အသိ အမှတ်ပြုရမည်ဖြစ်သည်။ 

 


(၇၄)    နှစ်မြောက်     လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်        လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ထိန်းသိမ်းခဲ့ရပုံများကို လေ့လာလျှင် သင်ခန်းစာယူဖွယ်ရာ သံဝေဂပွားစရာများ များစွာ ရှိပါလိမ့်မည်။ ယနေ့ခေတ်လူငယ်များ၊ အနာဂတ် မျိုးဆက်သစ်များအနေဖြင့် များစွာလေ့လာသိရှိ ထားရန်   လိုအပ်ပါမည်။    အနည်းဆုံးတော့ လွတ်လပ်မှု၏    တန်ဖိုးကို         နားလည်သဘော ပေါက်ပြီး လွတ်လပ်ရေးကို ချစ်မြတ်နိုးတတ်ရန်လိုအပ်နေပါသည်။

 


ခေတ်အဆက်ဆက်   ခက်ခက်ခဲခဲကြိုးပမ်း ရယူခဲ့ရပြီး    အသက်ပေးကာကွယ်စောင့်ရှောက် နေရသည့်၊ အားလုံးပိုင်ဆိုင်သည့် တန်ဖိုးတစ်ခုကို သားစဉ်မြေးဆက်         မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းရန် သမိုင်းပေးတာဝန်တစ်ရပ် အားလုံးတွင် ရှိနေပါပြီ။    ။