ယခုအခါ ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၉၈ ခုသို့ ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက သတိပေး ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ်မှာ ကူးစက်မှုနှုန်းမြန်ပြီး ထိခိုက်မှုနှုန်းများသည့် ဒယ်လ်တာပိုးဟုဆိုကြသည်။ ထိုပိုးသစ်ကို အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိသော အန္တရာယ်ရှိသည့် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစားဟု ၎င်းက ညွှန်းဆိုသတိပေးပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အရှိန်လျှော့ချရေး၊ ကမ္ဘာ့ ပြည်သူများအား အဆိုပါကပ်ရောဂါကြောင့် အသက်သေဆုံးရမှုမှ တားဆီးနိုင်ရေး၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ရေးနှင့် ဗီဇပြောင်းဗိုင်းရပ်စ်များ ကမ္ဘာ တစ်ဝန်း လျင်မြန်စွာကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရေးတို့အတွက် ကာကွယ်ဆေးထိုး ရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သလို ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် အချက်များအား မပျက်မကွက်လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပေသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအနေအထားအရ ကျန်းမာရေးဘက်ဆိုင်ရာမှ ဆရာဝန်၊ သူနာပြုများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပြီး ကျန်းမာရေးကဏ္ဍကို ပစ်ပယ်သွားခဲ့ကြသဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးကို တာဝန်သိသော ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာတို့က အတတ်နိုင်ဆုံး ကြိုးပမ်းဖြည့်ဆည်းပေးနေသည်။ သို့သော် ကျန်းမာရေးဘက်တွင် ပြည်သူများအား လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် အခက်အခဲများရှိနေ သောကြောင့် ပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေး၊ မိမိတို့ရောဂါမကူးစက်ရေး အတွက် မိမိတို့ကိုယ်တိုင် သတိထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများနေသော မြို့နယ်များအား နေအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်ကို အသိပေးထုတ်ပြန်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသောအမိန့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ယခုအချိန်အခါ၌ နိုင်ငံရေးနှင့် ကျန်းမာ ရေးတွင် ကျန်းမာရေးသည် အရေးအကြီးဆုံးအခြေအနေဖြစ်၍ မိမိတို့နှင့်မိမိတို့ မိသားစုဘဝများ ထိခိုက်ပျက်စီးမှုမဖြစ်စေရအောင် ကျန်းမာရေးစည်းမျဉ်းစည်းကမ်း များကို လေးစားလိုက်နာကြရန် လိုအပ်ပေသည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သံသယရှိလျှင်ပင် စိုးရိမ်ပူပန်မှု လွန်လွန် ကဲကဲမဖြစ်ဘဲ စိတ်အေးအေးထားကာ လုပ်သင့်လုပ်ထိုက်သည်များ ပြုလုပ်ရန် လိုပါသည်။ ဆေးရုံသို့သွားရောက်ပြသရန် အခက်အခဲရှိပါက နေအိမ်တွင်နေထိုင်၍ သီးသန့်အခန်းတွင် တစ်ယောက်တည်းနေထိုင်ရန်လိုအပ်ပါသည်။ လူများနှင့် မထိ တွေ့ဘဲ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေထိုင်ခြင်း၊ နေပူစာလှုံခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသောက်ခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးရန်လိုပါသည်။ အဓိကမှာ နေအိမ်ပြင်ပသို့ မထွက်ရန်လိုပါသည်။ ဆေးဝါးများသောက်သုံးပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရန်လိုအပ်ပါသည်။ အသီးအရွက်များ၊ အားရှိသောအစားအစာများ စားသောက်ရန် လိုအပ်ပါသည်။ နေ့စဉ်ရေများများသောက်သုံးပါ၊ ကိုယ်လက်လှုပ်ရှား မှုကို နေ့စဉ် အချိန်အတန်ကြာပုံမှန်ပြုလုပ်ပေးပါ။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ။ ဆေးလိပ်နှင့် အရက်သောက်တတ်သူများ ဖြတ်ထားပါ။ နွေးနွေးထွေးထွေးနေပါ။ အအေးမခံပါနှင့်၊ တိုက်ရိုက်လေထိတွေ့သည့်နေရာတွင် မနေပါနှင့်၊ မအိပ်ပါနှင့်။ အအေးဓာတ်သည် ကိုယ်ခံအားကျစေပါသည်။ ရေချိုးလျှင် သတိဖြင့်ချိုးရန်လိုအပ်ပြီး ညအိပ်လျှင် နွေးနွေးထွေးထွေးအိပ်ရန် လိုအပ်ပါသည်။
ကျန်းမာပြီး ပုံမှန်နေထိုင်ကြသော ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည့်အတိုင်း နေထိုင်သွားလာကြ ရန်လိုအပ်ပါသည်။ အထူးသဖြင့် နေအိမ်တွင်သာ နေထိုင်ကြရန်လိုပြီး မဖြစ်မနေ နေအိမ်အပြင်သို့ သွားရောက်ရမည်ဆိုပါက လူစုလူဝေးများကို အတတ်နိုင်ဆုံး ရှောင်ရှားရန် လိုအပ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်လိုအပ်ပြီး ခြောက်ပေအကွာတွင် နေထိုင်ပါက ဘေးအန္တရာယ်ကင်းပါသည်။ မတတ်သာ၍ အနီးကပ်နေခဲ့ရပါကလည်း နှာခေါင်းစည်း၊ မျက်နှာကာများကို လုံခြုံစွာဖြင့် စနစ် တကျတပ်ဆင်ရန် လိုအပ်ပြီး ထိတွေ့ပြီးတိုင်း၊ အဝင်/အထွက် ပြုလုပ်တိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပေးရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် တတိယလှိုင်းသဖွယ် စတင်ဖြစ်ပွားလာပြီး နေ့စဉ် ကူးစက်မှုများ၊ သေပျောက်မှုများ ဖြစ်ပွားလျက်ရှိရာ ကျန်းမာရေးဆိုင်ရာဘက်မှ အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိသော်လည်း မိမိ ကိုယ်ကို ရောဂါကူးစက်ခြင်းမရှိအောင်၊ မကူးစက်နိုင်အောင် အထက်ဖော်ပြပါ ကျန်းမာရေးနှင့်ညီညွတ်သောအပြုအမူများကို မပျက်မကွက် အလေးထား ဆောင်ရွက်ခြင်းဖြင့် သင်နှင့်သင့်မိသားစု ကပ်ရောဂါဘေးအန္တရာယ်ကင်းဝေးအောင် အထူးသတိပြုလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း။ ။