သတိတမံ၊ ဉာဏ်မြေကတုတ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

လူအများစိတ်ဝင်စားကြသည့် အကြောင်းအရာများ (ဝါ) သတင်း များကို ရယူစုဆောင်းပြီး အခကြေးငွေဖြင့် ပြန်လည်ရောင်းချ ဖြန့်ဖြူးရာမှ သတင်းစာလုပ်ငန်းများ စတင်ခဲ့သည်။ မိမိတို့၏ သတင်းစာများ ရောင်းကောင်းရေးတွင် လူအများစိတ်ဝင်စားကြသည့် သတင်းများပါရှိရေးသည် အဓိကဖြစ်သည့်အလျောက် သတင်းစာ ထုတ်ဝေသူများ၊ သတင်းစာဆရာများကလည်း ပရိသတ်အကြိုက် လိုက်ကာ ပရိသတ်ဘဝင်ခိုက်မည့်သတင်းမျိုးကို ဦးစားပေး ရေးသားသည့် အဝါရောင်သတင်းစာပညာ(Yellow Journalism) လည်း ပေါ်ပေါက်ခဲ့သည်။

အဝါရောင်သတင်းစာပညာ၏အလိုအရ လူဆိုသည်မှာ အထူး အဆန်းသတင်းမျိုးကို ကြိုက်တတ်ကြသည်။ သို့ဖြစ်သောကြောင့် ဒေးလီးမေးလ်နှင့် ဒေးလီးမေရာသတင်းစာတို့၏ပိုင်ရှင် အများကြိုက် သတင်းအတတ်ပညာ ရှေ့ဆောင်ဗြိတိသျှ သူဌေးကြီး လော့ဒ်နော့သ် ကလစ်ဖ် (၁၈၆၅-၁၉၂၂)က “ခွေးက လူကိုကိုက်ခြင်းသည် သတင်း မဟုတ်၊ လူက ခွေးကိုကိုက်ခြင်းသည်သာ သတင်းဖြစ်သည်”ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ၎င်း၏အလိုအရ လူကြိုက်များသည့် သတင်း များ၏ အစီအစဉ်မှာ- (၁)စစ်သတင်း၊ (၂) ရာဇဝတ်မှုသတင်း၊ (၃) မိန်းမကိစ္စသတင်းနှင့် (၄) အားကစားပွဲ၊ မြင်းပွဲ၊ ထီသတင်းများ ဟုဆိုသည်။ ဤသည်မှာ သူ့ခေတ်သူ့အခါနှင့် သူ့အမြင်ဟုဆိုနိုင် သော်လည်း မျက်မှောက်ခေတ် ပစ္စုပ္ပန်ကာလတွင်လည်း အပြောင်း အလဲအနည်းငယ်မှအပ အဓိကကျောရိုးမှာ လော့ဒ်နော့သ်ကလစ်ဖ် တို့ခေတ်ကနှင့် မကွာခြားလှကြောင်း တွေ့နိုင်သည်။ မီဒီယာ ပလက်ဖောင်းအနေဖြင့်မူ လူမှုကွန်ရက်များခေတ်သို့ ပြောင်းခဲ့ပြီ ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ပေါ်တွင် လူများတုံ့ပြန်မှု အများဆုံးပြုလုပ်ကြသည့် အကြောင်းအရာများကို စေ့ငုကြည့်ပါက လော့ဒ်နော့သ်ကလစ်ဖ်၏ အဆိုနှင့် မနီး ရိုးစွဲပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ စစ်သတင်း အစား ပဋိပက္ခသတင်းများကို လူမှုကွန်ရက်ပေါ်တွင် လူကြည့် အများဆုံး တုံ့ပြန်မှုအများဆုံးဖြစ်သည်ကို တွေ့ရမည်။ လင်မယား ရန်ပွဲမှသည် လမ်းပေါ်ထိုးကြိတ်ပွဲ၊ တရားရုံး၌ တရားရင်ဆိုင်ပွဲများ အထိ စိတ်ဝင်တစား ဝင်ရောက်ကြည့်ရှုကာ မှတ်ချက်ပေးခြင်း၊ ဝေမျှခြင်းတို့ ပြုကြသည်။ ရာဇဝတ်မှုသတင်း၊ ကာမမှုသတင်းများ စသည်တို့တွင်လည်း ထိုနည်းတူ။ မိန်းမကိစ္စဟုဆိုရာတွင်လည်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ရုပ်သံ၊ ရုပ်ရှင် စသည်တို့တွင် မတွေ့မြင်နိုင်သည့်အရာမျိုးကို လူမှုကွန်ရက်တွင် အလွယ်တကူ ရရှိ နိုင်သလို တုံ့ပြန်မှုအမျိုးမျိုးတို့ ဒုနှင့်ဒေး။ သို့ရာတွင် ဖေ့စ်ဘွတ်ပေါ်၌ အလွယ်တကူ ရရှိနိုင်သည့် အကြောင်းအရာနှင့် သတင်းအချက် အလက်များတွင် ပြဿနာများစွာလည်း ရှိနေသည်။

အဓိကအချက်မှာ ဖေ့စ်ဘွတ်တွင် ကျင့်ဝတ်လိုက်နာသည့် ပရော် ဖက်ရှင်နယ်မီဒီယာများရှိသလို သတင်းမီဒီယာ အယောင်ဆောင် ပိတ်ချ်များလည်း များစွာရှိနေခြင်းဖြစ်သည်။ ထို့အပြင် မီဒီယာ ကျင့်ဝတ်ကို မသိနားမလည်သည့် သာမန်ပြည်သူများက တင်လိုက် သည့် သတင်းအကြောင်းအရာ အဖြစ်အပျက်များလည်း အမြောက် အမြားရှိနေခြင်းကို သတိမူဖို့ဖြစ်သည်။ ပရော်ဖက်ရှင်နယ်မီဒီယာ များက တင်လိုက်သည့်သတင်းများကို မိနစ်မဆိုင်း ခိုးယူပြန်တင်ခြင်း၊ သတင်းယောင်သတင်းတုများနှင့် လူစိတ်ဝင်စားအောင် ဆွဲဆောင် ခြင်းတို့ဖြင့် ဖေ့စ်ဘွတ်မှ အကျိုးအမြတ်များစွာရရှိနေသူများရှိနေရာ တရားဝင်သတင်းမီဒီယာများမှာ ဈေးကွက်တွင် အကျဘက်သို့ ယိမ်းယိုင်လာသည်။

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဖေ့စ်ဘွတ်သုံးစွဲသူ ၂၂ သန်း ရှိသည်ဟု ဆိုသည်။ ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုကွန်ရက် မီဒီယာ များတွင် အကောင်းရော အဆိုးပါ ဒွန်တွဲနေရာ သုံးစွဲသူများက သတိ ထားဖို့၊ ဆင်ခြင်ချင့်ချိန်ဖို့ လွန်စွာအရေးကြီးသည်။ သတင်းတု သတင်း ယောင်တင်သူများမှာ စီးပွားရေးအရ အကျိုးအမြတ်ရရှိရန်သာမက ပြည်သူလူထုအတွင်း အာရုံထွေပြား ခြောက်ခြားအောင်၊ နိုင်ငံမတည် မငြိမ်ဖြစ်အောင်၊ အမုန်းတရားများ ပြန့်ပွားအောင်၊ ရန်ငြိုးရန်စ အာဃာတတို့ ကြီးထွားအောင် စသည်ဖြင့် တို့မီးရှို့မီးများကိုလည်း လူမှုကွန်ရက်မှတစ်ဆင့် ယုတ်ညံ့စွာ ဆောင်ရွက်တတ်ကြသည်ဖြစ်ရာ သတိတမံ ဉာဏ်မြေကတုတ်ပြု၍ ရှောင်ရှားဖော်ထုတ်နိုင်ရေး နှိုးဆော်လိုက်ရပါကြောင်း။ ။