သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်

 

နေပြည်တော် ဩဂုတ် ၁၇


ပဉ္စမအကြိမ် သုတေသန နည်းနာ နိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရှိ မက်စ် ဟိုတယ်၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုသင်တန်း တွင် ပို့ချမည့် သုတေသန နည်းနာ နိဿယများ (Research Methodo-logy)၊ ပြည်သူ့ဆက်ဆံရေး (Public Relations) နှင့် သတင်းအချက် အလက် စီမံခန့်ခွဲမှုဆိုင်ရာပညာ (Information Management) တို့ သည် ရာထူးတာဝန်အသီးသီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် မဖြစ်မနေ တတ်ကျွမ်းသင့်သည့် ပညာရပ်များ ဖြစ်ကြပါကြောင်း၊ ခေတ်ကာလ ပြောင်းလဲလာသည့် အလျောက် ဤပညာရပ်များမှာလည်း ပြောင်းလဲ တိုးတက်လာခဲ့သည့်အတွက် မိမိတို့ အနေဖြင့် စဉ်ဆက်မပြတ် လေ့လာ နေရန် လိုအပ်ပါကြောင်း။
အခြားတစ်ဖက်တွင် စတုတ္ထ စက်မှုတော်လှန်ရေးဟု ခေါ်သည့် ဒစ်ဂျစ်တယ်နည်းပညာသည် အရှိန် အဟုန်ဖြင့် တိုးတက်လာပါကြောင်း၊ အကျိုးဆက်အနေဖြင့် လူအများက သတင်းအချက်အလက်နှင့် ဖျော်ဖြေ ရေး အစီအစဉ်များရယူရန်နှင့် အများ နှင့် ဆက်သွယ်ပြောဆိုရန် အွန်လိုင်း ပလက်ဖောင်းများကို အဓိကအသုံးပြု လာကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် လူကြိုက်အများဆုံး အွန်လိုင်း ပလက် ဖောင်းဖြစ်သည့် Facebook ခေါ် ဆိုရှယ်မီဒီယာ အသုံးပြုသူသည် ယခုနှစ် ဇန်နဝါရီလကုန်တွင် ၂၂ သန်း ကျော်ရှိခဲ့ရာမှ ဇူလိုင်လကုန်တွင် ၂၈ သန်းကျော်အထိ တစ်ဟုန်ထိုး တိုးတက်လာသည်ဟု သိရှိရပါ ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့် ပညာရပ် များကို ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်နှင့် ပေါင်းစပ်အသုံးပြု နိုင်အောင် စဉ်ဆက်မပြတ်ကြိုးစား နေရန် လိုအပ်ပါကြောင်း။
သင်တန်းမှ ရရှိလာသည့် အသိ ပညာ၊ ဗဟုသုတများကို ဌာနအတွက်၊ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် အသုံးချစေလိုကြောင်းနှင့် သင်တန်း တက်ရောက်ခွင့် မရရှိသည့် လုပ်ဖော် ကိုင်ဖက်များကိုလည်း ပြန်လည်မျှဝေ စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Panna Institute မှ ပညာရပ်ဆိုင်ရာ အကြံပေး ဒေါက်တာ တင်မောင်မောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် Konrad Adenauer Stiftung (KAS) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr.Thomas Knirsch က KAS ၏ ဦးတည်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယခုဖွင့်လှစ်သည့် ပဉ္စမအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက် အလက် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းကို ဩဂုတ် ၂၁ ရက်အထိ ငါးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီး ဌာနများမှ အရာထမ်း၊ အမှုထမ်းဦးရေ ၃၀ တက်ရောက်ကြသည်။ ယခု ၂ဝ၂ဝ ပြည့်နှစ်အတွင်း ယခုသင်တန်းမျိုး နောက်ထပ် နှစ်ကြိမ် ဖွင့်လှစ်ရန် စီစဉ်လျာထားကြောင်း သိရသည်။
သတင်းစဉ်