သတင်းအမှန်များ သိရှိနိုင်ရေး အလေးအနက်ဆောင်ရွက်ရန်လို

 

အွန်လိုင်းရာဇဝတ်ဂိုဏ်းများနှင့်   စပ်လျဉ်း၍   ပုံပျက်ပန်းပျက် မှားယွင်းသော သတင်းများထွက်ပေါ်ပျံ့နှံ့နေခြင်းက မိမိတို့ နိုင်ငံ အတွက်  ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေသည်။  နည်းပညာ ကုမ္ပဏီ၊    ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ၊   ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီများကဲ့သို့ အယောင်ဆောင်ထားသည့် အွန်လိုင်းရာဇဝတ် ဂိုဏ်းများမှာ အရှေ့တောင်အာရှနိုင်ငံအချို့၌ တည်ရှိနေကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဥပဒေစိုးမိုးမှု အလှမ်းဝေး သည့် နယ်စပ်ဒေသများ၌ တည်ရှိနေကြသည်။


အဆိုပါ ရာဇဝတ်ဂိုဏ်းများမှာ အွန်လိုင်းမှ ငွေကြေးလိမ်လည် မှုများ  ပြုလုပ်ရန်အတွက်  နိုင်ငံတကာမှ  အလုပ်ရှာဖွေနေသည့် လူငယ်လူရွယ်များကို လစာငွေကြေးပမာဏများစွာပေးမည်ဟု လိမ်လည်ခေါ်ယူကြပြီး   အဓမ္မအလုပ်ခိုင်းစေခြင်း၊   ညှဉ်းပန်း နှိပ်စက်ခြင်း၊  လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း  စသည်တို့ကြောင့် လူကုန်ကူးမှုများနှင့်ပါ  ဆက်စပ်နေကြသည်။  အွန်လိုင်းဂိမ်းများ နှင့် လောင်းကစားလုပ်ငန်းများ၊ နည်းမျိုးစုံဖြင့် ငွေကြေးလိမ်လည် သည့် လုပ်ငန်းများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဝင်ငွေများရရှိနေကြပြီး တစ်စတစ်စကြီးထွားလာသော အွန်လိုင်း ရာဇဝတ်မှုခင်းများက နိုင်ငံအသီးသီးမှ လူ့အဖွဲ့အစည်းများကို ခြိမ်းခြောက်လျက်ရှိရာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြစ်သည့် အလျောက်    နိုင်ငံများပူးပေါင်း၍   ဖော်ထုတ်နှိမ်နင်းမှုများကို ပြုလုပ်လျက်ရှိသည်။


မြန်မာနိုင်ငံနယ်နိမိတ်အတွင်း   တည်ရှိနေသည့်   အွန်လိုင်း ရာဇဝတ်ဂိုဏ်းများမှာ အဓိကကြိုးကိုင်သူများသည် မြန်မာနိုင်ငံ သားများမဟုတ်ကြဘဲ “ကျားဖြန့်”ဟုခေါ်သော အဆိုပါလိမ်လည်မှု လုပ်ငန်းများအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသားအများစု မှာလည်း လုပ်ခလစာဖြင့် ဖြားယောင်း၍ လိမ်လည်စုဆောင်းခံရ သူများဖြစ်ကြသည်။ အွန်လိုင်းရာဇဝတ်ဂိုဏ်းများသည် ငွေကြေးလိမ်လည်မှုမပြုလုပ်လိုသူများ၊   နေ့စဉ်အနည်းဆုံးရှာဖွေရမည့် သားကောင်အရေအတွက်ကို       ရအောင်မရှာဖွေနိုင်သူများ၊ လိမ်လည်သည့်အလုပ်မှ ထွက်ပြေးသူများကို ရက်စက်စွာညှဉ်းပန်း နှိပ်စက်မှုများလည်း ကျူးလွန်ကြသည်။ ညှဉ်းပန်းနှိပ်စက်ခံရသူ များတွင် မြန်မာနိုင်ငံသားများသာမက နိုင်ငံအသီးသီးမှ လိမ်လည် စုဆောင်းခံခဲ့ရသူများလည်း ပါဝင်သည်။


မြန်မာ့အိမ်နီးချင်း     ချစ်ကြည်ရင်းနှီးသောနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းအမှားများ   ပျံ့လွင့်လျက်ရှိရာ   တရုတ်လူမျိုးများ၏ အမြင်တွင် မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုစသည့် ရာဇဝတ်မှုများ ဖြစ်ပေါ်လျက်ရှိသည့်နေရာ အဖြစ် လွဲမှားစွာသိမြင်နေကြရာ “ကျားဖြန့်” ငွေလိမ်ဂိုဏ်းများ နှင့် ပတ်သက်သည့် သတင်းများအပေါ် မှားယွင်းစွာ နားလည်နေ  ကြခြင်းပင်ဖြစ်သည်။ တရုတ်ကျောင်းသားများ ပြန်ပေးဆွဲခံရခြင်း၊ လူကုန်ကူးခြင်း၊   တရုတ်ခရီးသည်များထံမှ   ကျောက်ကပ်များ ထုတ်ယူခြင်းစသည့် အွန်လိုင်းသတင်းများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံကို   အထင်အမြင်လွဲမှားလျက်ရှိရာ  သတင်းအမှန် များ သိမြင်နိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်သည်။


တရုတ်နိုင်ငံအစိုးရသည်  မကြာမီက တရုတ်နိုင်ငံသားများ အဖွဲ့လိုက်ပြည်ပသို့ ခရီးသွားလာခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအား  ထည့်သွင်းထားရာ  တရုတ်လူမျိုးများအတွင်း  မြန်မာနိုင်ငံနှင့်ပတ်သက်၍   သတင်းအမှန်များ  သိရှိနိုင်ရန်မှာ ပို၍ပင်   အရေးကြီးသည်။     အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်နေသည့် အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှုများကို မြန်မာ နိုင်ငံက   တားဆီးထိန်းချုပ်နိုင်ရေး    အလေးထားဆောင်ရွက် လျက်ရှိပြီး   အိမ်နီးချင်းနိုင်ငံများနှင့်လည်း   ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။  နိုင်ငံ၏ ဂုဏ်သိက္ခာကို  ကျဆင်းစေသော၊  နိုင်ငံ့ စီးပွားရေးကို   အထောက်အကူပြုသည့်   ခရီးသွားလုပ်ငန်းကို ထိခိုက်စေသော   အွန်လိုင်းရာဇဝတ်ဂိုဏ်းများ   နှိမ်နင်းရေးနှင့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့်    သတင်းအမှန်များ   သိရှိနိုင်ရေး တို့ကို အလေးအနက်ဆောင်ရွက်ကြရပါမည့်အကြောင်း။       ။