
ကိုရင်ဩ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အထက်လွှတ်တော်(ဝါ) ဆီးနိတ်၌ စွဲချက်တင်၍ တရားစီရင်စစ်ဆေးခဲ့ရာတွင် သူ့အား ဆန့်ကျင်ဘက်ပြု၍ သက်သေထွက်ဆိုခဲ့ကြသော အစိုးရအဖွဲ့၏ အထက်တန်းတာဝန်ရှိသူနှစ်ဦးကို သူက အိမ်ဖြူတော်မှ ဖယ်ရှားလိုက်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် သတင်းပေါ်ထွက်လာသောအခါ အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတကြီး၏ ဘဝအချိုးအကွေ့ အတွေ့အကြုံပေါ်မှ သင်ခန်းစာများ လေ့လာနိုင်ရန် ကျွန်ုပ် စေ့ငုလေ့လာမိလေ၏။
အမေရိကန်သမိုင်းကြောင်းတွင် မှတ်တိုင် တစ်ရပ်အဖြစ် ကျန်ရစ်စေမည့် တရားစီရင် စစ်ဆေးမှု၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်း လှသော အထွတ်အထိပ်ဖြစ်စဉ်တွင် သမ္မတ ထရမ့်အား တရားသေလွှတ်လိုက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်နိုင်ခဲ့ရာ “သူလိုလူ ဇမ္ဗူမရှိ”ဟူ၍ ကျွန်ုပ်ကျူးရင့်မိ လေသည်။
အောင်ပွဲခံ
သမ္မတ ထရမ့်အား ရာထူးမှ ဖယ်ရှား နိုင်ရေး ဒီမိုကရက်တို့က အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြသည့်တိုင်အောင် သူ့တွင် အပြစ် မရှိပါဟု အထက်လွှတ်တော်က မဲခွဲဆုံးဖြတ် ခဲ့ရာ ထရမ့်မှာ အိမ်ဖြူတော်တွင် အောင်ပွဲခံ နိုင်ခဲ့လေသည်။
“ဘဝမှာ အမှားလုပ်တာမျိုး ရှိတတ်ပါ တယ်။ အမှားတွေလုပ်ခဲ့ဖူးတာကို ကျွန်တော် ဝန်ခံပေမယ့် တမင်သက်သက်လုပ်ခဲ့တာ မဟုတ်၊ ဒါကို အထက်လွှတ်တော်ရဲ့ မဲခွဲ ဆုံးဖြတ်ချက်ရလဒ်က သက်သေခံနေပါတယ်” ဟူ၍ ထရမ့်က သူ့အား တရားသေလွှတ်လိုက် သည်ဆိုသော မျက်နှာဖုံးသတင်းပါ “ဝါရှင် တန်ပို့စ်” သတင်းစာကို ကိုင်မြှောက်ပြသ လျက် ဝမ်းမြောက်စကားဆိုခဲ့လေသည်။
သမ္မတ ထရမ့်သည် အိမ်ဖြူတော် “အရှေ့ဘက်ဧည့်ခန်းဆောင်”၌ ဖေဖော်ဝါရီ ၆ ရက်က အောင်ပွဲခံမှုအထိမ်းအမှတ်အဖြစ် ၆၃ မိနစ်ကြာမျှ စကားပြောဆိုခဲ့ရာတွင် တက်ရောက်လာကြသော အစိုးရအထက်တန်း တာဝန်ရှိသူများ၊ ဥပဒေအကျိုးဆောင်အဖွဲ့ဝင် များ၊ ရီပတ်ဘလီကန်လွှတ်တော်အမတ်များ နှင့် အိမ်ဖြူတော်ဝန်ထမ်းများက မကြာခဏ လက်ခုပ်ဩဘာပေးခဲ့ကြသည်။
နားဝင်ချို
“တရားစွဲဆိုတယ်ဆိုတဲ့ ဝေါဟာရအသုံး အနှုန်းဟာ အကျည်းတန်လွန်းလှပေမယ့် အမှုကနေ တရားသေလွှတ်လိုက်တယ်ဆိုတဲ့ ဝေါဟာရအသုံးအနှုန်းကတော့ နားဝင်ချိုလှ ပါတယ်”ဟူ၍ သမ္မတ ထရမ့်က မှတ်ချက်ပြု ပြောဆိုခဲ့သည်။
သမ္မတ ထရမ့်အား အာဏာအလွဲသုံးမှု နှင့် လွှတ်တော်လုပ်ငန်းများကို တားဆီး ပိတ်ပင်မှုစွဲချက်နှစ်ရပ်ဖြင့် တရားစီရင်စစ်ဆေး ခဲ့ရာတွင် အာဏာအလွဲသုံးမှုအတွက် သူ့တွင် အပြစ်ရှိကြောင်း ထောက်ခံမဲပေးခဲ့သည့် တစ်ဦးတည်းသော ရီပတ်ဘလီကန်အမတ် မစ်ရွမ်နီအား ထရမ့်က ဝေဖန်ရှုတ်ချခဲ့သည်။
ရွမ်နီသည် အမေရိကန်နိုင်ငံရေးသမား နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အထက်လွှတ်တော်တွင် ယူတားပြည်နယ်မှ အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေ သူဖြစ်သည်။ သူသည် ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ မက်ဆာချူးဆက်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် ရီပတ် ဘလီကန်ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရလေသည်။
ရွမ်နီသည် သမ္မတလောင်းအဖြစ် အမည် စာရင်း တင်သွင်းခံခဲ့ရသည့်တိုင်အောင် အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံရေးအကျိုးစီးပွား အတွက် ဘာသာရေးကို အသုံးချတတ်သူ တစ်ဦးလည်းဖြစ်ကြောင်း သမ္မတ ထရမ့်က ဝေဖန်ပြောကြားခဲ့သည်။
အောင်ပွဲခံနိုင်သူ သမ္မတ ထရမ့်သည် သူ့အား ဆန့်ကျင်ဘက်ပြု၍ သက်သေထွက်ဆို ခဲ့သော အထက်တန်းတာဝန်ရှိပုဂ္ဂိုလ်နှစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်တွင် ရာထူးမှ ဖယ်ရှားလိုက် ခြင်းမှာလည်း အံ့အားသင့်စရာဖြစ်ရပြန်သည်။ ထိုသို့ရာထူးဖယ်ရှားခံရသူနှစ်ဦးမှာ ဥရောပ သမဂ္ဂ(အီးယူ)ဆိုင်ရာ အမေရိကန်အထူးသံတမန် ဂေါ်ဒွင်ဆောင်းလန်းနှင့် အမေရိကန်အစိုးရ အဖွဲ့၏ ယူကရိန်းရေးရာထိပ်တန်းကျွမ်းကျင် သူပညာရှင် ဒုတိယဗိုလ်မှူးကြီး အလက်ဇန်းဒါး ဗိုင်းမင်းတို့ ဖြစ်ကြသည်။
ရာထူးရာခံအပြောင်းအလဲ
သမ္မတ ထရမ့်အား ဖေဖော်ဝါရီ ၅ ရက်တွင် တရားသေလွှတ်ပေးလိုက်ပြီးနောက် အိမ်ဖြူ တော်၏ ရာထူးရာခံအပြောင်းအလဲလုပ်ဆောင် ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဗိုင်းမင်း၏ အမြွှာညီအစ်ကိုတော်စပ်သူ ယက်ဂျင်းနီဗိုင်းမင်း ကိုလည်း ရာထူးမှဖယ်ရှားခဲ့သည်။ သူသည် အမျိုးသားလုံခြုံရေးကောင်စီ၏ အကြီးတန်း ရှေ့နေတစ်ဦးဖြစ်ပြီး ၎င်းကို ကြည်းတပ်ဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ဗိုင်းမင်းကို ဖယ်ရှားလိုက်ရခြင်းအတွက် မိမိစိတ်မကောင်းပါဟု သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၇ ရက်အစောပိုင်းတွင် ပြောကြား ခဲ့ပြီး ယင်းမှာ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာသည့်သဘောတရားအတိုင်း ဖြစ်သည် ဟု အိမ်ဖြူတော်ပြန်ကြားရေးဝန် စတီဗင်ဂရီရှန် က ထုတ်ဖော်ပြောဆိုခဲ့သည်။
သမ္မတ ထရမ့်အား လွှတ်တော်တွင် စွဲချက် တင်တရားစီရင်မှု၌ ဗိုင်းမင်းသည် အခရာကျ သော သက်သေတစ်ဦးဖြစ်ခဲ့သည်။ စွဲချက် အားလျော်စွာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း၏ အဓိကအချက်အဖြစ် ယူကရိန်းအရှုပ်တော်ပုံ တွင် ဇူလိုင် ၂၅ ရက် ဖုန်းဆက်ပြောဆိုချက် အတွင်း ဗိုင်းမင်းသည် ကိုယ်တွေ့ကြားသိခဲ့ရ သူဖြစ်သည် ဆို၏။
အမျိုးသားလုံခြုံရေးကောင်စီမှ ဖယ်ရှားခံ လိုက်ရသူ ဒုတိယဗိုလ်မှူးကြီး အလက်ဇန်းဒါး ဗိုင်းမင်းသည် မှန်ရာကို သစ္စာဆို၍ ပြောဆိုခဲ့သူ သာဖြစ်ကြောင်း သူ၏ဂုဏ်သိက္ခာ၊ အမှန်တရား အတွက် သူ့ကို မိမိတို့အလေးထားရမည်သာ ဖြစ်ကြောင်း ဗိုင်းမင်း၏ရှေ့နေက တုံ့ပြန်ပြောဆို ခဲ့သည်။
အလက်ဇန်းဒါးဗိုင်းမင်းသည် အမျိုးသား လုံခြုံရေးကောင်စီတွင် ယူကရိန်းရေးရာ ကျွမ်းကျင်သူပညာရှင်တစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး သမ္မတ ထရမ့်အား တရားစီရင် စစ်ဆေးမှုတွင် အဓိကသက်သေတစ်ဦးအဖြစ် မားမားမတ်မတ် ရပ်တည်ခဲ့လေရာ သမ္မတ ထရမ့်မှာ တောက်တစ်ချက်ချက်ထွက်ခဲ့ရသည်။
သမ္မတ ထရမ့်အား တရားစီရင်စစ်ဆေး မှုကို ဇန်နဝါရီ ၂၁ ရက်တွင် အစပြုခဲ့သည်။
စွဲချက်နှစ်ခုတင်ခဲ့
သမ္မတ ထရမ့်ကို တရားစီရင်စစ်ဆေးနိုင် ရန် တရားလိုများအဖြစ် ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များ (ဝါ) ပါလီမန်အသုံးအနှုန်းအရ “မန်နေဂျာများ”ဖြစ်သည့် အောက်လွှတ်တော် အမတ်ခုနစ်ဦးအနက် ခေါင်းဆောင်ဖြစ်သူ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ အဒမ်ရှစ်ဖ်က သမ္မတအပေါ် စွဲချက်နှစ်ခု တင်ခဲ့လေသည်။
သမ္မတ ထရမ့် ရင်ဆိုင်နေရသော ပထမ စွဲချက်မှာ အာဏာအလွဲသုံးမှုဖြစ်ပြီး ဒုတိယ စွဲချက်မှာ ပါလီမန်လုပ်ငန်းများကို ပိတ်ပင် တားဆီးမှုဖြစ်သည်။ သမ္မတ ထရမ့်သည် ရာထူးအာဏာပါဝါအလွဲသုံးခြင်း ဟူသော စွဲချက်နှင့် ကွန်ဂရက်လွှတ်တော်၏လုပ်ငန်းများ အထစ်အငေါ့ဖြစ်စေရန် တားဆီးပိတ်ပင်မှုပြု လုပ်ခြင်း ဟူသောစွဲချက်တို့အရ အပြစ်တင်ထိုက် သည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် အောက်လွှတ် တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
သမ္မတက အာဏာအလွဲသုံးမှုအဖြစ် အမေရိကန် - ယူကရိန်း အရှုပ်တော်ပုံကို အောက်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုလုပ်ငန်း စဉ်အတွင်း ကိုးကားခဲ့ကြသည်။
သမ္မတ ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲ တွင် သူ၏အဓိကပြိုင်ဘက်ဖြစ်လာနိုင်ဖွယ် ရှိသော ဂျိုးဘိုင်ဒင်နှင့် ဘိုင်ဒင်၏သားဖြစ်သူ ဟန်တာဘိုင်ဒင်တို့နှင့်ပတ်သက်၍ စုံစမ်းဖော် ထုတ်ပေးရန် ယူကရိန်းသမ္မတသစ်အား ဖိအားပေးလိုသည့်သဘောဖြင့် ကွန်ဂရက် လွှတ်တော်က အတည်ပြုပြီးဖြစ်သော စစ်ရေး အကူအညီ ဒေါ်လာသန်း ၄၀၀ ခန့် ထုတ်ပေး ရေးကိစ္စတွင် နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်ခဲ့သည်ဆို၏။
သမ္မတ ထရမ့်ကိုယ်တိုင်ကမူ မိမိအနေဖြင့် တစ်စုံတစ်ရာအမှားအယွင်းမလုပ်ခဲ့ပါဟု ဆို သည်။ သို့ရာတွင် ယူကရိန်းအရှုပ်တော်ပုံမှာ သူ့အား အထိနာစေသော အာဏာဖောက်လွဲ ဖောက်ပြန်လုပ်ရပ်အဖြစ် ဒီမိုကရက်တို့က စွပ်စွဲပြစ်တင်ခဲ့ကြလေသည်။
နိုင်ငံရေးအကျိုးစီးပွား
အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် အညီ ဆောင်ရွက်ခြင်းမရှိဘဲ မိမိ၏နိုင်ငံရေး အကျိုးစီးပွားအလို့ငှာ ယူကရိန်းအစိုးရအပေါ် ဖိအားပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် အမေရိကန်ကွန်ဂရက် က အတည်ပြုထားပြီးဖြစ်သော ယူကရိန်းထံ စစ်ရေးအကူအညီပေးရေးအစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားရန် သမ္မတ ထရမ့်က ညွှန်ကြားခဲ့ သည်။ သမ္မတ ထရန့်သည် ယူကရိန်းသမ္မတ ထံသို့ တယ်လီဖုန်းဆက်သွယ်ပြောဆိုခြင်း မရှိမီ စစ်ရေးအကူအညီပေးရေးအစီအစဉ်ကို ဆိုင်းငံ့ထားရန် စီစဉ်ခဲ့သည်ဆို၏။
ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၏သား ဟန်တာဘိုင်ဒင်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် ပေးရန် ယူကရိန်းသမ္မတအား သမ္မတ ထရမ့်က ဖုန်းဆက်သွယ်မှုအတွင်း တိုက်တွန်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ယူကရိန်းသမ္မတသစ်အား ဖိအားပေးလို သည့်သဘောဖြင့် စစ်ရေးအကူအညီပေးမှုကို ဆိုင်းငံ့ထားခဲ့ခြင်းသည် အာဏာအလွဲသုံးမှု အဖြစ် ဒီမိုကရက်အမတ်များက ရှုမြင်ကြ သည်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရုရှားမဟုတ်မူ၍ ယူကရိန်းက ကြားဝင် စွက်ဖက်ခဲ့သည် ဟူသော နိုင်ငံရေးအရ လုပ်ကြံ ထိုးနှက်ချက်တစ်ရပ်ကို အောက်လွှတ်တော် က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
သမ္မတ ထရမ့်သည် ၂၀၂၀ ရွေးကောက် ပွဲတွင် ပြန်လည်ရွေးချယ်တင်မြှောက်ခံရရေး အတွက်ရည်ရွယ်ကာ ပြိုင်ဘက်အပေါ် ထိုးနှက် နိုင်မည့် အားနည်းချက်များကို ရှာဖွေခြင်း ဟုတ်၊ မဟုတ် ကြားနာစစ်ဆေးခဲ့ကြသည်။
သမ္မတ ထရမ့်၏ အပေါင်းအဖော်များဖြစ် ကြသော ရီပတ်ဘလီကန်များ လွှမ်းမိုးသည့် အထက်လွှတ်တော်က အာဏာအလွဲသုံးမှု စွဲချက်အတွက် ထောက်ခံမဲ ၅၂ မဲ - ကန့်ကွက် မဲ ၄၈ မဲဖြင့်လည်းကောင်း၊ ကွန်ဂရက်လွှတ် တော်၏ လုပ်ငန်းဆောင်တာများကို တားဆီး ပိတ်ပင်မှုစွဲချက်အတွက် ထောက်ခံမဲ ၅၃ မဲ - ကန့်ကွက်မဲ ၄၇ မဲဖြင့်လည်းကောင်း မဲပေး ဆုံးဖြတ်ခဲ့ခြင်းဖြင့် သမ္မတ ထရမ့်မှာ တရားသေ လွှတ်ခြင်းသို့ ရောက်ရှိခဲ့သည်။
ပထမဆုံးအကြိမ်
အာဏာရ လက်ရှိသမ္မတတစ်ဦး လွှတ် တော်တွင် တရားစီရင်စစ်ဆေးခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ တရားသေ လွှတ်ခံခဲ့ရသော သမ္မတတစ်ဦး လာမည့်ရွေး ကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံရရေး အတွက် ကြိုးပမ်းနိုင်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ပေလိမ့်မည်။
အထက်လွှတ်တော်တွင် ဖေဖော်ဝါရီ ၅ ရက်က သမိုင်းဝင်မဲခွဲဆုံးဖြတ်ချက်အရ သမ္မတ ထရမ့်အား ရာထူးမှဖယ်ရှားခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။ မဲပေးဆုံးဖြတ်ရာ တွင် ပါတီ၏ မူဝါဒနှင့်အညီ ရီပတ်ဘလီကန် အမတ်များက တစ်ခဲနက်ရပ်တည်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် သမ္မတတစ်ဦးအား ရာထူးမှဖယ်ရှားရေး လုပ်ဆောင်ရာတွင် ခက်ခဲပုံကို ဖော်ကျူးလျက်ရှိပေသည်။
သမ္မတတစ်ဦးအား စွဲချက်တင် တရား စီရင်စစ်ဆေးမှုကို ပြုလုပ်နိုင်သည့်တိုင်အောင် အမတ်အများစုအနေအထား ရရှိထားပါက စွဲချက်များမှ ကျော်လွှားလွန်မြောက်နိုင်ပုံကို သိကြားစေ သက်သေညွှန်းလိုက်နိုင်သူမှာ သမ္မတ ထရမ့်ဖြစ်သည်။
သူလိုလူ ဇမ္ဗူမရှိ
အထက်လွှတ်တော်တွင် တရားစီရင် စစ်ဆေးခဲ့ရာတွင် သက်သေအထောက်အထား များရယူခြင်းမရှိဘဲ တရားစီရင်စစ်ဆေးခဲ့ သည်ဟု ဒီမိုကရက်တို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ယင်းသို့ဆောင်ရွက်ချက်သည် မကောင်းသော အစဉ်အလာတစ်ရပ်ကိုဖြစ်စေ နိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။ သမ္မတ ထရမ့် သည် တရားစီရင်စစ်ဆေးခံရမှုတွင် သူဖြစ်စေ ချင်သလိုဖြစ်ခဲ့သော်လည်း တရားစွဲဆိုခံရ သော သမ္မတတစ်ဦးအဖြစ် သမိုင်းမှတ်တမ်း ဝင်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ပယ်လိုစီသည် ဖေဖော်ဝါရီ ၄ ရက်က နိုင်ငံ တော်အခြေပြမိန့်ခွန်းပြောကြားခဲ့သူ သမ္မတ ထရမ့်၏ မိန့်ခွန်းစာသား မိတ္တူစာလွှာ တစ်စုံကို အများသူငါရှေ့မှောက် ဆုတ်ဖြဲ ပြသခဲ့ခြင်းဖြင့် ရင်တွင်းခံစားချက်အား ဖော်ထုတ်ခဲ့ပုံကို ကျွန်ုပ်အလေးမူမိရင်း “သူလိုလူဇမ္ဗူမရှိ” ဟု ကျူးရင့်မိပါ သတည်း။ ။
Ref: Trump acquitted by Senate in impeachment trial (BBC)