မြန်မာ - ရုရှားဆက်ဆံရေးနှင့် ဗဟုဝင်ရိုးကမ္ဘာ
ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အင်အားကြီးနိုင်ငံများကသာ ကမ္ဘာ့အရေးအရာများကို အဆုံးအဖြတ်ပြုကြပြီး ကမ္ဘာကြီးကို ပုံသွင်းဖန်တီးခဲ့ကြခြင်းဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်၊ စီးပွားရေးအင်အားနှင့် စစ်ရေးအင်အား ပိုင်ဆိုင်ထားရှိမှုအပေါ် လိုက်၍ အင်အားကြီးနိုင်ငံ သို့မဟုတ် နိုင်ငံငယ် စသည်ဖြင့် အဆင့်ခွဲခြားသတ်မှတ်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ အင်အား ပိုင်ဆိုင်မှု အဆင့်အတန်းက နိုင်ငံတကာဆက်ဆံရေးနယ်ပယ် တွင် အရေးပါသည်။ ထို့အပြင် နိုင်ငံတကာဆက်ဆံရေးသည် လူသားတိုင်း၏ နေ့စဉ်ဘဝများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ပတ်သက်ဆက်နွှယ်နေသည့်အလျောက် လူတိုင်းက နားလည် ထားကြရန်နှင့် လေ့လာကြရန်လည်း လိုအပ်သည်။