၂၁ ရာစု နိုင်ငံတကာ အခင်းအကျင်းတွင် အာရှတိုက်သည် ကမ္ဘာ့ နိုင်ငံရေးနှင့် စီးပွားရေးတို့၏ အချက်အချာဖြစ်လာသည်။ အာဆီယံ ၁၀ နိုင်ငံအနက် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့၏ အဆက်အစပ်နေရာတွင် တည်ရှိနေခြင်း၊ အာရှ၏ အင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံတို့အကြားတွင် နယ်နိမိတ်များထိစပ်၍ တည်ရှိနေခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေကြောင်းလမ်းတွင် အရေးပါသည့် မာလက္ကာရေလက်ကြားကို ထိန်းချုပ်နိုင်သည့် နေရာတွင် တည်ရှိနေခြင်းတို့ကြောင့် မဟာ ဗျူဟာအရ အချက်အချာကျသည့်နိုင်ငံ ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် ရေ၊မြေ သယံဇာတ၊ သစ်တော၊ ဓာတ်သတ္တု၊ ကျောက်မျက်သယံဇာတတို့ ပေါများကြွယ်ဝသည့် နိုင်ငံလည်းဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံသည် လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်ရှိသော တရုတ်နိုင်ငံ၊ လူဦးရေသန်းပေါင်း ၁၂၀၀ ကျော်ရှိသော အိန္ဒိယနိုင်ငံ၊ လူဦးရေ ၁၆၅ သန်းကျော်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လူဦးရေ သန်း ၇၀ ကျော်ရှိသော ထိုင်းနိုင်ငံ တို့နှင့် နယ်နိမိတ်ထိစပ်နေရာ လာအိုနိုင်ငံမှလွဲ၍ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများမှာ မြန်မာနိုင်ငံထက် လူဦးရေ ပိုမိုများပြား ကြသည်။ ပထဝီနိုင်ငံရေးအရ လူဦးရေ၏ ပမာဏနှင့်သိပ်သည်းမှု တို့မှာ နိုင်ငံတစ်ခု၏ အင်အားကိုတွက်ချက်ရာတွင် အခြေခံကျ သည့်အတွက် လူဦးရေနည်းပြီး လူနေသိပ်သည်းဆကျဲသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် အင်အားကိုအခိုင်အမာတည်ဆောက် ထားရမည်ဖြစ်သည်။ တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှု၊ စီးပွားဓနဥစ္စာ တောင့်တင်းခိုင်မာမှု၊ ကာကွယ်ရေးအင်အား ခေတ်မီတောင့်တင်းခိုင်မာမှုတို့ကို မဖြစ်မနေတည်ဆောက်ထား မှသာ တန်းတူရည်တူ ရပ်တည်နိုင်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများမှာ ပြည်ပနိုင်ငံများက အုပ်စုဖွဲ့၍ လူ့အခွင့်အရေး အကြောင်းပြကာ ဖိအားပေးမှုများ၊ ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုများ၊ နိုင်ငံအတွင်း မတည်မငြိမ်မှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်မှု၊ ကူညီထောက်ပံ့မှုများ ဖြစ်ပြီး ပြည်တွင်းမှ လိုက်ပါလုပ်ဆောင်မှုများ၊ အကြမ်းဖက် အဖျက်လုပ်ငန်းများပင် ဖြစ်သည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို လမ်းမှန်ကမ်းမှန်ဖြစ်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ လုံခြုံရေးနှင့် အကြမ်းဖက်အဖျက်လုပ်ငန်းများအား နှိမ်နင်းကာ တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလသည် အရေးပေါ်ကာလဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များ ပြည့်စုံအောင်၊ အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်နေရသည့်အချိန်လည်း ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်တွင် အစိုးရအဖွဲ့များမှာ သက်တမ်း အလိုက်သာ တည်ရှိကြပြီး ပြောင်းလဲကြရမည်သာ ဖြစ်သည်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်နှင့် ပြည်သူ လူထုလုံခြုံရေးအတွက် တပ်မတော်သည် ပြောင်းလဲဖြစ်ပေါ်နေ သည့် ကမ္ဘာ့အခြေအနေ၊ ဒေသတွင်းအခြေအနေများနှင့်အညီ လိုက်ပါပြောင်းလဲကာ စွမ်းရည်ထက်မြက်ပြီး အင်အား တောင့်တင်းခိုင်မာသည့် ခေတ်မီတပ်မတော်အဖြစ် ထာဝစဉ် တည်ရှိနေရမည်သာ ဖြစ်ပါကြောင်း။ ။