
ခင်မောင်ညို (ဘောဂဗေဒ)
================
သင်၏ အခြားသူများကို ရှုမြင်ပုံ
===============
အကောင်းရှာသူများ
နှစ်အတန်ကြာက ကိုယ်ထူးကိုယ်ချွန် သန်းကြွယ်သူဌေး ၁၀၀ နှင့် ပတ်သက်၍ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့သည် အသက် (၂၁) နှစ်အရွယ်မှ အသက် (၇၀) ကျော်အထိရှိပြီးလျှင် သူတို့၏ ပညာရေးအခြေအနေမှာလည်း အခြေခံပညာအဆင့်မှ ပါရဂူအဆင့် အထိရှိကြသည်။ အခြားသော အရည်အသွေးများကလည်း သိသိ သာသာ ခြားနားကြသည်။ ဥပမာ-သူတို့ထဲမှ ၇၀ ရာခိုင်နှုန်းသည် လူဦးရေ ၁၅၀၀၀ ထက်နည်းသည့် မြို့ငယ်များမှ ဖြစ်ကြသည်။ သို့သော်လည်း သူတို့မှာရှိသော တူညီသည့်အရာတစ်ခုမှာ အကောင်းမြင်တတ်သူ၊ အကောင်းရှာတတ်သူများ ဖြစ်ကြသည်။ မည်သည့်အခြေအနေမျိုး၌ မဆို အခြားသူများနှင့်ပတ်သက်၍ အကောင်းဘက်က ရှုမြင်နိုင်ကြသည်။
ခင်ဗျားအနေဖြင့် ကလေးငယ်တစ်ယောက်အကြောင်းကို ကြားဖူးလိမ့်မည်ဟု ထင်ပါသည်။ သူက ဒေါသထွက်ပြီးလျှင် သူ့အမေ ကို မုန်းကြောင်းပြောပြသည်။ ထို့နောက် ပြစ်ဒဏ်ပေးခံရမှာကို ကြောက်သဖြင့် အိမ်အပြင်ပြေးထွက်ပြီးလျှင် တောင်ကြားထဲသို့ “ငါမင်းကို မုန်းတယ်၊ ငါမင်းကိုမုန်းတယ်၊ ငါမင်းကိုမုန်းတယ်”ဟု အော်လိုက်သည်။ ထိုတောင်ကြားထဲမှ ပဲ့တင်သံများကလည်း “ငါမင်း ကိုမုန်းတယ်၊ ငါ မင်းကို မုန်းတယ်၊ ငါမင်းကို မုန်းတယ်”ဟု ပြောလာ သည်။ ထိုအခါ ကလေးငယ်ကြောက်လန့်ပြီး အိမ်သို့ ပြန်ခဲ့သည်။ တောင်ကြားထဲမှာ “သူ့ကိုမုန်းတယ်”ဟုအော်သည့် ကလေး တစ်ယောက်ရှိကြောင်းကို ပြောပြသည်။ သူ့အမေက တောင်ဘေးသို့ ပြန်ခေါ်သွားပြီးလျှင် “မင်းကိုငါချစ်တယ်၊ မင်းကိုငါချစ်တယ်” ဟု အော်ခိုင်းသည်။ ကလေးကလည်း သူ့အမေပြောသလို လုပ်လိုက်သဖြင့် ယခုအခါ၌ တောင်ကြားထဲရှိကလေးက “မင်းကို ငါချစ်တယ်” “မင်းကို ငါချစ်တယ်” ဟု ပြန်အော်သံကို ကြားရသည်။
ဘဝဆိုသည်မှာလည်း ပဲ့တင်သံတစ်ခုပင် ဖြစ်သည်။ ခင်ဗျား လွှတ်လိုက်သည့် အရာများသာလျှင် ခင်ဗျားထံသို့ ပြန်ရောက်လာသည်။ ခင်ဗျားစိုက်ပျိုးထားသည့်အရာကို ခင်ဗျားရိတ်သိမ်းရသည်။ ခင်ဗျားပေးသည့်အရာကို ခင်ဗျားရမည်။ သူများဆီမှာ ခင်ဗျားမြင်နေရ သည့် အရာများသည် ခင်ဗျား၏ ကိုယ်ထဲမှာလည်း ရှိနေကြသည်။ ခင်ဗျားဘာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ဘဝ၏နယ်ပယ်အသီးသီး၌ ဆုလာဘ်များကို ရယူနိုင်ရန် ရှာဖွေရမည်။ ထိုဥပဒေကို ဘဝနေနည်း နှင့်ပတ်သက်၍ ရွှေရောင်စည်းမျဉ်းတစ်ခုအဖြစ် လက်ခံကျင့်သုံးရမည်။
ခင်ဗျားက လူများအား သူတို့ကိုမြင်သည့်အတိုင်းပင် ဆက်ဆံ သည်မှာ ပရမတ္တသစ္စာတစ်ခုလို ဖြစ်သည်။ ခင်ဗျားအနေဖြင့် လူအများ ၏ ကောင်းသည့်အပိုင်းများ၊ အစွမ်းအစများကိုတွေ့ခဲ့လျှင် ခင်ဗျားက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်မည်။ သူတို့လည်း ပို၍ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လာမည်။ ထို့ကြောင့် အကောင်း ရှာတတ်သည့် သူတစ်ယောက်ဖြစ်ရန် စီးပွားရေးရှုထောင့်က ကြည့်လျှင်လည်းမှန်ပြီး လူသားလည်းဆန်သည်။
လမင်းကို အောက်ဆွဲမချပါနှင့်
လူအများစုအနေဖြင့် အခြားသူတို့၏ အကောင်းများကို တွေ့မြင်သည့်အခါ လျှို့ဝှက်ချက်တစ်ခုလိုပင် သိမ်းဆည်းထားတတ်ကြ သည်။ သို့သော် တက္ကဆပ်ပြည်နယ် ဘေးစီးတီး အထက်တန်းကျောင်း ကတော့ ထိုသို့မဟုတ်ပေ။ ၁၉၇၆ ခုနှစ် အောက်တိုဘာလတွင် ကျောင်းအုပ်ကြီး ဂျိုးပရေဟမ်၏ အပြည့်အဝအားပေးမှုဖြင့် ဘေရီ တက်ကာက ချီးကျူးထိုက်သူ၊ အသိအမှတ်ပြုသင့်သူ ကျောင်းသား များအား အသိအမှတ်ပြုသည့် အစီအစဉ်သစ်တစ်ခုကို စတင်ခဲ့သည်။ ၎င်းတို့အနေဖြင့် တာဝန်သိသည့် အပြုအမှုများ၊ သဘောထားများ ရှိသော်လည်း ယခင်က သတိမထားမိဘဲ ရှိနေခဲ့သည်။ ထိုပညာသင်နှစ် အတွင်း၌ ကျောင်းသားအယောက် ၅ဝဝ သည် သူတို့၏ အစွမ်းအစ များနှင့် သဘောထားများအတွက် ဆရာများ၏ အသိအမှတ်ပြုခြင်း ခံရသည်။ မစ္စတာတက်ကာက အောက်ပါရလဒ်များကို ဖော်ပြပေးခဲ့သည်။
(၁) ကျောင်းသားကောင်းများကို အသိအမှတ်ပြုနိုင်ခဲ့သည်။
(၂) အဆိုးလုပ်မှသာမဟုတ်ဘဲ အကောင်းများလုပ်လျှင်လည်း အသိအမှတ်ပြုခံရမည် ဖြစ်ကြောင်းကို ကျောင်းသားများက သဘောပေါက်သွားကြသည်။
(၃) ကျောင်းအုပ်ကြီးက လူမြင်မှသာ မှတ်မိခြင်းမဟုတ်တော့ဘဲ နာမည်ကိုပါ မှတ်မိသည့်အဆင့်ရောက်လာသည်။
(၄) ကျောင်းသားများ၏ သဘောထားသည်လည်း သိသိသာသာ
တိုးတက်ခဲ့ပြီး သူတို့ အသိအမှတ်ပြုခံလာရသည်ကို ကျေနပ် ကြသည်။
(၅) အတန်းထဲရှိ ကျောင်းသားများ၏ ကောင်းမွန်သည့် စရိုက် လက္ခဏာများကို ဂရုတစိုက် ကြည့်မြင်စေရန် ဆရာများအား တွန်းအားပေးရာလည်းရောက်သည်။
ကျောင်းသားများအနေဖြင့် မစ္စတာတက်ကာ၏ ရုံးခန်းသို့ရောက် လာသည့်အခါ ပထမဆုံးမေးမြန်းသည့် မေးခွန်းအများစုမှာ “ကျွန်တော် ဘာအမှားများ လုပ်မိလို့လဲ”ဟုဖြစ်ပြီး အဆိုးတွေ လုပ်မိခဲ့လို့ဟုသာ ထင်တတ်ကြသည်။
လွန်ခဲ့သည့် လေးနှစ်ခန့်က ကျွန်တော်သည် တက္ကဆပ်ပြည်နယ် ဒဲလက်စ်မှ အောင်မြင်တက်ကြွသည့် ဝေါ်တာဟေလီဆိုသူနှင့် တွေ့ဆုံခဲ့ သည်။ သူနှင့်ကျွန်တော် တွေ့ကြပုံကို မည်သည့်အခါမျှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝေါ်တာနှင့် ကျွန်တော်တို့သည် တစ်ယောက်နှင့်တစ်ယောက် ချက်ချင်းအပေးအယူမျှသွားကြသည်။ ခဏတာမျှ အတူတူလည်ပတ်ကြပြီးသည့်အခါ သူက အာမခံလုပ်ငန်းတွင် လုပ်ကိုင်နေပြီး ၎င်းလုပ်ငန်းကို တိုင်းပြည်တစ်ဝန်းရှိ ထောင်ပေါင်းများစွာ သော လွတ်လပ်သည့် ကုန်စိမ်းဆိုင်များမှတစ်ဆင့်ဖြတ်ကျော်ရန် ကြံစည်နေကြောင်း ပြောပြသည်။ ကုန်စိမ်းဆိုင်များကို အခြေခံစခန်းများ အဖြစ် သူကအသုံးပြုမည် ဖြစ်သည်။
ကုန်စိမ်းဆိုင်တစ်ဆိုင်ကို ဝင်မိကြသည့်အခါ သူက တယ်လီဖုန်း ဘေးမှ လူတစ်ယောက်ကို ပြောလိုက်သည်။ “ခင်ဗျားဟာ ဘယ်လောက် တောင်ကောင်းတဲ့ အလုပ်မျိုးကို ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော် ခင်ဗျားကို ပြောပြချင်နေတာ။ သူတို့ခေါ်လိုက်လျှင် ဝမ်းမြောက်တယ်လို့ လူတွေက ထင်လာအောင် ခင်ဗျားက လုပ်နေတယ်”ဟု ပြောလိုက်သည်။ ထိုလူက အားရပါးရပြုံးလိုက်ပြီးလျှင် “ကျေးဇူးတင်ပါတယ်၊ ကျွန်တော် တို့ကြိုးစားလုပ်နေတာကလည်း ဒါပါပဲ”ဟု ပြောလိုက်သည်။ နောက်ပြီး ကျွန်တော်တို့က ဌာနတစ်ခုကို ဖြတ်သွားမိသည့်အခါ မစ္စတာဟေလီက သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီးလျှင် “ခင်ဗျားကို ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ဌာနကိုတော့ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ခင်ဗျားကို ကျွန်တော် အသိပေးချင်တာက ဒီဌာနကို ရောက်လာကတည်း က ဘာမျှတိုင်တာ တောတာတွေ မကြားရသေးဘူး။ ခင်ဗျားရဲ့ ကျေးဇူး ကြောင့်ပဲဆိုတာကို ကျွန်တော် နားလည်ပါတယ်”ဟု ပြောသည်။ ထိုသူ က ပြုံးပြီး “ကျေးဇူးတင်ပါတယ်၊ မစ္စတာဟေလီ၊ ကျွန်တော် တတ်နိုင် သမျှ အကောင်းဆုံးဆောင်ရွက်နေပါတယ်”ဟု ပြန်ပြောသည်။
ကျွန်တော်တို့ အပေါ်ထပ်ကို တက်သွားကြပြန်သည်။ ရုံးခန်း တွင်းသို့ရောက်သည့်အခါ သူက “ငါတွေ့ဖူးသမျှထဲမှာ အတော်ဆုံး၊ အကြီးကျယ်ဆုံးအတွင်းရေးမှူးနဲ့ မင်းကို မိတ်ဆက်ပေးချင်လိုက်တာ” ဟု ပြောသည်။ ထို့နောက် အတွင်းရေးမှူးဘက်သို့လှည့်ပြီး မင်းကို ငါ့မိန်းမအကြောင်း မပြောရသေးဘူးလို့ထင်တယ်။ သူက မင်းဟာ လမင်းကြီးကို ဖက်ထားတယ်လို့ ထင်တယ်။ နောက်ပြီး အဲဒီလမင်းကြီး ကို ဆွဲချချင်တဲ့အချိန်မှာ အောက်ကိုချနိုင်တယ်လို့လည်း ထင်နေတယ်။ ဒါပေမဲ့ ငါမင်းကို ပြောပါရစေကွာ။ လမင်းကြီးကိုတော့ အောက်ကို ဆွဲမချပါနဲ့”ဟု ပြောလိုက်သည်။ သူမလည်း ပြုံးပြီး “အဲဒီလို ကြားရတာ ဝမ်းသာပါတယ်”ဟု ပြောလိုက်သည်။
ခရီးစဉ်တစ်ခုလုံးမှာ သုံးမိနစ်ခန့်သာကြာသည်။ သို့သော် ဝေါ်တာဟေလီက လူတိုင်းကို တစ်ခုခုပေးဖြစ်ခဲ့သည်။ သူနှင့်စတွေ့ စဉ်ကထက် ပို၍ကောင်းသော၊ တော်သောသူများအဖြစ် ချန်ထားရစ် ခဲ့သည်။ ရိုးရိုးသားသား ချီးကျူးခြင်းဖြစ်ပြီး ထိုသို့ ချီးကျူးခဲ့သည့် အတွက်လည်း သူတို့၏ အလုပ်တွင် လည်းကောင်း၊ သူတို့ကုမ္ပဏီ အတွက်လည်းကောင်း စိတ်အားထက်သန်မှုများကို ဖြစ်ပေါ်လာစေ သည်။ ထို့ကြောင့် ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် စွမ်းဆောင်ရည်အပြည့်ဖြင့် အလုပ်လုပ်နိုင်ကြသည်။ ထိုခရီးစဉ်အဆုံး တွင် ဝေါ်တာဟေလီကိုယ်တိုင်လည်း ပို၍ နေရထိုင်ရကောင်းလာမည် ဖြစ်ကြောင်းကို အာမခံပါသည်။ ခင်ဗျားလည်း ထို့အတူပင် ဖြစ်ပါလိမ့် မည်။ ခင်ဗျားကိုယ်တိုင် အကျိုးမရှိဘဲနှင့် အခြားသူတစ်ယောက်ကို ကောင်းတာပြောဖို့၊ သူ့ဘဝကို မြှင့်တင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါ။ အခြားသူတို့၏ဘဝကို မြှင့်တင်ပေးခြင်းအားဖြင့် ခင်ဗျားလည်း သေချာပေါက် အကျိုးရှိနိုင်ပါသည်။
ပြဿနာ
ကျွန်တော်၏ စိတ်ထဲမှာ ကြာရှည်စွာစွဲမြဲနေခဲ့သည့် ဇာတ်လမ်း တစ်ပုဒ်ရှိသည်။ ငါးနှစ်အရွယ် သမီးငယ်တစ်ယောက်က ခရစ်ယာန် ကျောင်းတော်၌ ဂီတနှင့်ဖျော်ဖြေရာတွင် အလွန်ပြောင်မြောက်သည်။ သူ၏အသံသည် အလွန်သာယာသည်။ ထို့ကြောင့် သူမငယ်စဉ် ကတည်းကပင် တစ်ချိန်ချိန်၌ ထူးချွန်ပြောင်မြောက်သူ ဖြစ်လာ လိမ့်မည်ဟု ဟောကိန်းထုတ်ထားကြသည်။ သူမကြီးပြင်းလာသည့် အခါ၌ ဘုရားကျောင်းများ၊ လူမှုရေးပွဲလမ်းသဘင်များ၌ တေးသီချင်း ဆိုရန် တောင်းဆိုခံရသူ ဖြစ်လာသည်။ သို့သော်စနစ်တကျသင်ယူရန် လိုအပ်နေသည်ကို သဘောပေါက်သည့် မိသားစုက ထင်ရှားသည့် ဂီတဆရာတစ်ယောက်ထံသို့ ပို့သည်။ ထိုဂီတဆရာအနေဖြင့် အခြားသူများထက် သူ၏ အနုပညာအကြောင်းကို ပို၍နားလည် သည်။ ဂီတဆရာက အစစအရာရာ ပြည့်စုံတိကျသူဖြစ်သဖြင့် သူ့ အနေဖြင့် အကောင်းဆုံးကြိုးစားရန်ကို တစ်ချိန်လုံး ဖိအားပေးနေ သည်။ သူ့အနေဖြင့် အနည်းငယ်လွဲချော်သွားခဲ့လျှင်ပင် အသေးအဖွဲ ကစ၍ အမှားအယွင်းများကို ဂရုတစိုက် ပြင်ပေးလေ့ရှိသည်။ ကာလ ကြာလာသည့်အခါတွင် သူသည် ဆရာဖြစ်သူကို အလွန်သဘောကျ အားကိုးလာခဲ့သည်။ အသက်အရွယ် ကွာခြားသော်လည်း ချီးကျူး သည်ထက် ဝေဖန်ပြုပြင်ပေးတတ်သော ထိုပုဂ္ဂိုလ်ကို ချစ်ကျွမ်းဝင်သွား ပြီးလျှင် မကြာမီ၌ သူတို့လက်ထပ်ခဲ့ကြသည်။ ခင်ပွန်းအဖြစ်နှင့်လည်း သူ့ကို ဆက်လက်သင်ကြားပေးခဲ့သည်။ သို့သော် သူ၏အသံမှာ မူလ သဘာဝကျကျ အသံမျိုးကဲ့သို့ မဟုတ်တော့ဘဲ တောင့်တင်းမာကျောနေ ပြီး စိတ်လှုပ်ရှားစရာအသံမျိုး ဖြစ်မလာတော့ပေ။ ထို့ကြောင့် သီချင်းဆိုရန် ဖိတ်ခေါ်သူပင် မရှိတော့ပေ။ ထို့နောက် သူ့ခင်ပွန်းဖြစ်သူ ဂီတဆရာလည်း ကွယ်လွန်သွားခဲ့ပြီးလျှင် နောင်နှစ်အနည်းငယ်အတွင်း ၌ သီချင်းလုံးဝမဆိုတော့ပေ။ သူသည် မိမိ၏အစွမ်းအစများ၊ ပါရမီ များကို အသုံးမချဘဲသာ ရှိနေခဲ့သည်။
နောက်မကြာမီ၌ အရောင်းသမားတစ်ဦးက သူနှင့်ချစ်ကျွမ်း ဝင်လာသည်။ တစ်ခါတစ်ရံတွင် သူ့ကို သီချင်းနည်းနည်းလောက် ဆိုပြရန် တောင်းဆိုသည်။ ထိုအခါ သူ့အသံ၏ သာယာပုံကို တအံ့ တသြ ဖြစ်နေတတ်သည်။ “မင်းဟာ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး အသံကို ပိုင်ဆိုင်နေတာပဲ”ဟု ပြောလိုက်သည်။ သူ၏ အသံကောင်း သည် ထူးခြားမှုရှိသည်ကို ၎င်းအနေဖြင့် လုံးဝမသိ။ သို့သော် ၎င်း သိသည်မှာ သူ့အသံကို အလွန်ကြိုက်နေခြင်းပင် ဖြစ်သည်။ ထိုသို့ ကြိုက်နှစ်သက်သည်ကိုလည်း ချီးကျူးဖော်ပြသည်။ ထိုအခါ သူ့ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ယုံကြည်လာခဲ့သည်။ သီချင်း ဆိုရန် ဖိတ်ခေါ်မှုများကိုလည်း ပြန်လည်ရရှိလာသည်။ နောင်အခါ၌ အကောင်းရှာတတ်သည့် ထိုသူကိုလက်ထပ်ပြီးလျှင် အောင်မြင်သည့် သူ၏ကိုယ်ပိုင်ဘဝကို တည်ဆောက်နိုင်ခဲ့သည်။
အချို့က ချီးကျူးမှုများသည် အလကားအဓိပ္ပာယ်မရှိဟု ပြောကြ သည်။ တကယ်တော့ ရိုးရိုးသားသား ချီးကျူးခြင်းသည် ရှိသမျှသင်ကြား နည်း၊ လှုံ့ဆော်နည်းများထဲတွင် အထိရောက်ဆုံးသော နည်းလမ်းဖြစ် သည်။ အချို့သူများအနေဖြင့် အဓိပ္ပာယ်မရှိ မြှောက်ပင့်နေခြင်းသာဟု ထင်ကောင်းထင်လိမ့်မည်။သို့သော် ကျွန်တော်တို့ ကားများ၏ တာယာ များကို လေဖြည့်မှ အသုံးဝင်သလို သူ့ကို အားပေးသောလေသည်လည်း ဘဝခရီးတစ်လျှောက်တွင် အသုံးဝင်စေသည်။ (ဆက်လက်ဖော်ပြပါမည်)
[ခင်မောင်ညို (ဘောဂဗေဒ)၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “သင်၏ အခြားသူများကိုရှုမြင်ပုံ” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း]
- Log in to post comments