ထိထိရောက်ရောက်

 

သိုက်စိုးထွန်း(နတ်ရွာ)

တစ်ခါတုန်းက သမုဒ္ဒရာတစ်ခုရဲ့ကမ်းစပ်မှာ လူတွေက နဂါးတွေကို ပူဇော်တယ်။ နဂါးစာကျွေးတယ်လို့လည်း ပြောနိုင်မှာပေါ့။ နို့တွေ၊ အသားငါးတွေအပြင် သေရည်တွေလည်းပါသတဲ့။ ဒါကိုမြင်တဲ့ ကျီးဖို၊ ကျီးမ စုံတွဲက နဂါးစာကျွေးထားတဲ့ အစားအသောက်တွေကို တစ်ဝကြီး စားကြသောက်ကြတာပေါ့။ စားသောက်တဲ့အထဲမှာ သေရည်တွေလည်းပါတော့ မူးမူးနဲ့ ဆော့ကစားဖို့၊ ရေချိုးဖို့လုပ်နေတုန်းမှာ ကျီးမက လှိုင်းထဲပါသွားပြီး  ငါးကြီးတစ်ကောင်က  ဟပ်သွားရောတဲ့။  ကျီးမ သေတော့ ကျီးဖိုကငို၊ ကျီးဖိုငိုသံကြားတော့ တခြားကျီးတွေက အုပ်လိုက်ကြီးရောက်လာ၊ ကျီးတွေရဲ့ထုံးစံအတိုင်း အိုးအိုးအာအာ ဆူဆူညံညံအသံတွေဟစ်ကြပြီး အစည်းအဝေးလုပ်ကြသတဲ့။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ လုပ်ရမှာပဲဆိုပြီး ကျီးမကို ပြန်ဆယ်ဖို့အတွက် သမုဒ္ဒရာရေတွေကိုခပ်ထုတ်ဖို့ ပြင်ကြသတဲ့။ နှုတ်သီးနဲ့ ရေအပြည့်ငုံ၊ တခြားနေရာသွား၊ ထွေးချ၊ ပြန်လာ၊ ပြန်ငုံ၊ ပျံသွား၊ ပြန်ထွေး။ သမုဒ္ဒရာခန်းခြောက်စေရေး စီမံချက်ကြီးအောက်မှာ ကျီးတစ်အုပ် အာခေါင်တွေခြောက်၊ မေးတွေညောင်း၊ မျက်စိတွေနီ။ သမုဒ္ဒရာကိုပြန်ကြည့်ပြန်တော့ အရာတောင်မယွင်းဘဲဖြစ်နေရော။ မတတ်နိုင်တဲ့အဆုံးမှာတော့ “ငါတို့ကျီးမလေး ဟောဒီသမုဒ္ဒရာသူခိုးကြောင့် သေရပါပြီ”ဆိုပြီး ဝိုင်းအာကြသတဲ့။ ကျီးတွေရဲ့အဖြစ်ကို ကြည့်ပြီး မနေနိုင်တော့တဲ့ သမုဒ္ဒရာစောင့်နတ်က ခြောက်လှန့်လွှတ်လိုက်ရသတဲ့။                                           (ကကဏ္ဋကဝဂ်၊ သမုဒ္ဒကာကဇာတ်)

 

ဒီကျီးတွေထဲမှာ သမုဒ္ဒရာရေတွေကို နှုတ်သီးနဲ့ခပ်ထုတ်မယ့် အစီ အစဉ်ကတော့ ဘယ်လိုမှထိရောက်မှုမရှိနိုင်ဘူးဆိုတာကို အစောကြီး ကတည်းက  ကြိုသိနေတဲ့  ကျီးတစ်ကောင်တလေ  ပါချင်ပါမှာပါပဲ။ သိနေတဲ့ကျီးက သူ့ကျီးအုပ်ကြားမှာ သြဇာမညောင်းလို့ မပြောဝံ့တာ လည်း ဖြစ်ချင်ဖြစ်မှာပါပဲ။ ဒါမှမဟုတ် သူပြောလိုက်လို့ အများဖြစ်သလို မဖြစ်ရကောင်းလားဆိုပြီး  ဝိုင်းအာမယ့်ဒဏ်ကို မခံဝံ့လို့ ရေငုံရမယ့်  အလုပ်ကိုသာ အသာလေးကျိတ်လုပ်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပါပဲ။ ဒါမှမဟုတ် သမုဒ္ဒရာခန်းခြောက်စေရေးအစီအမံက ဘယ်လိုမှ မထိ ရောက်နိုင်ဘူးဆိုတာကို    ဘယ်ကျီးမှ    ကြိုမသိနိုင်ခဲ့ကြတာလည်း ဖြစ်ချင် ဖြစ်မှာပါပဲ။
သက်ငယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသူတွေ
သမုဒ္ဒရာရေကို ကုန်အောင်ခပ်ထုတ်ဖို့ကြိုးစားကြတဲ့ ကျီးတွေရဲ့ အဖြစ်က  ပြုံးစရာဖြစ်ပေမယ့်  လူ့လောကနယ်ပယ်မှာလည်း ထိထိ ရောက်ရောက်မဖြစ်နိုင်တာကို သိနေပါလျက်နဲ့ ငါ့ဘက်ကတော့ တာဝန် ကျေခဲ့တာပဲလေဆိုတဲ့  စတိသဘော  တာဝန်ကျေမှုကို  ပြချင်တာနဲ့ သက်ငယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသူတွေ ရှိနေတုန်းပါပဲ။ အလုပ် တစ်ခုလုပ်တဲ့အခါ ထိရောက်မှုရှိဖို့လိုပါတယ်။ တွန်းလိုက်ရင် ရွေ့သွား  ရမယ်။ ချိုးလိုက်ရင် ကျိုးသွားရမယ်။ မရွေ့မှန်းသိနေရင် ဘာကြောင့် အားအကုန်ခံပြီး တွန်းနေမလဲ။ မကျိုးမှန်းသိပြီးသားဆိုရင် ဘာ့ကြောင့် ချိုးကြည့်ဖို့ ကြိုးစားနေမလဲ။ “ငါလည်း တတ်နိုင်သလောက်တော့ တွန်းနေတာပဲ၊ မရွေ့တာတော့ ဘယ်တတ်နိုင်မလဲ”ဆိုတာမျိုးနဲ့ စစ် မရောက်ခင် မြားကုန်နေဖို့တော့ မသင့်ပါ။
ထိရောက်မှုမရှိခြင်းမှာ   အကြောင်းတရားတွေ   အများကြီးရှိပါ တယ်။ 
ပြင်းပြထက်သန်တဲ့ဆန္ဒ
အလုပ်တစ်ခုကို လုပ်တော့မယ်၊ ဦးတည်ချက်တစ်ခုဆီ အရောက် လှမ်းတော့မယ်ဆိုရင် ပြင်းပြထက်သန်တဲ့ဆန္ဒပါနေမှ ဖြစ်မှာပါ။ အထူး သဖြင့် အသင်းအပင်း၊  အဖွဲ့အစည်းလိုက်  လုပ်ကြကိုင်ကြရတဲ့အခါ မျိုးမှာ အဖွဲ့ရဲ့ဦးတည်ချက်ဆီကို အရောက်လှမ်းလိုတဲ့ဆန္ဒတွေ  အဖွဲ့ အစည်းဝင်တိုင်း၊ အသင်းဝင်တိုင်းမှာ ပြင်းပြင်းပြပြ ထက်ထက်သန်သန် ရှိနေကြရမှာပါ။ ဒီလို ပြင်းပြထက်သန်နေဖို့ဆိုတာကလည်း ကိုယ့်အဖွဲ့ အစည်းက  ဘာအဖွဲ့အစည်းလဲ၊  ဘာအတွက်  ဖွဲ့စည်းထားတာလဲ၊ ရည်မှန်းချက်က ဘာလဲ၊ ဦးတည်ချက်က ဘာလဲ၊ မူဝါဒက ဘယ်လိုလဲ၊ မူတွေကိုဖော်ဆောင်မယ့်  နည်းနာနိဿယတွေက  ဘယ်လိုတွေလဲ၊ ဒီရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကိုဖော်ဆောင်လိုက်ရင် ဘယ်လို အကျိုးတွေရမလဲ၊ ရလာတဲ့အကျိုးကို ဘယ်သူတွေခံစားရမလဲ ဆိုတာ မျိုးတွေကို ရှင်းရှင်းလင်းလင်း သိမြင်ထားဖို့ လိုမှာပါ။ သိထား မြင်ထား မှလည်း သက်ဆိုင်ရာပန်းတိုင်ကို အရောက်လှမ်းလိုတဲ့ဆန္ဒတွေ ဖြစ် ပေါ်လာမှာပါ။  ပြင်းပြထက်သန်တဲ့ဆန္ဒတွေ  မပါဘဲ  ဟိုလူခိုင်းလို့သာ လုပ်နေရတယ်၊ ဒီလူခိုင်းလို့သာလုပ်နေရတယ်ဆိုတဲ့ပုံမျိုး ခင်းနေရင် တော့ ဝေဝေဝါးဝါးတွေဖြစ်ပြီး လျှောက်ရမယ့်ခရီးက ရှည်လျားထွေပြား နေဦးမှာပါပဲ။ ထိထိရောက်ရောက်ဆိုတဲ့အနေအထားကို ရောက်နိုင်မှာ မဟုတ်သေးပါဘူး။
ဆန္ဒရှိနေရုံနဲ့လည်း မရသေးဘူး။ လုံလောက်တဲ့ ကြိုးစားအားထုတ်မှု လိုပါသေးသတဲ့။ ကျောင်းသားတွေကိုမေးကြည့်ရင်တော့ တော်တော် များများက ဂုဏ်ထူးတွေတသီကြီးနဲ့အောင်ချင်တယ်လို့သာ ဖြေကြ မှာပါပဲ။ ဒါက သူတို့ဆန္ဒ။ ဒါပေမယ့် စာကျတော့ ကြည့်သလားဆိုတော့ ဟုတ်တိပတ်တိ မကြည့်တဲ့သူက ခပ်များများ။ တော်ရိလျော်ရိနဲ့သာ စခန်းသွားတတ်ကြတာမျိုး။ 
မှန်ကန်တဲ့ဝီရိယ
ဝီရိယထားရမှာ။ ဝါယမစိုက်ရမှာ။ အစောကြီးထပြီး နောက်ကျမှ အိပ်တာမျိုးကိုသာ  မှန်ကန်တဲ့ဝီရိယလို့  မမှတ်ယူစေချင်ပါ။ လုပ်ရမယ့် အခြေအနေ  အချိန်အခါမှာ  လုပ်သင့်တာထက်မလျှော့ဘဲ  အင်ပြည့် အားပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်တာကို မှန်ကန်တဲ့ဝီရိယလို့ ပြောနိုင် မှာပါ။ အရိုးကြေကြေ၊ အရေခန်းခန်းဆိုတာမျိုးအထိ ဝီရိယစိုက်နိုင်ဖို့ ခက်ပေမယ့် ထိုက်သင့်တဲ့အနေအထားမျိုးအထိတော့ ကြိုးစား အား ထုတ်မှ  လိုရာခရီးကိုရောက်မှာပါ။  ထိထိရောက်ရောက်ဖြစ်ဖို့ဆိုရင် တော့ ပေါ့ပေါ့လျော့လျော့လောက်နဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။
ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ခုန်ဖို့လိုနေတယ်။ ကြားမှာက အလွန်အင်မတန်နက်တဲ့ ချောက်ကြီး။ ခုန်မယ်ဆိုရင်တော့ လွတ်အောင် ခုန်ပေတော့။  ဝီရိယကို  သေချာတင်းပေတော့။ သေသေချာချာ အား မစိုက်ဘဲခုန်လိုက်လို့  ချောက်ထဲပြုတ်ကျရင်တော့  အကျိုး၊ အကန်းနဲ့ အသေ တစ်ခုခုရွေးရုံ ရှိတော့တာပေါ့။  တချို့ကိစ္စတွေမှာ ဝီရိယလျှော့  လိုက်တာက သေတာထက်တောင်ဆိုးတဲ့ရလဒ်တွေ ဖြစ်သွားစေနိုင် တယ်ဆိုတာကို သတိပြုကြရမှာပါ။ 
“ကိုယ်လည်း တတ်နိုင်သလောက်တော့ လုပ်နေတာပဲ၊ မထိရောက် တာတော့ ဘယ်တတ်နိုင်မလဲ” ဆိုသူတွေဟာ ချောက်ကိုခုန်ကူးတဲ့ ဥပမာကို သတိမူသင့်ပါတယ်။ မခုန်ဝံ့ရင်၊ မခုန်နိုင်ရင် လုံးလုံးလျားလျား မခုန်ဘဲနေလိုက်တာက    သိပ်ပြဿနာမရှိပါဘူး။     ခုန်တော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီးရင် လွတ်အောင်၊ ရောက်အောင် ခုန်ပေတော့။
စိတ်ရောကိုယ်ပါ နှစ်မြှုပ်နိုင်မှ
စိတ်ပါလက်ပါလုပ်ဖို့လည်း   လိုသေးသတဲ့။   ကြည့်လိုက်တာနဲ့ အသိသာကြီးပါ။ စိတ်မပါလက်မပါ လုပ်နေသလား၊ တကယ့်ကို ထဲထဲ ဝင်ဝင် စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး လုပ်ကိုင်နေသလား။ ကိုယ်ဆောင် ရွက်ရမယ့်အလုပ်ရဲ့ ကြီးမားလေးနက်မှု အတိမ်အနက်အပေါ် မူတည်ပြီး စိတ်ကို သေသေချာချာနှစ်ထားဖို့ လိုပါတယ်။ စားလည်းဒီစိတ်၊ သွား လည်းဒီစိတ်ဆိုတာမျိုးနဲ့    အာရုံစိုက်ထားမှ   ဘယ်နေရာမှာ   ဘယ်လို လေး ပြုပြင်လိုက်ရင် ကောင်းမလဲ၊ ဘယ်ဟာလေးတော့ ဘယ်လိုလေး ဖြည့်စွက်လိုက်ရင် ပိုပြီးအဆင်ပြေမယ်ဆိုတဲ့ အကြံဉာဏ်မျိုး ထွက်လာ တတ်တာပါ။ လုပ်တော့လုပ်နေတယ်၊ စိတ်က မပါ့တပါဆိုရင် အောင်မြင်မှု ဆီကို ရောက်ဖို့ကလည်း  မရေမရာဖြစ်နေမှာပါပဲ။ အလုပ်ထဲမှာ စိတ် တော့  နှစ်ထားတာပဲဆိုပြီး  လက်တွေ့မှာ  စိတ်က  ဟိုရောက်လိုက် ဒီရောက်လိုက်၊ ဒီဟာလေးလုပ်မယ်ဆိုတော့ ဟိုအကြောင်းတွေးမိလိုက်၊ ဟိုဟာလေးလုပ်မယ်ဆိုပြန်တော့ နောက်တစ်ခုအကြောင်းတွေးမိလိုက် နဲ့ ဂနာမငြိမ်ဖြစ်နေရင်၊ အာရုံစူးစိုက်မှုမကောင်းရင်လည်း အဆင်ပြေ မှာမဟုတ်ပါဘူး။ ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်သေးပါဘူး။ တစ်ချောင်းတည်းသောစိတ်၊  သန့်စင်တဲ့စိတ်၊  မဝေဝါးတဲ့စိတ်၊  နှစ် ထားတဲ့စိတ် လိုပါတယ်။ 
ပညာ
အရေးအကြီးဆုံးကတော့ ပညာပါတဲ့။ ပညာမပါရင် ဦးတည်ချက် လည်း ကောင်းကောင်းချခဲ့နိုင်မှာ မဟုတ်ပါဘူး။ ဦးတည်ချက်ကို ဖော် ဆောင်မယ့် နည်းနာနိဿယတွေကိုလည်း ကောင်းကောင်း သတ်မှတ် နိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင် သွားရတဲ့ခရီးကလည်း ကောင်းကောင်း တွင်တော့မှာမဟုတ်ပါဘူး။ သမုဒ္ဒကာကဇာတ်လာ ကျီးတွေကို ကြည့် လိုက်ရင်  ကျီးမကိုကယ်လိုတဲ့ဆန္ဒလည်း  ရှိတယ်၊  သမုဒ္ဒရာရေခန်း အောင် နှုတ်သီးနဲ့ ရေခပ်ထုတ်မှုဆိုတဲ့ ကြိုးစားအားထုတ်မှုလည်းရှိ တယ်၊ ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားတဲ့စိတ်လည်း ရှိကြတယ်။ မရှိ တာက ဉာဏ်ပညာပဲ။ မဟာသမုဒ္ဒရာထဲကရေတွေကို နှုတ်သီးတွေနဲ့ ခပ်ထုတ်လိုက်ရင် ကုန်သွားနိုင်မလား၊ အချည်းနှီးဖြစ်မလားဆိုတာကို ခွဲခြားနိုင်တဲ့ဉာဏ်ပညာ မရှိဘူး။ ဒီအတွက် သူတို့ကြိုးစားမှုက သဲထဲ ရေသွန် ဖြစ်သွားရတာ။
ပန်းချီကားတစ်ချပ် ဆွဲမယ်ဆိုရင်တော့ ပန်းချီပညာ၊ ပန်းပုရုပ် တစ်ခုထုတော့ ပန်းပုပညာ၊ ရွှေထည်တစ်ခုဖန်တီးတော့ ပန်းထိမ်ပညာ၊ ဘာအလုပ်ပဲဖြစ်ဖြစ် သူ့ပညာနဲ့သူ လိုနေမှာပါပဲ။ ပန်းချီကားတစ်ချပ် ဖန်တီးချင်တယ်၊  ပန်းချီပညာ  မတတ်ဘူး၊  ဝါသနာတော့ပါတယ်။ ဒါဆိုရင်   နီးစပ်ပါသေးတယ်။   လေ့လာရမှာပေါ့။    ပန်းချီပညာရှင် တစ်ယောက်ဆီ ချဉ်းကပ်ပြီး လေ့လာဆည်းပူးရမှာပေါ့။ လေ့ကျင့်ရင်း၊ သင်ယူရင်းနဲ့   တဖြည်းဖြည်းတော့   ကိုယ်မျှော်လင့်ထားတဲ့အတိုင်း လက်ရာမြောက်ပန်းချီကားတွေ ရေးနိုင်မှာပေါ့။
ပညာလိုအပ်ချက်ရှိနေသရွေ့ ဦးတည်ရာလမ်းကြောင်းကိုလျှောက် လှမ်းရာမှာ လုပ်နည်းလုပ်ဟန်တွေ လွဲနေဦးမယ်၊ လုပ်နည်းလုပ်ဟန် တွေ လွဲနေသရွေ့ ပန်းတိုင်နဲ့ ကြာလေဝေးလေ ဖြစ်နေဦးမယ်။
အချိန်ကာလ
တစ်ခုရှိတာက အချိန်ကာလပါ။ ဘယ်ပညာမဆို လေ့လာသင်ယူ လို့ရတာမှန်ပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်ရဲ့ အလျင်စလိုရှိမှု၊ မရှိမှု အပေါ်မူတည်ပြီး ကိုယ်ကိုယ်တိုင် ထလုပ်ရမလား၊ ကျွမ်းကျင်သူတစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို လွှဲအပ်ပြီး ဆောင်ရွက်ရမလားဆိုတာကို ဆုံးဖြတ်ရမှာပါ။ ကိုယ့်ရှေ့ကလူကို မြွေကကိုက်လိုက်ပြီ၊ အဆိပ်ပြင်းတဲ့ မြွေဆိုတာလည်း မြင်တာနဲ့သိပြီ။ အကိုက်ခံရတာက ကိုယ့်လူဆိုပါ တော့။  ကိုယ့်လူကို ကိုယ်တိုင်ကိုယ်ကျပဲ ကယ်တင်ချင်တယ်၊ သူများ ကယ်တင်ပေးတာ ကုသပေးတာ လက်မခံချင်ဘူးဆိုပြီး ဆေးပညာကို အခုချက်ချင်း ကောက်ကာငင်ကာထသင်နေလို့ မဖြစ်နိုင်ပါဘူး။ ကိုယ်က စလုံးရေစ ရှိသေး၊ ကိုယ့်လူက အသက်ထွက်သွားနိုင်ပါတယ်။
သူ့နေရာနဲ့သူ    
ဒါ့ကြောင့်  ဘယ်ပညာမဆို  သင်ရင်တတ်ပါတယ်ဆိုတဲ့စိတ်နဲ့ အရာရာကို ကိုယ်တိုင်သာဆောင်ရွက်ချင်တယ်ဆိုပြီး ‘ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင်’ လုပ်မယ့် အကြံမျိုးက နေရာတော်တော်များများနဲ့ မသင့်လျော်တာကို သတိချပ်ကြရမှာပါ။ သူ့ကဏ္ဍနဲ့ သူ၊ သူ့ အတတ် ပညာနဲ့သူ သပ်သပ်ရှိနေကြတယ်ဆိုတာကို အသိအမှတ်ပြုကြရမှာပါ။ သူ့ကဏ္ဍနဲ့သူ၊   သူ့နေရာနဲ့သူ   ရှေ့တန်းတင်ပေးလိုက်ရင်   ပြဿနာ အတော်များများကို သိပ်အခက်အခဲမရှိဘဲ ထိထိရောက်ရောက် ဖြေရှင်း နိုင်ပါတယ်။ 
ပညာရပ်နယ်ပယ်အလိုက်  သက်ဆိုင်ရာပညာရှင်တွေကို နေရာ ပေးတယ်။  ပညာရှင်က ပညာပြနေတာနဲ့ပဲ  လိုရာခရီးကို  မရောက် တော့ဘူးဆိုတာမျိုးလည်း ဖြစ်တတ်ပါသတဲ့။ ဒါဆိုရင် ပညာအစစ်အမှန် မဟုတ်လို့ပါတဲ့။  ဝီမံသဆိုတဲ့  ပညာမျိုးဆိုရင်  ပညာကြောင့်  အစွန်း ရောက်ပြီး ဆိုးကျိုးထွက်လာတာမျိုး မဖြစ်နိုင်ပါဘူးတဲ့။ ပညာကြီးလေ ပိုကောင်းလေ၊ ပိုအကျိုးများလေပါပဲတဲ့။ ကိုယ့်ကိုယ်ကိုယ် ပညာရှင် ပါလို့   ခံယူထားရင်လည်း   ကိုယ့်ပညာကိုအကြောင်းပြုပြီး  ဘယ်သူ တွေကို အခက်တွေ့အောင် ပညာပြနေမိပြီလဲဆိုတာကို သတိကျပ်ကျပ်  ပြုပြီး ကိုယ့်ပညာ မွန်မြတ်သန့်စင်ရေးအတွက် ကိုယ့်စိတ်ကိုယ် ဆေး ကြောသန့်စင်ကြရမှာပါ။ 
ဆန္ဒရှိတော့ရှိတယ်။  တော်ရုံတန်ရုံနဲ့တော့  ထိရောက်မှာ မဟုတ် ပါဘူး။ ဝီရိယ ရှိတော့ရှိတယ်။ တော်ရုံတန်ရုံနဲ့တော့ ထိရောက်မှာ မဟုတ်ပါဘူး။ စိတ်တော့ပါတယ်။ တော်ရုံတန်ရုံနဲ့တော့ ထိရောက်မှာ မဟုတ်ပါဘူး။ ပညာရှိတော့ရှိတယ်။ သာမန်ကာလျှံကာအသိမျိုးနဲ့တော့ ထိရောက်မှာ မဟုတ်ပါဘူး။ 
အဖန်ဖန်အထပ်ထပ် သုံးသပ်နိုင်မှ
ပန်းတိုင်ဆီကိုတော့  ချီတက်နေကြတယ်။  ကိုယ်ချီတက်နေတဲ့ ပန်းတိုင်ဆီ၊ ဒါမှမဟုတ် ကိုယ့်အဖွဲ့အစည်းချီတက်နေတဲ့ ပန်းတိုင်ဆီကို ရောက်ဖို့ အတော်နီးလာပြီလား၊ အဝေးကြီးကျန်သေးသလားဆိုတာကို အခါအားလျော်စွာ ဆန်းစစ်သုံးသပ်မှုတွေ ပြုနေရမှာပါ။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့ စိတ်မျိုးနဲ့ ခရုသွား သွားနေရင်တော့ ပုဂံက ဘယ်မှမပြေးပေမယ့် ပုဂံမရောက်ခင် ကိုယ်က အနိစ္စသဘောဆိုက်သွား နိုင်ခြေရှိနေတာကိုလည်း သတိပြုရမှာပါ။ ပုဂံဆီကို သွားနေတာတော့ မှန်တယ်။ ဒါပေမယ့် ပုဂံကို အချိန်မီရောက်ဖို့ လိုသေးတယ်လေ။
ကိုယ်တစ်ယောက်တည်းသွားရတဲ့ခရီးမျိုးကို   နှင်နေရသူလား။ ဒါဆိုရင်လည်း  ကိုယ့်မှာ  ဆန္ဒ၊  ဝီရိယ၊  စိတ္တ၊  ဝီမံသ၊  ဒီ အဓိပတိ လေးပါးထဲက ဘယ်အရာတွေက ဘယ်အတိုင်းအတာအထိ ရှိနေပြီလဲ ဆိုတာကို အဖန်ဖန်အထပ်ထပ် သုံးသပ်ဆင်ခြင်ပြီး လိုအပ်တာတွေကို ပြုပြင်ရမှာပါ။  ဖြည့်စွက်ရမှာပါ။ အဖွဲ့အစည်းနဲ့နှင်ရတဲ့ခရီးရှည်မျိုး ဆိုရင်တော့ ပိုပြီး သတိထားရမှာပါ။ ဘယ်နေရာမှာ ဘာတွေလိုနေသလဲ၊ ဘယ်လိုပြန်ဖြည့်ရင်ကောင်းမလဲ။
တွန်းလိုက်တယ်၊ ရွေ့ရဲ့လား။  မြားတွေပစ်လိုက်တယ်၊ ပစ်မှတ်ကို ထိမှန်ရဲ့လား။ သွားနေတယ်၊ ရောက်ရဲ့လား။ ရောက်ဖို့ အတော်နီးလာ ပြီလား။ ဝေလေလေ ဖြစ်နေတုန်းပဲလား။ အဖန်ဖန်အထပ်ထပ် သုံးသပ် နိုင်မှ တန်ကာကျတာမျိုးပါ။ အကြောင်းတွေကို ပေါ့ပေါ့လျော့လျော့ ဖန်တီးနေရင် အကျိုးတွေက ဆိုးဆိုးရွားရွား ဖြစ်လာတတ်ပါတယ်။ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ ဒီလေးဖြာပြည့်စုံနိုင်ပါမှ။
ရွေ့အောင်တွန်းနိုင်ကြပါစေ။ ရောက်အောင်သွားနိုင်ကြပါစေ။ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြပါစေ။      ။