
ဗန်ကောက် နိုဝင်ဘာ ၉
ထိုင်းနိုင်ငံသည် လုပ်သားပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန် အလို့ငှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ အလုပ်သမားများအတွက် နယ်စပ်ဒေသများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြား သည်။
ထို့ပြင် ရွှေ့ပြောင်းလုပ်သားများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ စည်းမျဉ်းများနှင့်
သီးသန့်ခွဲထားစောင့်ကြည့်မှုခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၁၀ ရက်တွင် ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ချိုတီကာဆာသီယန်က ပြောကြားသည်။
အစားအသောက်နှင့် ရော်ဘာထုတ်လုပ်ခြင်းကဲ့သို့သော ထိုင်းနိုင်ငံ၏ အဓိကအရေးပါသည့် ပို့ကုန်လုပ်ငန်းများသည် ရွှေ့ပြောင်းလုပ်သားများအပေါ်တွင် အလွန်အမင်း မှီခိုနေရ ကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံခြားသားအလုပ်သမား ၄၂၀၀၀၀ လိုအပ်လျက်ရှိကြောင်း ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ချိုတီကာဆာသီယန်က ခန့်မှန်းပြောကြားသည်။
အလုပ်သမားလိုအပ်ချက် အများဆုံးလုပ်ငန်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပင်လယ်စာလုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။ အလုပ်သမားအများစုသည် ထိုင်းနိုင်ငံ ၌ ယခုနှစ်အစောပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရချိန်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာ သွားခဲ့ကြပြီး လက်ရှိအချိန်အထိ ပြန်လည်လာရောက်ခြင်း မရှိသေးကြောင်းသိရသည်။
ထိုင်းနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း နှစ်သန်းနီးပါးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၉၇၆၄ ဦး ရှိကြောင်း သိရသည်။
ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်