
ဗန်ကောက် ဒီဇင်ဘာ ၃၀
ထိုင်းနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၇၃၉ ဦးရှိလာကြောင်း သိရသည်။ ၎င်းတို့အနက် ၄၈၈ ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၂၅၁ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများအပြင် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကိုလည်း တွေ့ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဆူပါကစ်ဆီရီလက်က ပြောကြားသည်။ အဆိုပါ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် အများစုမှာ ကာလာစင်ပြည်နယ်၌ တွေ့ရှိရသော လူအစုလိုက် အပြုံလိုက် ကူးစက်မှုများမှတစ်ဆင့် ကူးစက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန် နိုင်ငံအတွင်းရှိ ပြည်နယ် ၃၃ ခု၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကို တွေ့ရှိရပြီး ဗန်ကောက်၊ ကာလာစင်နှင့် ဖူးခက် စသောဒေသများမှ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများသည် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ၏ ၆၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများဖြစ်သော နှာခေါင်းစည်းဝတ်ဆင် ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်နှင့် လက်မကြာခဏဆေးကြောရန်တို့ကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။ နိုင်ငံအတွင်း အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် လုပ်သားများကို မိမိနေအိမ်မှ အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ကြားရေးတွင် အွန်လိုင်းစနစ်ဖြင့် သင်ကြားရန် တာဝန် ရှိသူများက ညွှန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ